ပေါ်တူဂီလက်ရွေးစင်အသင်း ခေါင်းဆောင် စီရော်နယ်လ်ဒိုက သမိုင်းတစ်လျှောက် နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် ဂုဏ်ပြုခံရသဖြင့် ကျေးဇူးတင်ကြောင်းနှင့် ဂိုးများပိုမိုသွင်းယူ နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် စက်တင် ဘာ ၁ ရက်က အိုင်ယာလန်အသင်း နှင့် ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး နောက် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် ပေါ်တူဂီအသင်း က နောက်မှလိုက်ကစားပြီးနောက် အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ စီရော်နယ်လ်ဒိုသည် ဒုတိယပိုင်း ၈၆ မိနစ်တွင် ချေပဂိုးနှင့် ပွဲပြီးခါနီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ် (၉၀+၆ မိနစ်) တွင် အနိုင်ဂိုးတို့ကို ခေါင်းတိုက်၍ သွင်းယူပေးခဲ့သည်။
ယင်းပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သော ကြောင့် စီရော်နယ်လ်ဒို၏ နိုင်ငံ တကာသွင်းဂိုးစုစုပေါင်းမှာ ၁၁၁ ဂိုး ရှိလာပြီး အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ၏ ၁၀၉ ဂိုးစံချိန်ကို နှစ်ဂိုး အသာဖြင့်ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းပြုစု ရေးအဖွဲ့က စီရော်နယ်လ်ဒိုအား နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် အသိအမှတ်ပြုသည့် ဂုဏ်ပြုကတ်ပြားကို သောကြာနေ့ တွင် ပေးအပ်ခဲ့သည်။
ဂုဏ်ပြုမှတ်တမ်း လက်ခံရယူ ပြီးနောက် စီရော်နယ်လ်ဒိုက "ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့စံချိန်ချိုးသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတာ အမြဲတမ်းကောင်းပါတယ်။ ဒီကိန်းဂဏန်း (သွင်းဂိုး) တွေကို ပိုပြီး မြင့်မားလာအောင် ကြိုးစားထိန်းသိမ်းသွားမှာပါ" ဟု စီရော်နယ်လ်ဒို က Instagram မှတစ်ဆင့် ပြောကြားခဲ့သည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် နိုင်ငံတကာပွဲ စုစုပေါင်း ၁၈၀ ကစားပြီးချိန်တွင် ၁၁၁ ဂိုး သွင်းယူထားနိုင်ပြီး တစ်ပွဲ ပျမ်းမျှဂိုးသွင်းနှုန်းမှာ ၀ ဒသမ ၆၂ ဂိုးနှုန်းရှိကြောင်း သိရသည်။ စီရော် နယ်လ်ဒိုသည် ယင်းဂိုးများကို ကမ္ဘာ့ ဖလားခြေစစ်ပွဲတွင် ၃၃ ဂိုး (၄၂ ပွဲ)၊ ယူရိုခြေစစ်ပွဲတွင် ၃၁ ဂိုး (၃၅ ပွဲ)၊ ခြေစမ်းပွဲတွင် ၁၉ ဂိုး (၅၁ ပွဲ)၊ ယူရို ပြိုင်ပွဲတွင် ၁၄ ဂိုး (၂၅ ပွဲ)၊ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခုနစ်ဂိုး (၁၇ ပွဲ)၊ UEFA Nations League ပြိုင်ပွဲ တွင် ငါးဂိုး (ခြောက်ပွဲ) နှင့် ကွန်ဖက် ဒရေးရှင်းဖလားပြိုင်ပွဲတွင် နှစ်ဂိုး (လေးပွဲ) သွင်းယူထားခြင်းဖြစ်သည်။
အဆိုပါဂိုးများကို ညာခြေဖြင့် ၅၉ ဂိုး၊ ဘယ်ခြေဖြင့် ၂၅ ဂိုး၊ ခေါင်းတိုက် ၍ ၂၇ ဂိုးသွင်းယူထားခြင်းဖြစ်ပြီး ပယ်နယ်တီသွင်းဂိုး ၁၄ ဂိုး၊ ဖရီးကစ် သွင်းဂိုး ၁၀ ဂိုးပါဝင်ကာ ဟက်ထရစ် ကိုးကြိမ်ရရှိထားကြောင်း သိရသည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ဂိုးအများဆုံး (၁၃၄ ဂိုး)၊ ယူရိုပြိုင်ပွဲတွင် ဂိုးအများဆုံး (၁၄ ဂိုး) နှင့် ရီးယဲလ်အသင်းအတွက် ဂိုးအများဆုံး (၄၅၀ ဂိုး) အဖြစ်လည်း ရပ်တည်နေသူဖြစ်သည်။
စီရော်နယ်လ်ဒိုသည် အိုင်ယာလန်နှင့်ပွဲမှ အဝါကတ်ပြစ်ဒဏ်ကြောင့် အင်္ဂါနေ့ ကစားမည့် အဇာဘိုင်ဂျန်နှင့်ပွဲကို လွဲချော်မည်ဖြစ်ရာ ကလပ်အသင်း နှင့် သွားရောက်ပူးပေါင်းနေပြီဖြစ်သည်။ ၎င်းအနေဖြင့် Quarantine ငါးရက်နေပြီးပါက မန်ယူအသင်းနှင့် စတင်လေ့ကျင့်နိုင်ပြီဖြစ်ရာ လာမည့်တစ်ပတ် နယူးကာဆယ်နှင့်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ကစားနိုင် ဖွယ်ရှိနေသည်။
အသင်းဟောင်း မန်ယူသို့ အံ့အားသင့်ဖွယ်ပြန်လည် ရောက်ရှိလာသည့် စီရော်နယ်လ်ဒို က ယခုရာသီတွင် ချန်ပီယံဆုရယူနိုင်ရန် လိုအပ်သည်ဟု ပေါ်တူဂီအသင်းဖော် ဘရူနိုဖာနန်ဒက်စ်ကို တိုက်တွန်းထားကြောင်းလည်း သိရသည်။