မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ်ကို အမြန်ဆုံးစေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ်ကို အမြန်ဆုံးစေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် တိုက်တွန်း
Published 15 September 2021
Ref: Reuters

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို အထောက်အကူ ဖြစ်စေရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်က အာဆီယံအဖွဲ့ကြီးကို တိုက်တွန်းပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ နှစ်ပတ်လည် အွန်လိုင်း အစည်းအဝေးတွင် ၎င်းက အခုလိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် တပ်မတော်နှင့် အတိုက်အခံတို့အကြား နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရန် ရည်ရွယ်လျက် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆော့ဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လအတွင်းက ခန့်အပ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး ကိုယ်စားလှယ်က လေးလေးနက်နက် စိုးရိမ်နေပြီး အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံဆီ အမြန်ဆုံးစေလွှတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအကြား စေ့စပ်ဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးကို အထောက်အကူပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်" ဟု အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး USTR က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအဝေးအား ဘရူနိုင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး အာမင် အဗ္ဗဒူလာ နှင့်အတူ သဘာဝပတိအဖြစ် ဦးဆောင်ကျင်းပခဲ့သည့် 'ကက်သရင်းတိုင်' က သမ္မတ ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန်နှင့် အာဆီယံ အသိုက်အဝန်းအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုနှင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက် ပိုမိုခိုင်မာ အားကောင်းလာစေရေးအတွက် ကတိကဝတ် ပြုကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။

Most Read

Most Recent