COVID-19 ရောဂါဖြစ်ပွားမှု လျော့လာသော်လည်း အချို့တိုင်းနှင့် ပြည်နယ်များတွင် ကူးစက်မှုများနေဆဲဖြစ်

COVID-19 ရောဂါဖြစ်ပွားမှု လျော့လာသော်လည်း အချို့တိုင်းနှင့် ပြည်နယ်များတွင် ကူးစက်မှုများနေဆဲဖြစ်
Published 30 August 2021

COVID-19 ရောဂါဖြစ်ပွားမှု လျော့လာသော်လည်း အချို့တိုင်းနှင့် ပြည်နယ်များတွင် ကူးစက်မှုများနေဆဲဖြစ်ပြီး ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထိန်းချုပ်ရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များကို Stay at Home အဖြစ် သတ်မှတ်ထားပြီး သြဂုတ် ၂၅ ရက်အထိ Stay at Home မြို့နယ် ၁၁၉ မြို့နယ် ရှိသည်။

ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားသေဆုံးမှု ဆက်၍ မြင့်တက်နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၂၇ ရက် ည ၈ နာရီမှ သြဂုတ် ၂၈ ရက် ည ၈ နာရီအတွင်း တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၉၃၂ ဦးတွင် ရှမ်းပြည်နယ်မှ ၆၀၃ ဦးဖြင့် အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်၏ လတ်တလော COVID-19 ရောဂါဖြစ်ပွားမှု တက်နေသည့် မြို့နယ်များမှာ နောင်ချို၊ တောင်ကြီး၊ လာရှိုး၊ ကျိုင်းတုံ၊ ရပ်စောက်၊ ညောင်ရွှေ၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကျောက်တံခါး၊ ရွှေတောင်၊ ကဝ၊ ပြည်၊ လက်ပံတန်း၊ မိုးညိုနှင့် ကချင်ပြည်နယ်အနေဖြင့် မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

တစ်နိုင်ငံလုံးအနေဖြင့် ခြုံငုံကြည့်ပါက ရောဂါအခြေပြဂရပ်ဖ်သည် တက်နေရာမှ အကျဘက်သို့ ဆင်းလာပြီး တက်နေသည့် နေရာများတွင် ဆက်ပြီး မတက်နိုင်မှသာ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်းနှင့် တတိယလှိုင်းကို ကျော်ဖြတ်နိုင်မည့် အနေအထားဖြစ်ကြောင်း နှင့် COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်၊ ထိတွေ့မှုနည်းပါးရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှုနှုန်း သြဂုတ် ၅ ရက်နောက်ပိုင်း လျော့ကျလာပြီး ပိုးတွေ့ရှိမှုနှုန်း၂၀ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent