ဂျာမနီလက်ရွေးစင်ကစားသမားများ စီးနင်းလာသည့် လေယာဉ် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရ

ဂျာမနီလက်ရွေးစင်ကစားသမားများ စီးနင်းလာသည့် လေယာဉ် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရ
Photo: Daily Mail
Photo: Daily Mail
Published 10 September 2021

ဂျာမနီလက်ရွေးစင်ကစားသမားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် စကော့တလန်နိုင်ငံ၊ အာဘရော့မြို့၏ (၃)မိုင်အကွာ၊ မြေပြင်အထက် အမြင့်ပေ (၂၉၀၀၀) တွင် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

လေယာဉ်သည် အမြင့်ပေ (၂၉၀၀၀)တွင် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လမ်းကြောင်းပြောင်းကာ မိနစ် (၂၀)ကြာ မောင်းနှင်ခဲ့ရပြီး စကော့တလန်နိုင်ငံ မြို့တော် အီဒင်ဘာ့ဂ်လေဆိပ်သို့ ဆင်းသက်ခဲ့ရကာ မြေပြင်သို့  ပြန်လည်ဆင်းသက်နိုင်ချိန်အထိ  အရေးပေါ်အခြေအနေဆောင်ရွက်ထားရဆဲဖြစ်ကြောင်းလည်း သိရှိရသည်။

ဂျာမနီအသင်းသည် အိုက်စလန်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဖရန့်ဖတ်မြို့သို့ ပြန်ရာတွင် စကော့တလန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းနေစဉ်အတွင်း ဒန်ဒီးမြို့နှင့် အာဘရော့မြို့တို့အကြားတွင် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

လေယာဉ်သည် သမုဒ္ဒရာကို ဖြတ်ကာ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး စကော့တလန်နိုင်ငံသို့ မရောက်မီ အချိန်အတွင်း ယင်းကဲ့သို့ ပြဿနာမျိုးဖြစ်ခဲ့ပါက အခက်အခဲများစွာရင်ဆိုင်ရပြီး လေယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ရနိုင်ခြေများနေသည်။

ယင်းလေယာဉ်တွင် ဂျာမနီအသင်းသားအားလုံး မပါဝင်သော်လည်း တီမိုဗာနာ၊ ရူဒီဂါ၊ ဂွန်ဒိုဂန်တို့အပါအဝင် အခြားကစားသမားများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

လေယာဉ်ဆင်းသက်ပြီးနောက် စိတ်ချရသည့် အခြေအနေရောက်မှ ဖရန့်ဖတ်သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်ကလည်း Twitter မှတစ်ဆင့် ဘေးကင်းလုံခြုံပြီဖြစ်ကြောင်း၊ စိုးရိမ်စရာမရှိတော့ကြောင်း ရေးသားထုတ်ပြန်ခဲ့သည်။

Most Read

Most Recent