မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွက်နှစ်ဘက် အသေးစိတ်ညှိနှိုင်းနေကြောင်းသိရသည်။
နေပြည်တော်တွင် စက်တင်ဘာ ၃၀ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံနှင့်ပတ်သက်၍ ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက်ငါးချက်ကို မိမိနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ ပြည်တွင်းတည်ဆဲဥပဒေနှင့်အညီ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခွင့်ပေးရန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်လိုမှုကို မြန်မာနိုင်ငံက ကြိုဆိုထားပြီးသားဖြစ်တယ်။ ခရီးစဉ်အသေးစိတ်ကို ကျွန်တော်တို့ နှစ်ဘက်ညှိနှိုင်းလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အာဆီယံ သဘောတူချက်ငါးချက်အနက် ပထမအချက်ဖြစ်သည့် ပြင်းထန်သည့် လုပ်ဆောင်မှုဖြစ်သော အကြမ်းဖမ်းမှုများကို ရပ်တန့်ပြီး အခြေအနေများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆန္ဒပြမှုများဖြစ်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးအင်အားအသုံးပြုပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုထိလည်း ဒီအတိုင်းဆောင်ရွက်လျှက် ရှိတယ်။ အာဆီယံ သဘောတူညီချက်ငါးချက် ထွက်ပေါ်ပြီး ဧပြီလနောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေလျော့ကျသွားပြီးတော့ အဲဒီအပေါ်မှာ ထိန်းသိမ်းမှုနဲ့ အင်အားအသုံးပြုမှုတွေ လျော့ကျသွားတာရှိပါတယ်။ ဒါပေမယ့်လို့ လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်ရွာတိုင်းမှာ တရားဥပဒေ စိုးမိုးရေးပျက်ပြားအောင် NUG အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်လျက်ရှိတယ်။ ဒီလ ၇ ရက်နေ့မှာဆိုရင် နောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်အဖွဲ့များက လှုံ့ဆော်မှုတွေ တိုးမြှင့်လုပ်ဆောင်လျက် ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးရေးမှ အချို့အကူအညီများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကူညီများကို သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏အကျပ်အတည်းကို ကူညီဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်စေလွှတ်ရေး အပါအဝင် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ယခုနှစ်ဧပြီက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များအကြား သဘောတူညီခဲ့သော်လည်း သြဂုတ် ၄ ရက်မှသာ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်း၏လုပ်ပိုင်ခွင့် တစ်စိတ်တစ်ပိုင်းအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် စေ့စပ်ဆွေးနွေးမှုများ ပေါ်ပေါက်လာအောင် တွန်းအားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း အီရီဝမ်က ပြောဆိုထားသည်။
သို့သော် ၎င်းအနေဖြင့် အဓိကဦးစားပေး လုပ်ဆောင်မည်မှာ COVID-19 ရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ပြည်သူများအကြား အစားအစာရှားပါးမှု မြင့်တက်လာခြင်းကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသို့ တတ်နိုင်သမျှ လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရန်ဖြစ်ကြောင်း ပြောဆိုထားသည်။















