ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ကမ္ဘာ့ဖလားပြိုင်ပွဲအား (၂)နှစ်တစ်ကြိမ်ကျင်းပမည့် ဖီဖာ၏ အဆိုပြုချက်ကို ဆန့်ကျင်ကန့်ကွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)နှစ်တစ်ကြိမ် ပုံမှန်ကျင်းပနေရာမှ (၂)နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပရန် ရည်ရွယ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း တရားဝင်အဆိုပြု၍ သဘောထားရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဖီဖာ၏ အစီအစဉ်ကို ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်နေသော အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ဦးဆောင်နေခြင်းဖြစ်ပြီး (၂)နှစ် တစ်ကြိမ်ကျင်းပရန် မည်သည့်ပြဿနာမျှ မရှိနိုင်ကြောင်းလည်း ၎င်းက ဆိုထားသည်။
ဖီဖာသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ရိုက်ခတ်မှုကြောင့် နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်များကြား ငွေကြေး ဆုံးရှုံးနစ်နာမှုများရှိခဲ့ခြင်းကို ပြန်လည်ကုစားနိုင်ရန်နှင့် အနာဂတ်တွင် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ငွေပိုမိုရရှိစေရန် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် ပြီးခဲ့သည့်မေလက ဖီဖာကွန်ဂရက်တွင် ဆန္ဒမဲ ကောက်ခံခဲ့ရာ ဖီဖာအဖွဲ့ဝင် (၁၆၆)နိုင်ငံက ထောက်ခံခဲ့ပြီး (၂၂)နိုင်ငံကသာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အာစင်ဝင်းဂါးက ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)နှစ်တစ်ကြိမ် ကျင်းပမည့်အစီအစဉ်မှာ လက်တွေ့ဖြစ်မြောက်လာမည်ဟု ယုံကြည်နေပြီး ၂၀၂၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှစ၍ အကောင်အထည်ဖော်နိုင်မည်ဟုလည်း မျှော်လင့်နေသည်။
သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နှင့် ဥရောပကလပ်အသင်းများအဖွဲ့အစည်း(ECA) တို့က ဥရောပကလပ်အသင်းပြိုင်ပွဲများကို ထိခိုက်လာနိုင်သောကြောင့် ယင်းအစီအစဉ်ကို လိုလားခြင်းမရှိသလို၊ ဥရောပကလပ်အသင်းပရိသတ်အဖွဲ့အစည်းများကလည်း ဥရောပဒေသတွင်း ပြိုင်ပွဲများကို ပျက်စီးစေမည့်အစီအစဉ်အဖြစ် ရှုမြင်နေကြသည်။
ယင်းအခြေအနေတွင် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ဖီဖာ၏ အဆိုပြုချက်ကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဆယ်ဖာရင်က ဖီဖာ၏ အစီအစဉ်မှာ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားပြုခြင်းမရှိကြောင်း၊ ဖီဖာအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် စည်းရုံးမှုတစ်ခုအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘောလုံးလောကတစ်ခုလုံးအပေါ် မည်သို့ သက်ရောက်မှုရှိနိုင်သည်ကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။