ရှရီယာဥပဒေနှင့် အာဖဂန်နစ္စတန်

ရှရီယာဥပဒေနှင့် အာဖဂန်နစ္စတန်
Photo:The National
Photo:The National
Published 6 September 2021
မိုးဧအောင်

“နေရာတကာ ဒီမိုကရေစီ လာလုပ်လို့ မရဘူး၊ ဘာလို့လဲဆိုတော့ ဒီစနစ်က ကျွန်တော်တို့ ရေခံမြေခံက ပေါ်ထွက်လာတာမှ မဟုတ်တာ။ အာဖဂန်နစ္စတန်မှာ ဘယ်နိုင်ငံရေးစနစ်မျိုး ကျင့်သုံးမယ်လို့ ကျွန်တော်တို့ ဆွေးနွေးမှာ မဟုတ်ဘူး။ ဒါလည်း ရှင်းနေတာပဲ၊ ရှရီယာဥပဒေ ရှိနှင့်ပြီးသား။”

၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်၊ တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ထိန်းချုပ်ပြီးနောက် ပြုလုပ်ခဲ့သည့် ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က ရိုက်တာသတင်းဌာနသို့ ပေးလိုက်သည့် အဖြေဖြစ်သည်။ အမျိုးသမီးများအခွင့်အရေးကို အာမခံချက်ပေးခဲ့ပြီး ‘အစ္စလာမ်မစ် ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ’ သူတို့အခွင့်အရေးကို လေးစားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ပညာသင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ပါရှိမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောခဲ့၏။

ရှရီယာ

ရှရီယာဆိုသည်မှာ အစ္စလာမ်တို့၏ ကျမ်းမြတ် ကိုရန်လာ သင်ကြားချက်များ၊ ပရောဖက် မိုဟာမက်၏ ဘဝနှင့် ဓလေ့လုပ်ဟန်များကို အတုယူခြင်း ဖြစ်၏။ ‘မှန်ကန်သောလမ်း’ သို့မဟုတ် ‘ဘုရားသခင်ထံ သွားရာလမ်း’ ဟု အဓိပ္ပာယ်ရသည်။ ရှရီယာတွင် ဘာသာရေးရော၊ လောကီရေးတွင်ပါ လိုက်နာရမည့် တာဝန်များသာမက ဤသင်ကြားချက်ကို ချိုးဖောက်ခဲ့လျှင် စီရင်ရမည့် ပြစ်ဒဏ်များလည်း ပါဝင်သည်။ ကျမ်းရင်းစာသားအပေါ် ဖွင့်ဆိုချက်တို့သည် ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန်၊ ဥပဒေဆိုင်ရာ အသုံးအနှုန်းများနှင့် သဟဇာတဖြစ်စေရန် ကျင့်သုံးရာနိုင်ငံအလိုက် တည်းဖြတ်ဖြည့်စွက်ခြင်းမျိုးရှိ၏။ ထိုသို့ ပြုလုပ်ခြင်းများကြောင့် အယူဝါဒရေးရာ တင်းမာသူနှင့် ပျော့ပြောင်းသူတို့အကြား အငြင်းပွားမှုမှာလည်း မီးခိုးမဆုံးမိုးမဆုံး ရှိနေကြဆဲ ဖြစ်ပါသည်။

ရှရီယာဥပဒေသည် ဘာသာရေးကို အခြေခံသည့်ဥပဒေဖြစ်ပြီး မူဆလင်တို့ မလွဲမသွေ လိုက်နာရမည့် ၀ိညာဉ်ပိုင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တို့ကို ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ လူသားတို့၏ ကာယကံမှုဆိုင်ရာ နေ့တစ်ဓူဝကိစ္စရပ်များအတွက် တာဝန်သက်ရောက်ခြင်း၊ သင့်လျော်ထောက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဟန့်တားခြင်းနှင့် တားမြစ်ခြင်းဟူသော အခြေခံမူ ငါးရပ် ပါဝင်သည်။

ရှရီယာ၏ အဓိကရည်မှန်းချက်ငါးရပ်မှာ ဘာသာရေးအပေါ် စွဲမြဲခိုင်မာစွာ ယုံကြည်စေရန်၊ ဘဝ၊ ဆင်ခြင်တုံတရား၊ မိသားစု၊ ပုဂ္ဂလိကနှင့် လူ့အသိုက်အဝန်း၏ ချမ်းသာကြွယ်ဝမှုတို့ ဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။

သို့သော် ရှရီယာကို လက်တွေ့ဘဝတွင်းသို့ သွတ်သွင်းဖွင့်ဆိုကြချိန်တွင် အစ္စလာမ်နိုင်ငံချင်း အတူတူပင် ဖြစ်လင့်ကစားပြဋ္ဌာန်းပုံ၊ ကျင့်သုံးပုံ၊ အပြစ်ပေးပုံ ထပ်တူမကျကြပါ။

တာလီဘန်တို့၏ ဖွင့်ဆိုချက်

အစ္စလာမ္မစ်ဥပဒေအပေါ် တာလီဘန်တို့၏ ဖွင့်ဆိုချက်မှာ ဆွန်နီအစ္စလာမ် ဥပဒေ ခံယူချက်ကို အဓိကထားသည့် ၁၉ ရာစုနှောင်းပိုင်း တည်ထောင်ခဲ့သော အိန္ဒိယနိုင်ငံမှ ဒီအိုဘန်ဒီ ဗလီကျောင်း၏ အယူအဆပေါ်တွင် အခြေပြုထား၏။ ဤကျောင်းခွဲများကို အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ့တောင်အာရှနိုင်ငံများ၌ အနှံ့အပြားတွေ့နိုင်ပြီး ‘ကျေးလက်နှင့် မျိုးနွယ်စုဆိုင်ရာ လူ့အဖွဲ့အစည်း၏ ရှင်သန်လှုပ်ရှားပုံ’ အပေါ် အတွေ့အကြုံယူထားခြင်း ဖြစ်၏။ လွတ်လပ်သော အာဖဂန် ပိုင်းခြားစိတ်ဖြာ သုံးသပ်သူ အာမက်ဝါလိဒ်ကာကာ ပြောခဲ့သလို “ ပညာရှင်တွေက အိန္ဒိယတိုက်နဲ့ အရှေ့အလယ်ပိုင်းက အစ္စလာမ်ဘာသာအပေါ် ရှုမြင်သလိုမဟုတ်ဘဲ ခေတ်နဲ့မအပ်စပ်တဲ့ တာလီဘန်တွေရဲ့ ရှရီယာလို့ အမြင်လွဲသွားတာမျိုး မဖြစ်စေဖို့၊ တာလီဘန်တွေ လက်တွေ့အသုံးချတဲ့အခါ သဘောပေါက်ထားကြဖို့ လိုလိမ့်မယ်” ဟု ဆိုခဲ့၏။

ပြုတ်ကျသွားသည့် ဂါနီအစိုးရက လိုက်နာကျင့်သုံးခဲ့သော အာဖဂန်နစ္စတန်၏ ၂၀၀၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနိဒါန်း၌ တိုင်းပြည်တွင်ပြဋ္ဌာန်းမည့် ဥပဒေများသည် အစ္စလာမ်ဘာသာအပေါ် ချိုးဖောက်ခြင်း မပြုဟု ရေးသားထား၏။ သို့သော် တာလီဘန်တို့က ‘အစ္စလာမ် အခြေခံမူများကို လစ်ဘရယ်လောက အစီအစဉ်တွင်း သွတ်သွင်းကာ အနောက်၏စိုးမိုးမှုကို အပြည့်အဝ အဆာသွတ်ထားသည့် ဥပဒေ’ ဟု ဝေဖန်ခဲ့ကြသည်။

၁၉၉၆ ခုနှစ်က တာလီဘန်တို့၏ ရှရီယာ

ရှရှီရာဥပဒေတွင် ခိုးမှု၊ လူသတ်မှုနှင့် အိမ်ထောင်ရှင်အမျိုးသမီးများ ဖောက်ပြန်မှုတို့ကို စံပြအဖြစ် နောင်ကြဉ်အောင် လူရှေ့ သူရှေ့ စွဲချက်တင်ကာ အပြစ်ပေးသည်။ ထို့ပြင် စာရိတ္တဆိုင်ရာ၊ ကိုးကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပါရှိပြီး ဥပမာဆိုရသော် မည်သို့ ဝတ်ပြုရမည်၊ ဘယ်ပုံဘယ်နည်း လက်ထပ်ထိမ်းမြား၍ မည်သို့ကွာရှင်းရမည် စသည်တို့ကိုပါ ဖော်ပြထား၏။

အမျိုးသမီးတို့ကို ယောက်ျား အစောင့်အရှောက်တစ်ယောက် မပါဘဲ အိမ်ပြင်သို့ ထွက်ခွင့်မပြုသလို၊ အလုပ်လုပ်ခွင့်ကိုပါ တားမြစ်ထားသည်။ တာလီဘန်တို့ ကြီးစိုးခဲ့ဖူးသည့် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဂီတတူရိယာများ တီးမှုတ်ဖျော်ဖြေခွင့်ကို ပိတ်ပင်ခဲ့၏။ ဆော်ဒီ အာရေဗျကို အတုယူပြီး ‘သုစရိုက်ထွန်း ကားရေးနှင့် ဒုစရိုက်တားဆီးရေး ဝန်ကြီးဌာန’ ကို တည်ထောင်ခဲ့၏။ (နောက်ပိုင်း ၂၀၀၄ အခြေခံဥပဒေအရ ‘ဟာ့ဂျ်နှင့် သာသနာရေးဝန်ကြီးဌာန’ ဟု အမည်ပြောင်းခဲ့သည်။)

ဝန်ကြီးဌာန၏ တားမြစ်ချက်များမှာ နတ်ကိုးကွယ်မှု မပြုရ။ အမေရိကန်ပုံစံ ဘိုကေ မညှပ်ရ။ သွားပုံလာပုံ၊ ပြောပုံဆိုပုံ၊ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံများ တည့်မတ်စေရန် စာရိတ္တထိန်းသိမ်းရေး ရဲအရာရှိများက ရဲကားများ မပြတ်လှည့်လည် ထိန်းသိမ်းစောင့် ကြပ်နေ၏။ တစ်ကိုယ်လုံးကို ဖုံးသည့် ဘူခါ (Burqa) မဝတ်သော အမျိုးသမီးများ၊ ဂီတ နားထောင်သောသူများကို ဖမ်းဆီး၏။ သူတို့၏ စည်းကမ်းဥပဒေကို မလိုက်နာသည့် အမျိုးသမီးများအား လူမြင်ကွင်း၌ အရှက်တကွဲဖြစ်အောင်ပြုကာ ကြိမ်ဒဏ်အပြစ်ပေး၏။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ ၁၉၉၆ ခုနှစ်အတွင်း ကဘူးမြို့မှ အမျိုးသမီးတစ်ဦးကို လက်သည်းဆိုးဆေး ဆိုးသည့်အတွက် လက်မဖြတ်ပစ်ခဲ့၏။ လင် ရှိပါလျက် ဖောက်ပြန်မိသော အိမ်ထောင်ရှင် မိန်းမများအတွက် ပြစ်ဒဏ်မှာ ကျောက်တုံး ကျောက်ခဲများဖြင့် ၀ိုင်းဝန်းပစ်ခတ်၍ အသေသတ်ခြင်းဖြစ်၏။

၂၀၂၁ မှာ တကယ်ပြောင်းမည်လား

တာလီဘန်တို့၏ ဒိုဟာအခြေစိုက် နိုင်ငံရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးလ်ရှဟင်းက “မကြာခင်ရက်ပိုင်းအတွင်း အစ္စလာမ်ရဲ့ အလင်းရောင်အောက်မှာ တရားဥပဒေနဲ့ ဘာသာရေးဆိုင်ရာ ပညာရှင်တွေနဲ့ အလုပ်တူတူ လုပ်ရင်း ကျွန်တော်တို့ အဖြေရှာသွားမှာပါ။ စနစ်တစ်ခုလုံး နေသားကျတဲ့ အထိတော့ စောင့်ကြည့်ပေးပါ။ အမျိုးသမီးတွေအတွက် အစ္စလာမ့်ထုံးတမ်းနဲ့အညီ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ ရလာကြမှာပါ” ဟု အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောခဲ့၏။

ကိန်းဘရစ်တက္ကသိုလ်၊ အစ္စလာမ် လေ့လာရေးစင်တာမှ အိပ်ချ်အေ ဟယ်လီယာကမူ ဤသို့ လိုသလို ကောက်ယူနိုင်သော ပြောဆိုချက်ကို ရှင်းလင်းစွာသိမြင်ရန် အချိန်ယူရမည်ဖြစ်ကြောင်းနှင့် “ မေးစရာတွေက အများကြီး။ တာလီဘန်တွေက အာဖဂန်နစ္စတန်မှာ ရှရီယာကို သုံးမှာလား၊ အစ္စလာမ် ဥပဒေကို သုံးမှာလား။ ခုချိန်ထိ သူတို့ ပြောပုံ ရှင်းရှင်းလင်းလင်း မရှိလှသေးဘူး” ဟု မှတ်ချက်ပြုခဲ့သည်။

နိုင်ငံတကာမှ လေ့လာသူများအနေနှင့်လည်း တာလီဘန်ခေါင်းဆောင်တို့၏ လက်ရှိပြုမူ ဆောင်ရွက်နေပုံ သဲလွန်စများမှတစ်ဆင့် အမျိုးသမီးတို့အပေါ် သူတို့၏ အရေးယူဆောင်ရွက်ပုံ ပြောင်း၊ မပြောင်းကို အကဲခတ်နေကြသည်။

အာဏာရယူပြီး နောက်သီတင်းပတ်အတွင်း တာလီဘန်ထိပ်တန်းခေါင်းဆောင်တစ်ဦးက အာဖဂန်၏ အထင်ရှားဆုံးသတင်းဌာနဖြစ်သည့် တိုလိုရုပ်သံ စတူရီယို၌ အမျိုးသမီး ရုပ်သံသတင်းသမားနှင့် တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ပြသခဲ့သည်။ ဤအပြသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကျယ်ပြန့်သည့် ပြောင်းလဲမှု စတင်ဖြစ်ပေါ်နေကြောင်း ကမ္ဘာကြီးထံ သတင်းပါးလိုက်၏။

နာရီပိုင်းမျှ မကြာမီ အစိုးရရုပ်သံသတင်းဌာန၏ သတင်းတင်ဆက်သူ အမျိုးသမီးက တာလီဘန်တို့သည် သူ့ကို အထပ်ထပ်စစ်ဆေးခဲ့ပြီး အမျိုးသမီးများ အလုပ်ဆက်လုပ်ခွင့်ရရန် မသေချာကြောင်း ထုတ်လွှင့်ခဲ့ပြန်၏။

တာလီဘန်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားခွင့် ပေးမည်ဟု ပြောဆိုနေသည့် တစ်ပြိုင်နက်မှာပင် အခြားအရာရှိတစ်ယောက်က အတိတ်၏ အရိပ်ဆိုးများ ပျောက်ပျက်စေခြင်းငှာ အစိုးရအဖွဲ့အတွင်း အမျိုးသမီးများ ပါဝင်စေသင့်ကြောင်း ဆိုလာပြန်ပါသည်။

သို့သော် ကဘူး၏ ပြင်ပတွင်ကား အမျိုးသမီးအချို့ ယောက်ျားအစောင့်မပါဘဲ အိမ်အပြင် မထွက်ရန်နှင့် တက္ကသိုလ် ပရဝုဏ်အတွင်း အမျိုးသမီးတစ်ယောက်မှ ဝင်ရောက်ခြင်းမပြုရန် တာလီဘန်တို့က တားဆီးကြောင်း ပြောပြခဲ့ကြသည်။ အမျိုးသမီး ဆေးခန်းများနှင့် မိန်းကလေးကျောင်းများကိုပါ တာလီဘန်တို့က ပိတ်ထား၏။

အာဖဂန်နစ္စတန်၏ အမျိုးသမီးရေးရာ ဒုဝန်ကြီးဟောင်း ဟိုစနာ ဂျလေးကမူ တာလီဘန်တို့ ပြောင်းလဲအကောင်အထည်ဖော်မည့် ရှရီယာအပေါ် အယုံအကြည်မရှိလှကြောင်း ဂျာမန်သတင်းကွန်ရက်တစ်ခုသို့ ပြောခဲ့၏။ “ သူတို့ပြောတဲ့ ရှရီယာဥပဒေဆိုတာ ပညာရေး ရပ်၊ ကျန်းမာရေး မရှိ၊ တရား ဥပဒေမဲ့၊ နေစရာ ဝေလာဝေး၊ စားနပ်ရိက္ခာပြတ်၊ ဘာဆိုဘာမှ မရှိ၊ နတ္ထိပဲ” ဟု ဂျလေးက ဆိုပါသည်။

အိပ်ဆက်တာတက္ကသိုလ်၊ မဟာဗျူဟာနှင့် လုံခြုံရေး အင်စတီကျုမှ သုတေသီ တယ်လဟာ အဗ္ဗဒူရာဇက်ကတော့ တာလီဘန်တို့၏ ဥပဒေရေးရာ အတွေးအမြင်သည် သူတို့၏ ဘဝအတွေ့အကြုံနှင့် မိမိရရ ဆက်စပ်နေကြောင်းနှင့် အတိတ်က ‘တိုက်ပြီးရင်း တိုက်’ ကာ ကျရှုံးခဲ့ဖူးကြောင်း ထောက်ပြရင်း ဤသို့ မှတ်ချက်ပေးပါသည်။

“ ပထမတစ်ကြိမ် သူတို့ရဲ့စော်ဘွားနိုင်ငံတော်တုန်းက အမှားတွေ လုပ်ခဲ့ဖူးပြီ။ ဒီအတွက် သူတို့ သင်ခန်းစာ ယူတတ်လား၊ မယူတတ်ဘူးလား ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။”