မြန်မာ ယူ-၂၂/ ၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်ကို ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့်ကာလအပေါ်မူတည်၍ သက်တမ်းတိုးမည်

မြန်မာ ယူ-၂၂/ ၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်ကို ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့်ကာလအပေါ်မူတည်၍ သက်တမ်းတိုးမည်
Published 5 September 2021

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၂/ ၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်ကို ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

MFF နှင့် ပိုပေါ့ဗ်တို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်ပြီး ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအထိ ဆက်လက်တာဝန်ပေးလိုက်သောကြောင့် သက်တမ်းတိုးမြှင့်ရခြင်းဖြစ်သည်။ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းသွားသဖြင့် ပြိုင်ပွဲကျင်းပမည့်ကာလအပေါ် မူတည်၍ သက်တမ်းတိုးသွားမည်ဖြစ်သည်။ 

MFF သည် ပိုပေါ့ဗ်အား စာချုပ်သစ်ချုပ်ဆိုရန်အတွက် အောက်တိုဘာလကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာရှဖလား ယူ -၂၃ ခြေစစ်ပွဲအပြီးတွင် ဆွေးနွေးသွားဖွယ်ရှိနေသည်။ MFF သည် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ၂၀၁၉ နှစ်ဆန်းပိုင်းတွင် နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ၂၀၂၁ နှစ်ကုန်အထိ တစ်နှစ် သက်တမ်းတိုးမြှင့်ထားခြင်းဖြစ်သည်။

"ပိုပေါ့ဗ်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲအပြီးအထိ တာဝန်ပေးမှာဖြစ်ပါတယ်။ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲက လာမယ့်နှစ် ဘယ်အချိန်မှာ ပြန်ကျင်းပမလဲဆိုတာ အတိအကျမသိရသေးတဲ့အတွက် စာချုပ်သက်တမ်း ဘယ်လောက်ရှိမလဲဆိုတာပြောဖို့ မလွယ်သေးပါဘူး။ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမယ့် ကာလအပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာပါ"ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂/ ယူ-၂၃ အသင်း နည်းပြချုပ်အဖြစ် နိုင်ငံတကာပြိုင်ပွဲ သုံးခုသာ ကိုင်တွယ်ရသေးပြီး စတုတ္ထမြောက် ပြိုင်ပွဲအဖြစ် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေ စစ်ပွဲနှင့် ပÍ္စမမြောက်ပြိုင်ပွဲအဖြစ် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ်အတွင်းကျင်းပသည့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ၊ ၂၀၂၀ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကိုင်တွယ်ခွင့်ရခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲတစ်ခုသာ ဆုတံဆိပ်ရယူနိုင်ကာ ကျန်ပြိုင်ပွဲနှစ်ခုတွင်မူ အောင်မြင်မှုမရခဲ့ပေ။ 

ပိုပေါ့ဗ်သည် မြန်မာ ယူ -၂၂ အသင်းကို ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ကြေးတံဆိပ်ရယူပေးနိုင်ခဲ့သဖြင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် MFF က တစ်နှစ်စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပိုပေါ့ဗ်သည် ၂၀၀၉ ခုနှစ်တွင် စီနီယာ အသင်း နည်းပြချုပ်အဖြစ် စတင်တာဝန်ပေး အပ်ခံရပြီး ကိုင်တွယ်ဖူးသည့်အသင်းအားလုံးကို တစ်နှစ်တစ်သင်းသာ ကိုင်တွယ်ခဲ့ရသော်လည်း မြန်မာအသင်းကို ကိုင်တွယ်သည့်အချိန်မှသာ သုံးနှစ်ဝန်းကျင်အထိ ကိုင်တွယ်ခွင့်ရ နေခြင်းဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးပြိုင်ပွဲ အဖြစ် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်း သည် အုပ်စု (I) တွင် ဗီယက်နမ်၊ တရုတ်တိုင် ပေအသင်းတို့နှင့်အတူ ကျရောက်နေသည်။ မြန်မာအသင်းပါဝင်သော အုပ်စု (I) တွင် ယခင်က ဟောင်ကောင်အသင်း ပါဝင်ခဲ့သော် လည်း အုပ်စု (K) သို့ ပြောင်းလဲကျရောက် သွားသဖြင့် သုံးသင်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

Most Read

Most Recent