တရုတ်-မြန်မာနယ်စပ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ခုတည်းသောလက်ကျန် ကုန်သွယ်မှုပြုလုပ်ရာ ချင်းရွှေဟော် မိန်းတိန်ဂိတ်အား အောက်တိုဘာ ၆ ရက်မှစတင်ကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်များမှလွဲ၍ ကျန်ကုန်ပစ္စည်းများ တင်သွင်းမှု ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။
“အခုလောလောဆယ် တရုတ်က မြန်မာပြည်ရဲ့ကုန်တွေကို ဝင်ခွင့်ပိတ်ထားပြီးတော့ သူတို့ရဲ့ကုန်တွေကိုတော့ ထွက်ခွင့်ပေးထားတယ်။ မနေ့က ညွှန်မှူးက အစည်းအဝေးခေါ်တယ်။ ရုံးချုပ်က အကြောင်းကြားလာတဲ့ အတွက်ကြောင့် ၆ ရက်ကစပြီး ချင်းရွှေဟော်ဂိတ်ကို ပိတ်လိုက်တော့မယ်လို့ဆိုတယ်။ ကုန်စုံတို့ စားသောက်ကုန်တို့ ထွက်ခွင့်မပေးတော့ဘဲနဲ့ ကျန်းမာရေးပစ္စည်းတစ်မျိုးပဲ ထွက်ခွင့်ပေးတော့မယ်ဆိုပြီးတော့ စာထွက်လာတယ်။ ဒါကြောင့် ဒီနေ့အနေအထားကတော့ မြန်မာပြည်ကို ရောက်ပြီးသားကားတွေ ဂျူတီအမြန်ဆုံးရဖို့အတွက် ဒီနေ့ထွက်ခွာခွင့်ရဖို့အတွက် ကြိုးစားနေကြတယ်။ မနက်ဖြန်ကစပြီး ကုန်စုံကားတွေ ထွက်ခွင့်မပေးတော့ဘူး။ ဒီနေ့နောက်ဆုံးထွက်ရမှာဆိုတော့ တက်သုတ်ရိုက်ပြီး လုပ်နေကြရတာ” ဟု ချင်းရွှေဟော်ရှိ ကုန်သည်ကိုထွန်းကျော်က ပြောကြားသည်။
ယခုနှစ်ဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါအကြောင်းပြချက်ဖြင့် မြန်မာ- တရုတ် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်စည်များကို တင်သွင်းခွင့်မပြုတာကြောင့် ကုန်သွယ်ရေးမညီမျှမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံက လိုအပ်ချက်အများကြီးရှိနေတယ်။ နားကြားထိုးတံ သွားကြားထိုးတံကအစ အကုန်လုံးလိုအပ်ချက်က ရှိနေတယ်။ တရုတ်နိုင်ငံကပစ္စည်း မြန်မာနိုင်ငံထဲ မဝင်လာရင် စျေးကြီးတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံထဲကပစ္စည်းကိုပဲ သူပို့ချင်သလိုပို့တယ်။ ကျွန်တော်တို့ နိုင်ငံထဲက ပစ္စည်းကျတော့ တစ်ခုမှမယူဘူး။ ကြာတော့ ကုန်သွယ်ရေးမညီမျှမှုတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ကပဲ ပိုက်ဆံစိုက်ထုတ်ပြီး သွားဝယ်နေရတယ်။ ကျွန်တော်တို့ ဘာပိုက်ဆံမှ မရတော့ဘူး။ အဲဒီမှာငွေစျေးတွေ ကျလာတယ်။ ကျင်ဆန်းကျော့ဘက်က ဘီယာဖာတွေ ပန်းသီဖာတွေထွက်တယ်။ ကျင်ဆန်းဘက်ကကျတော့ အော်တဲ့သူများတာရယ် ထင်သာမြင်သာရှိနေတာရယ်ကြောင့် ခိုးပြီးထွက်နေတယ်။ ချင်းရွှေဟော်ဘက်ကကျတော့ နည်းနည်းချောင်တယ်။ မူဆယ်ဘက်လောက်မကျပ်ဘူး။ ရွှေလီတို့မှာ ပိတ်မိနေတဲ့ပစ္စည်းတွေတောင် ချင်းရွှေဟော်ဘက်ကပတ်ပြီး မြန်မာပြည်ထဲ ဝင်နေတာ။ကျွန်တော်တို့ မြင်တာကတော့ ကားပါမစ်ပိတ်သလိုပဲ နိုင်ငံခြားငွေလိုက်ပြီး ထိန်းတဲ့သဘောထင်တယ်” ဟု ကုန်သည်ကိုဘိုဘိုက ပြောကြားသည်။
ချင်းရွှေဟော်ဂိတ်မှ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဒေသထွက်လယ်ယာ ထွက်ကုန်ပစ္စည်းများသာ တင်သွင်းခွင့် ပြုလုပ်လျက်ရှိပြီး တရုတ်ဘက်က နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) ဂိတ်သစ်ကို ဖွင့်လှစ်နိုင်ရန် ရန်လုံကျိုးင်းတံတားကို ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းကာလအတွင်း BP-125 အနီး၌ ယာယီဂိတ်ပေါက်အဖြစ် ဆောင်ရွက်ရန် ဇွန်လတတိယပတ်က စီစဉ်နေသည်။
“တရုတ်ဘက်ကနေ နောက်ထပ်ဂိတ်တစ်ခုဖွင့်ပေးဖို့ တောင်းဆိုနေတာ။ ဒါပေမဲ့ ဒီဘက်က ကုန်သည်တွေ အားလုံးကရှိပြီးသားဂိတ် ချင်းရွှေဟော်ဂိတ်ကိုပဲ အဆင်ပြေအောင် လုပ်စေချင်တယ်။ နောက်ထပ်ဂိတ်ဖွင့်ရင်လည်း ကုန်သည်တွေဘက်ကလည်း အဆင်မပြေတာတွေ ရှိနေတယ်” ဟု ချင်းရွှေဟော်ရှိ ကုန်သွယ်လုပ်ငန်းရှင် ကိုထွန်းကျော်က ပြောကြားသည်။
ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် စက်တင်ဘာ ၁၇ ရက်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၃၂၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၀၁၇ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၃၃၉ သန်းရှိကြောင်း သိရသည်။















