ထားဝယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး တစ်ဦးနှင့် ဝန်ထမ်းတစ်ဦးမှာ ပျောက်ဆုံးနေရာမှ ပြန်လည်တွေ့ရှိချိန်တွင် အသတ်ခံထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန ပညာလေ့ကျင့်ရေးဦးစီးဌာန ခရိုင်မှူးဒုတိယညွန်ကြားရေးမှူး ဦးသောင်းတန်နှင့် ဝန်ထမ်းတစ်ဦးသည် သြဂုတ် ၂၈ ရက်က ပျောက်ဆုံးသွားပြီး သြဂုတ် ၂၉ ရက်တွင် ရေကန်တစ်ခုအနီး၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ဖြစ်ပွား သွားတာကတော့ မှန်ပါတယ်” ဟု ထားဝယ်မြို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ထိုသို့ သတ်ဖြတ်သွားခြင်းသည် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးဘဲ ရေကန်အစပ်နားတွင် ၎င်းတို့နှစ်ဦးအား လက်ပြန်ကြိုးတုတ် အသတ်ခံထားရသည့် အနေထားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၈ ရက်က ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများက လိုက်လံရှာဖွေရာ သြဂုတ် ၂၉ ရက်တွင် အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















