လက်ရှိ မန်ယူအသင်း၏ကစားသမားအင်အားသည် အသင်းတွင် သူကစားခဲ့သည့်ကာလတစ်လျှောက် အတောင့်တင်းဆုံးစုဖွဲ့မှုဖြစ်သည်ဟု ကွင်းလယ်လူ ပေါ့ဘာက ပြောကြားခဲ့သည်။
ပေါ့ဘာသည် နွေရာသီအစောပိုင်းကာလက အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ခဲ့သူဖြစ်ပြီး ၎င်းက လက်ရှိလူစာရင်းကို ကျေနပ်အားရနေခြင်းဖြစ်သည်။
''မန်ချက်စတာယူနိုက်တက်အသင်းမှာ တောင့်တင်းတဲ့လူစာရင်းက အမြဲရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုလူစာရင်းက (သူကစား ခဲ့တဲ့ကာလမှာ) အတောင့်တင်းဆုံးပါပဲ။ ဒီအသင်းရဲ့ DNA က ဆုဖလားတွေ ဆွတ်ခူးဖို့ဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့ မှာ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းရှိနေပြီး ချန်ပီယံတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါက ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ဆုဖလားတွေရယူနိုင်ဖို့ ကျွန်တော်တို့ အစွမ်း ကုန်ကြိုးစားပါလိမ့်မယ်''ဟု ပေါ့ဘာက ပြောကြားခဲ့သည်။
ပေါ့ဘာ၏စာချုပ်သက်တမ်းမှာ သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း သိရသည်။
နော်ဝေရုပ်သံ TV2 က ပေါ့ဘာအား အသင်း၏လက်ရှိအခြေအနေကြောင့် စာချုပ်သက်တမ်းတိုးဖြစ်မလားဟု မေးမြန်းမှုကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
သို့သော် ၎င်းက ပရီးမီးယားလိဂ်တွင် ဘောလုံးကစားရသည်ကို အလွန်ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပေါ့ဘာက နည်းပြ ဆိုးလ်ရှားသည် အသင်း၏(၅)နှစ်ကြာဆုဖလားလက်မဲ့ဖြစ်မှု အခြေအနေကို အဆုံးသတ်ပေးလိမ့်မည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။