ပခုက္ကူမြို့ပေါ်တွင် သြဂုတ်လ နောက်ဆုံးပတ်အတွင်း ကိုဗစ်ပိုးကူးစက်မှု လျော့နည်းသွားပြီး ပိုးတွေ့ရှိမှု များပြားနေသည့် ကျေးရွာများသို့ ကျန်းမာရေးဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုး ပျံ့နှံမှု ထိန်းချုပ်ရေး၊ အချိန်မီကုသမှု ပေးနိုင်ရေးနှင့် လူမှုဘဝများ ပြန်လည် တည်ဆောက်နိုင်ရေးတို့အား ရည်ရွယ်၍ ကျေးရွာများအထိ ကွင်းဆင်း စစ်ဆေးပေးခြင်းဖြစ်ပြီး အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်မှာက ဆေးရုံလာပြသမျှ စာရင်းအရ ပိုးတွေ့လူနာသစ် နည်းလာတယ်။ တချို့ရက်တွေဆိုရင် မြို့ပေါ်မှာ လူနာသစ် မတွေ့ရဘူး။ ရွာတွေမှာတော့ ဖျားနာတာ ပိုးကူးစက် ခံရတာတွေက ရှိနေတုန်းပဲ။ ပိုးကူးစက်မှု ခံရတာတွေ နည်းသွားဖို့ ရည်ရွယ်ပြီး ရွာတွေထိ ဆင်းစစ်ပေးတာပါ။ ပိုးကူးစက်ခံတာ ရှိ မရှိ စစ်မဲ့ ရွာအုပ်စုက အနည်းဆုံး လူ ၁၀ တော့ ရှိဖို့လိုတယ်။ ပိုးတွေ့တဲ့သူကို သက်ဆိုင်ရာ ရွာရဲ့ ကန့်သတ်ဆောင်မှာ ထားပြီး ဆေးကုပေးမယ်။ ကန့်သတ်ဆောင် မရှိဘူးဆိုရင် မြို့ပေါ်က ကုသရေးစင်တာမှာ ထားရှိကုပေးမယ်။ ဆေးစစ်ခက အခမဲ့ပါ” ဟု စစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသူ ကိုရဲထွဋ်က ပြောကြားသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကမ္မမြို့နှင့် အနီးနားရှိ ကျေးရွာအုပ်စုများအား သြဂုတ်လ ၂၉ ရက်နေ့က ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ရာ ကမ္မမြို့မှ တစ်ဦးနှင့် ရေလာရွာမှ တစ်ဦးတို့တွင် ပိုးကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ပခုက္ကူမြို့နယ်အတွင်းရှိ အရာတော်၊ ဆိက္ခဝကျေးရွာအုပ်စုနှင့် မြစ်ခြေမြို့တို့တွင် သြဂုတ် ၂၈ ရက်က ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ရာ ၁၂ ဦးတွင် ပိုးကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ကုသရေး စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင်း ကျေးရွာအုပ်စု ခုနစ်ခုတွင် ကိုဗစ်ပိုး ကူးစက်ခံရခြင်း ရှိ မရှိ စစ်ဆေးလိုသူများအား သြဂုတ် ၃၀ ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။















