ကံ၊ ကံ၏အကျိုး

ကံ၊ ကံ၏အကျိုး
Published 15 September 2021

“လတ်ဆတ်သော နို့ရည်သည် တစ်မုဟုတ်ချင်း ချဉ်သွားခြင်း မဟုတ်ဘိသကဲ့သို့ ဒုစရိုက်မှုသည် လက်ငင်း အကျိုးပေးနိုင်သည်ကားမဟုတ်။ ပြာပုံအောက်ရှိ တငွေ့ငွေ့မီးနှယ်၊ အကုသိုလ်အမှုကိုပြုသည့် မိုက်မဲသူအား လောင်မြိုက်နေသည်သာဖြစ်ချေ၏”

■ ဂေါတမဗုဒ္ဓ

‘ကံ’ ဟူသည် ပါဠိဘာသာ ‘ကမ္မ’ မှ လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင် ခြင်းနှင့် အမှုကိစ္စတို့ကိုဆိုလိုသည်။ ထို့ကြောင့် ‘ကံ၊ ကံ၏အကျိုး’ ဟူသည် ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာသုဂတိရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာဒုဂ္ဂတိဘဝ ရောက်မည်ဟုဆိုသည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့မှာလည်း တစ်ဖန်သေမည့်ဘဝကို ရအောင်ပြုလုပ်ရာရောက် နေသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံ၏အဓိပ္ပာယ်ကို လွဲမှားစွာကောက်ယူ နားလည်ကြသည်လည်းရှိသည်။ ကံကို အင်္ဂလိပ်စကားလုံး Action ဟု အဓိပ္ပာယ်ဖွင့်ပါက ပို၍နားလည်လွယ်လိမ့်မည်။ ထို့အတူ ကံ၏အကျိုးအား Re-action ဟု အနက်ဖွင့်လျှင် ပို၍ရှင်းလင်းသွားနိုင်သည်။ သို့မဟုတ်ပါက ကံကို Luck ဟု မှားယွင်းယူဆသွားနိုင်သည်။

ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသည် လူသား သို့မဟုတ် သတ္တဝါ၏ ကာယ၊ ၀ါစာ၊ ဉာဏလုပ်အားတို့ပင် ဖြစ်သည်။ အဘိဓမ္မာသဘောအရဆိုပါကလည်း ကံသည် စေတနာပင် ဖြစ်သည်။ အဆိုပါကံသည် (၁) အကျိုးစီးပွားကိုဖြစ်စေတတ်သော ကုသိုလ်ကံနှင့် (၂) အကျိုးစီးပွားကို ပျက်စီးစေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည်လည်း (၁) ကိုယ်ဖြင့် ပြုလုပ်မှု - ကာယကံ၊ (၂) နှုတ်ဖြင့် ပြောဆိုမှု - ဝစီကံနှင့် (၃) စိတ်ဖြင့် ကြံစည်မှု - မနောကံဟူ၍ သုံးမျိုးရှိသည်။ 

ကံ၊ ကံ၏အကျိုးပင်ဖြစ်၏။ ကံသည် ကာမ သို့မဟုတ် ကမ္မလေးချက်ပေါ်မူတည်သည်။ ယင်းတို့မှာ (၁) ချက်ချင်းလက်ငင်း အကျိုးပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ (၂) နောင်ဘဝမှ အကျိုးပေးသော ဥပပဇ္ဇဝေဒနီယကံ၊ (၃) ချက်ချင်းလက်ငင်း ယခုဘဝရော၊ နောင်ဘဝမှာ ပါ အကျိုးမပေးသေးဘဲ တတိယဘဝမှသည် နိဗ္ဗာန်မရသေးမီ ကြားကာလ တစ်ချိန်ချိန်တွင် အကျိုးပေးမည့် အပရာပရိယ ဝေဒနီယကံနှင့် (၄) ချက်ချင်းလက်ငင်းလည်း အကျိုးပေး ခွင့်မရဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံတစ်ခုခု၏ ချေဖျက်ခြင်းခံလိုက်ရသော အဟောသိကံ တို့ဖြစ်ကြသည်။ အဘိဓမ္မာနည်းအရ ဝီထိတစ်ခုတွင်ပါဝင်သော ဇောခုနစ် ကြိမ်အနက် ပထမဇောစိတ်ဖြင ယှဉ်သော စေတနာကံသည် ဒိဋ္ဌဓမ္မအကျိုးပေးမည်။ သတ္တမဇောစိတ်နှင့်ယှဉ်သော စေတနာကံသည် ဥပပဇ္ဇဝေဒနီယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော ငါးခုသည် အပရာပရိယဝေဒနီယ အကျိုးပေးမည်ဖြစ်သည်။ အဆိုပါကံတို့ မရင့်ကျက်နိုင်ပါက အဟောသိကံ ဖြစ်သွားမည်ဖြစ်သည်။

မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင်ပြန်လည်စီရင်နိုင်သည်။ (ဥပမာအားဖြင့် အရှင်အင်္ဂုလိမာလ၏ လူသတ်မှုအကုသိုလ်ကံများ မှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံဖြစ်သွားသည်) ကောင်းသောကံများ ရှိသော်လည်း မကောင်းသောကံအားကြီးလွန်းသည့်အခါ အကျိုးပေးခွင့်မရနိုင်ရန် တား ဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ (ဥပမာအားဖြင့် ပထမသင်္ဂါယနာ၏ ဒါယကာဘုရင် အဇာတသတ်သည် အဖကိုသတ်သည့်အကုသိုလ်ကြောင့် ဘုရားအားကြည်ညိုသည့် ပုထုဇဉ်များထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီငရဲတွင် လူနှစ် ၆၀ç၀၀၀  ခံရရှာဦးမည်ဖြစ်သည်။ သို့သော် ငရဲမှလွတ်သည့်အခါ ၀ိစိတာဝီမည်သော ပစ္စေကဗုဒ္ဓ ဖြစ်ပေလိမ့်မည်။ အရေးကြီးသည်မှာ အကုသိုလ်လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ်မှ သာ အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားမည်ဖြစ်သည်။ ကုသိုလ်ပြုလျှင် တိုးပွား အောင် အားဆင့်ပေးမှသာ ကောင်းကျိုးပေးခွင့်ရမည်ဖြစ်သည်။ သို့သော်ပြုသည့် ဒါန၊ သီလကံတို့အပေါ် လိုချင်တပ်မက်သည့်တဏှာ မကပ်ငြိရပေ။

မည်သို့ပင်ဆိုစေ၊ ‘ကံ၊ ကံ၏အကျိုး’ ဟူသည် ပြုလုပ်ကျင့်ကြံအားထုတ်ထားသော ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ဆိုလိုခြင်းဖြစ်သောကြောင့် တူသောအကျိုးပေးမည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ  ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်