လားရှိုးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် စာသင်တိုက်အချို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများ COVID-19 ရောဂါပိုး ကူးစက်ခံထားရ

လားရှိုးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် စာသင်တိုက်အချို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများ COVID-19 ရောဂါပိုး ကူးစက်ခံထားရ
Published 28 August 2021
ထွန်းနေလှိုင်(နောင်ပိန်)

COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် သီလရှင်စာသင်တိုက်မှ ဆရာလေးများအား ကိုဗစ်ကုသရေးစင်တာသို့ ပရဟိတယာဉ်များဖြင့် ပို့ဆောင်ပေးနေစဉ်။

လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ ဇဗ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တောမူသော သံဃာတော် ၈၇ ပါးကို သြဂုတ် ၂၆ ရက်က RDT ဖြင့် စစ်ဆေးရာ သံဃာ ၆၀ ပါးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရပြီး ကျောင်းတိုက်တွင် ဝေယျာဝစ္စလုပ်ကိုင်ကြသူ ၂၁ ဦးတွင်လည်း လေးဦးမှာ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက်(၈) သာသနာ့ဟိတကာရီ သီလရှင်စာသင်တိုက် တွင် သီတင်းသုံးနေထိုင်တော်မူသော သီလ ရှင်ဆရာလေး ၁၁၃ ပါးကို သြဂုတ် ၂၇ ရက်က ယင်းကျောင်းတိုက်တွင် RDT ဖြင့် စစ်ဆေးခဲ့ရာ  သီလရှင်ဆရာလေး ၄၅ ပါးနှင့် စာသင် တိုက်တွင် စာသင်ကြားပေးရန်နေထိုင်သည့်  ဆရာမ ငါးဦးတို့တွင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်းသိရသည်။

“ကျောင်းတိုက်မှာ နေထိုင်တဲ့ သီလရှင် ဆရာလေးနှစ်ပါးက ဖျားလို့ဆိုပြီး လားရှိုး ပြည်သူ့ဆေးရုံကြီးမှာ ဆေးသွားကုလို့ စစ်ဆေးတဲ့အခါ နှစ်ပါးလုံးက ကိုဗစ်ပေါ့စတစ် ဖြစ်နေလို့  ဒီကနေ့မှာ သီလရှင်စာသင်တိုက်မှာ နေထိုင်ကြတဲ့ ဆရာလေးတွေနဲ့ ကျောင်းက ဆရာမတွေကို RDT နဲ့စစ်ဆေးပေးတာပါ။အားလုံး ၁၁၃ စစ်တာပါ။   သီလရှင်ဆရာလေး ၄၅ ပါးနဲ့ ဆရာမ ငါးဦး ရောဂါကူးစက်ခံထား ရပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုခံထား ရသူတွေကို လားရှိုးမြို့ ပညာရေးဒီဂရီကော လိပ် ကိုဗစ်ကြပ်မတ်ကုသဆောင်မှာ ကြပ်မတ်ကုသမှုခံဖို့ ပို့ဆောင်ပေးလိုက်ပါပြီ။” ဟု လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာန Swab Team မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ် ၂၇ ရက်တွင် ဌာနအချို့တွင် နိုင်ငံဝန်ထမ်းဝင်ရောက်နိုင်ရန်အတွက် ဝင် ခွင့်ဖြေဆိုကြမည့်  လားရှိုးမြို့နယ်အတွင်းမှ ဒေသခံ ၂၀ ဦး၊ ကိုယ်အပူချိန်မြင့်ပြီးဖျားနာနေသူ ၂၁ ကိုလည်း RDT  ဖြင့် စစ်ဆေးပေးခဲ့ ရာ နှစ်ဦးတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရ ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းတွင် ကိုဗစ်တတိ ယလှိုင်းစတင်ခဲ့သည့် ဇွန် ၉ ရက်မှ သြဂုတ် ၂၆ ရက်အထိ ရောဂါကူးစက်မှုခံခဲ့ရသူပေါင်း ၂၄၅၄ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက်မှ ၂၀၈၄ ဦးမှာ ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရသွား ပြီဖြစ်သည်။

လားရှိုးမြို့နယ်အတွင်း ကိုဗစ်ရောဂါဖြစ် ပွားမှုကြောင့် ဆေးရုံတက်ရောက်ကုသသူ များအနက် သေဆုံးခဲ့သူမှာ သြဂုတ် ၂၆ ရက် အထိ ၁၄၃ ဦးထိရှိခဲ့ကြောင်း သိရသည်။သြဂုတ် ၂၆ ရက်ညပိုင်းအထိ  လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် ၆၀ ဦး၊ပညာရေးဒီဂရီကောလိပ်ကုသရေးစင်တာတွင် ၁၄၈ ဦး၊ ပညာ ရေးဒီဂရီကောလိပ် ကြပ်မတ်ကုသဆောင် တွင် ၁၉ ဦးတက်ရောက်ကုသနေကြောင်း သိရသည်။

Most Read

Most Recent