အန်တိုနီယိုအတွက် ဘောလုံးဟာ ဘာသာရပ်တစ်ခု

အန်တိုနီယိုအတွက် ဘောလုံးဟာ ဘာသာရပ်တစ်ခု
Photos: AFP
Photos: AFP
Published 30 September 2021
အယ်နီညို

ရက်ဒင်း၊ ရှက်ဖီးဝင်းစ်ဒေး၊ နော်တင်ဟမ်ဖောရက်စ်တို့မှာ လူမသိ၊ သူမသိ ကျင်လည်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကျမှ လန်ဒန်ကလပ် ဝက်စ်ဟမ်းကို အန်တိုနီယို ရောက်လာခဲ့တယ်။ ဝက်စ်ဟမ်းကို ရောက်တဲ့အထိ ညာနောက်ခံလူအဖြစ် ကစားရတုန်းပဲ။ ပွဲစဉ်အများစုမှာတော့ တောင်ပံကစားသမားအဖြစ် ကစားရတယ်။ သူကိုယ်တိုင်လည်း တောင်ပံလူအဖြစ် ကစားရတာကို အနှစ်သက်ဆုံးပဲလို့ ဖွင့်ဟခဲ့ဖူးတယ်။ ဝက်စ်ဟမ်းကို ရောက်တော့ သူ့အသက် (၂၅)။ ကစားသမားဘဝရဲ့ အကောင်းဆုံးအရွယ်။ ဒါပေမဲ့ ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေရဆဲ။ ဝက်စ်ဟမ်းကစားသမားဘဝ (၆)နှစ်သက်တမ်းအတွင်း နည်းပြ(၃)ယောက်နဲ့ လက်တွဲရတယ်။ ဘီလစ်၊ ပယ်လီဂရီနီနဲ့ လက်ရှိ နည်းပြဒေးဗစ်မွိုက်စ်တို့ပါ။ သူ့အတွက် ခက်ခဲခဲ့ပုံကို အန်တိုနီယိုက "အသင်းကို မန်နေဂျာအသစ်တစ်ယောက် ရောက်လာတိုင်းမှာ ကျွန်တော် အရန်ခုံရောက်သွားတတ်တယ်။ လူစာရင်းမှာပါဖို့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြန်ကြိုးစားခဲ့ရတာချည်းပဲ။ ဒါကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး တိုက်ပွဲပါ"လို့ ပြောတယ်။ ဒေးဗစ်မွိုက်စ် ဝက်စ်ဟမ်းကို နောက်တစ်ကြိမ် ကိုင်တွယ်ချိန်က အန်တိုနီယိုအတွက်ရော၊ အသင်းအတွက်ပါ အကောင်းဆုံးတွေ ဖြစ်လာစေခဲ့တာပဲ။ လက်ရှိမှာ သူက ဝက်စ်ဟမ်းအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရှိနေပြီ။ လက်ရှိရာသီမှာလည်း ပြိုင်ပွဲစုံ (၆)ပွဲပဲ ကစားရသေးချိန်မှာ သွင်းဂိုး (၆)ဂိုး ၊ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးထားပြီး ပရီးမီးယားလိဂ်တင် မက ဥရောပထိပ်တန်းလိဂ်တွေမှာပါ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေတယ်။