ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၅၃ ဦးကို တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်း

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၅၃ ဦးကို တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်း
တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- တာချီလိတ်ခရိုင် ထွေ/အုပ်)
တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- တာချီလိတ်ခရိုင် ထွေ/အုပ်)
Published 30 August 2021
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၇ ဦးနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြစ်ဒဏ်စေ့ လွတ်မြောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို သြဂုတ် ၂၉ ရက် နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသော မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၆၇ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ပြစ်ဒဏ်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၈၆ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား မှတစ်ဆင့် လွှဲပြောင်းလာသဖြင့် မြန်မာဘက်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသော ပြည်တော်ပြန် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပြစ်ဒဏ်စေ့ မြန်မာရွှေ့ပြောင်း လုပ်သားများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ရာ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ခြောက်ဦးတွင် ကိုဗစ်ပိုး တွေ့ရှိရသဖြင့် ၎င်းတို့အား ဝမ်လုံး (Positive Center) သို့ ပို့ဆောင်၍ ဆေးဝါး ကုသပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ် ဝမ်လုံး (Facility Quarantine Center) တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများထဲမှ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၃ ဦးအား သီးခြား အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်အမျိုးသား ၁၅၁ ဦး အမျိုးသမီး ၈၃ ဦး စုစုပေါင်း၂၃၄ ဦးအား ၎င်းတို့ နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံက ဇွန် ၂၈  ရက်မှ သြဂုတ် ၂၉ ရက်အထိ မြန်မာနိုင်ငံသို့  လေးကြိမ်မြောက်အထိ ပြန်လည် လွှဲပြောင်းလာသူ စုစုပေါင်း ၅၉၄ ဦး ရှိပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ထွေ‌‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent