ဒိန်းမတ် လက်လီကုမ္ပဏီကြီး Bestseller သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အော်ဒါသစ်များမှာယူမှုကို ရပ်နားထားကြောင်း ကြေညာခဲ့သည်ဟု Ecotextile သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။
အထည်ချုပ်လုပ်သားများအတွက် COVID-19 ရောဂါဆိုင်ရာ အကာအကွယ်ပေးမှု ကင်းမဲ့နေသည့်အပေါ် စိုးရိမ်မှုများကြောင့် ယခုလိုရပ်နားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL နှင့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့က IWFM အဖွဲ့ဝင်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးခဲ့ပြီး စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၁၀၀ ကျော် ရောဂါကူးစက်ခံရကြောင်း ကြေညာခဲ့ပြီးနောက်မှာ Bestseller က ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။
သက်ရောက်မှုအပေါ် ဆန်းစစ်အကဲဖြတ်မှုများကို စေ့စပ်သေချာစွာ မလုပ်ဆောင်ရသေးမီနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများ၏အကျိုးကို အဓိကရှေးရှုပြီး ကျွမ်းကျင်သူများ၊ NGO အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ တခြားသက်ဆိုင်သူများနှင့် မဆွေးနွေးရသေးမီအချိန်ထိ မြန်မာနိုင်ငံမှ အပ်ထည်သစ်များ မှာယူမည်မဟုတ်ကြောင်း Bestseller က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာသမဂ္ဂများသည် စိတ်ချယုံကြည်ရသည့် ကုန်ပစ္စည်းပေးသွင်းမှုများအတွက် အဓိကမိတ်ဖက်များထဲတွင်ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှစပြီး အထည်ချုပ်လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်သိရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ဆန်းစစ်အကဲဖြတ်ရန် မိမိတို့တွင် တာဝန်ရှိကြောင်းနှင့် မှာယူပြီးသား အော်ဒါများကို ဆက်လက်ထားရှိပြီး အထည်ချုပ်စက်ရုံလုပ်သားများအတွက် အရေးပါသည့် လုပ်ခလစာများရရှိရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း Bestseller ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားကြောင်း သိရသည်။















