ရွှေဈေးနှုန်းတည်ငြိမ်ရန် အရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် ရန်ကုန်ရွှေအသင်းညွှန်ကြား

ရွှေဈေးနှုန်းတည်ငြိမ်ရန် အရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် ရန်ကုန်ရွှေအသင်းညွှန်ကြား
Published 28 August 2021

ရွှေစျေးနှုန်းတည်ငြိမ်ရန် အရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ညွှန်ကြားသည်။

သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင် လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့ရာ ရွှေစျေးနှုန်းတည်ငြိမ်ရန် အရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်အပါအဝင် အချက်ငါးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း သိရသည်။

ချမှတ်ခဲ့သည့် အချက်ငါးချက်မှာ ရွှေအရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်၊ COVID-19 ကာကွယ်ဆေးထိုးနှံကြမည့် အသင်းသူအသင်းသားများ စာရင်းပေးသွင်းရန်၊ အသင်းမှ ထုတ်ပယ်သူ ၅၃ ဦး၊ သေဆုံးသူ ၂၄ ဦးတို့အား မှတ်တမ်းတင်ထားရှိရန်၊ အသင်းသူ အသင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများ သိရှိစေရန်အတွက် တင်ပြရန်၊ ဇူလိုင်လပတ်ငွေစာရင်းရှင်းတမ်း အတည်ပြုရန်တို့ဖြစ်သည်။

အစည်းအဝေးတွင် လတ်တလောဖြစ်ပေါ်နေသည့် ရွှေစျေးကွက်အခြေအနေ တည်ငြိမ်စေရန် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု YGEA က ဆိုသည်။

သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် ပိတ်သိမ်းခဲ့သည့် ရွှေစျေးအရ အကယ်ဒမီမီးလင်းရွှေမှာ ကျပ် ၁၆၈၀၀၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် ၁၆၁၇ ဒေါ်လာဖြစ်သည်။

ပြည်တွင်းရွှေစျေးကွက်တွင် ဇူလိုင်လကုန်ပိုင်းက ရွှေစျေးမြင့်တက်မှုများ ဖြစ်ပွားခဲ့ပြီး ရွှေအရောင်းဆိုင်အချို့ အရောင်းအဝယ် မပြုနိုင်ခဲ့ကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ နှင့် ကျပ် ၁၂၀၀၀၀၀ ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

Most Read

Most Recent