အိုင်အမ်အက်ဖ်နှင့် အထူးအသုံးစရိတ်ထုတ်ခွင့်

အိုင်အမ်အက်ဖ်နှင့် အထူးအသုံးစရိတ်ထုတ်ခွင့်
အိုင်အမ်အက်ဖ် အကြီးအကဲ၊ ဘူလ်ဂေရီယန် ဘောဂဗေဒပညာရှင် ခရစ္စတာလီနာဂျော်ဂျီဗာ (Photo: World Finance)
အိုင်အမ်အက်ဖ် အကြီးအကဲ၊ ဘူလ်ဂေရီယန် ဘောဂဗေဒပညာရှင် ခရစ္စတာလီနာဂျော်ဂျီဗာ (Photo: World Finance)
Published 26 August 2021
မိုးဧအောင်

ကမ္ဘာ့ဒေသအသီးသီးသို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ‘ပတ်မွှေ’ နေဆဲ ကိုဗစ် - ၁၉ ကပ်ရောဂါအတွက် ဆင်းရဲသော၊ အငိုလွယ်၍ အရှိုက်ခက်သော တိုင်းပြည်များအတွက် သူတို့နည်း၊ သူတို့ဟန်ဖြင့် ဤကပ်ဆိုးကို ကာကွယ်တိုက်ဖျက်ရန်မှာ အခက်အခဲများစွာရှိပါသည်။

ဇူလိုင်လနောက်ဆုံးပတ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO – World Health Organization) ၏ အကြီးအကဲ တက်ဒ်ရို့စ်က ဝင်ငွေမြင့်မားသည့် တိုင်းပြည်များအနေနှင့် လူ ၁၀၀ တွင် ကာကွယ်ဆေး ၁၀၀ နီးပါး ထိုးပြီးချိန်အတွင်း ဝင်ငွေနိမ့်ပါးသည့် တိုင်းပြည်များတွင်မူ လူ ၁၀၀ ၌ ၁.၅ ဦးသာ ကာကွယ်ဆေး ထိုးနိုင်သေးကြောင်း ထောက်ပြခဲ့၏။

၂၀၂၁ ခုနှစ် သြဂုတ် ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ - အိုင်အမ်အက်ဖ် (International Monetary Fund - IMF) က အဖွဲ့ဝင်နိုင်ငံများသို့ ဒေါ်လာသန်းထောင်ပေါင်း ၆၅၀ (၆၅၀ နောက်၌ သုညကိုးလုံး) ကို အထူးအသုံးစရိတ်ထုတ်ခွင့် (Special Drawing Rights Allocation - SDRs) အဖြစ် သင့်လျော်ရာ ဝေပုံကျစနစ်အရ ထောက်ပ့ံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

အထူးအသုံးစရိတ်ထုတ်ခွင့် (Special Drawing Rights Allocation - SDRs)

SDRs ဆိုသည်မှာ အိုင်အမ်အက်ဖ်က သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းနည်းလမ်းများနှင့်အညီ ပုံသေပိုင်အဖြစ် လျာထားထားသော အရန်နိုင်ငံခြားငွေ စာရင်းအမျိုးအစား ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် ဤငွေကြေးထောက်ပ့ံမှုစနစ်ကို စတင်တီထွင်ခဲ့ကြပြီး အတိုကောက် ငွေကြေးအမည်အဖြစ် SDR ဟု အမှတ်သညာပြုထား၏။ SDRs သည် ငွေစက္ကူပုံသဏ္ဌာန်မဟုတ်သော်ငြား ယူနစ်အလိုက် တည်ငြိမ်ခိုင်မာသည့်တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ်၊ ဂျပန်ယန်း၊ ပေါင်စတာလင်တို့နှင့် ချိတ်ဆက်ထားပါသည်။ အိုင်အမ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများအနေနှင့် နိုင်ငံအလိုက် ထောက်ပ့ံကြေးရရှိမည့် SDRs ကို ချိတ်ဆက်ထားသည့် ငွေကြေးအသီးသီးနှင့် ဖလှယ်နိုင်ပါသည်။

ယခုထောက်ပ့ံလိုက်သည့်ပမာဏမှာ အိုင်အမ်အက်ဖ်၏ သက်တမ်းတစ်လျှောက် အများဆုံးဖြစ်သည်။ မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်ကပ်ကို ကာကွယ်တိုက်ဖျက်ရေးအတွက် မကြုံစဖူး အထူးထောက်ပ့ံမှုဖြစ်၏။

၂၀၀၉ ခုနှစ်ဆီက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့ချိန်တွင် စျေးကွက်၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန်အလို့ငှာ SDRs အဖြစ် ဒေါ်လာ ၂၅၀ ဘီလျံ ‘ထိုးထည့်’ ပေးခဲ့ဖူးသည်။ လက်ရှိကာလ၌ ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် လုံးထွေးရစ်ပတ်ယှက်နွှယ်ကာ ခုခံနေရသည့်အတွက် SDRs မှာ ပို၍အရေးပါလာသည်။ ဤထောက်ပ့ံမှုမှတစ်ဆင့် စီးဆင်းလာမည့် ငွေကြေးပမာဏသည် ယုံကြည်မှုအသစ်တစ်ဖန်ပြန်ဖြစ်ရေးကို တွန်းအားပေးနိုင်သလို ကမ္ဘာ့စီးပွားရေးပျက်ယွင်းမှုအထိုင်ကိုပါ ဒဏ်ခံကျော်လွှားနိုင်ဖွယ် ရှိလာပါလိမ့်မည်။

SDRs က အရန်နိုင်ငံခြားငွေ နည်းပါးလှသည့် တိုင်းပြည်များအတွက် ပြည်တွင်း သို့မဟုတ် ပြည်ပကြွေးမြီများကို ပြန်လည်ပေးဆပ်ရမည့်ပမာဏကို လျှော့ပေးခြင်းဖြင့် ယုံကြည်မှုပြန်လည်ဖြစ်ထွန်းရန် စွမ်းဆောင်နိုင်သည်။ ထို့ပြင် အစိုးရအသီးသီးအတွက် လူမှုအသိုက်အဝိုင်းဆိုင်ရာ အသုံးစရိတ်များ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အသုံးစရိတ်များ ပိုမိုသုံးစွဲလာကြစေရန် တွန်းအားပေးနိုင်ပါသည်။ ထို့ကြောင့် SDRs ရရှိသည့် တိုင်းပြည်များအတွက် တန်ဖိုးရှိသည့် ကျန်အရင်းအမြစ်များအပေါ် ပိုမိုအလေးပေး အာရုံစိုက်လာနိုင်၏။

ဤထောက်ပ့ံလိုက်သည့် SDRs ကို ရရှိကြသည့် နိုင်ငံများအနေနှင့် တာဝန်ယူမှု၊ အစစ်အဆေးခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုအရှိဆုံး သုံးစွဲသွားကြရန် အထူးအရေးကြီးသည်။

SDRs အတွက် အိုင်အမ်အက်ဖ်၏ မျှော်လင့်ချက်များ

ပထမဆုံးအနေနှင့် ယခုခွင့်ပြုလိုက်သော SDRs များကို အဖွဲ့ဝင်နိုင်ငံများထံ အလျင်အမြန်ရောက်ရှိစေရေး အိုင်အမ်အက်ဖ်က ဆောင်ရွက်ရပါမည်။ အိုင်အမ်အက်ဖ်၏ SDRs ခွဲဝေပုံအချိုးအစားအရ သက်ဆိုင်ရာ တိုင်းပြည်၏ စီးပွားရေးအရွယ်ပမာဏနှင့် နီးနီးစပ်စပ် ယှဉ်တွဲတွက်ချက်ထား၏။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စနိုင်ငံများအတွက် ဒေါ်လာ ၂၇၅ ဘီလျံ ခွဲဝေထားပြီး ဝင်ငွေနိမ့်ပါးသည့်နိုင်ငံများအတွက် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ခြောက်ရာခိုင်နှုန်းကျော်ဖြစ်သည့် ဒေါ်လာ ၂၁ ဘီလျံအထိ ပေးအပ်ရန် လျာထားထားပါသည်။

ထိလွယ်ရှလွယ် နာလန်ထူရန် ခက်ခဲသည့် နိုင်ငံများအတွက် ယခုအသစ်ခွင့်ပြုလိုက်သည့် SDRs များက သူတို့၏ စီးပွားရေးကို အထောက်အကူပြုနိုင်မည့်အပြင် ကိုဗစ် - ၁၉ နှင့် အသစ်အသစ် ဗီဇထွန်းလာသည့် ဗိုင်းရပ်များကို တိုက်ပွဲဝင်ရာ၌ အားသစ်အင်သစ် ဖြစ်ထွန်းစေပါလိမ့်မည်။ နိုင်ငံတကာ အသိုက်အဝန်းက ပေးအပ်သည့် အတိုးမဲ့ချေးငွေနှင့် အခြားသော လိုအပ်သည့် ပ့ံပိုးမှုပုံစံများကို တွဲဖက်ထားသည့် SDRs အရ ၂၀၂၁ နှစ်ကုန်၌ နိုင်ငံအသီးသီး၏ လူဦးရေ ရာခိုင်နှုန်း ၄၀၊ ၂၀၂၂ ခုနှစ် ပထမခြောက်လပတ်၌ လူဦးရေ၏ ရာခိုင်နှုန်း ၆၀ ကို ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းချက်ကို ထောက်ကူပေးနိုင်မည်ဖြစ်၏။

ဒုတိယအရေးကြီးသည်မှာ SDRs နှင့်ပတ်သက်သော အကောင်အထည်ဖော် ဆောင်ရွက်ချက်ဟူသမျှသည် အဖွဲ့ဝင်နိုင်ငံတို့၏ ကောင်းကျိုးရလဒ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတို့အပေါ် အကျိုးသက်ရောက်မှု သေချာသည်ထက် သေချာစေရေး ဖြစ်သည်။ ထိုကိစ္စအတွက် မည်သည့်ကဏ္ဍ၌ မည်သို့ခွဲဝေသုံးစွဲသွားမည်ကို အိုင်အမ်အက်ဖ်နှင့် အဖွဲ့ဝင်နိုင်ငံတို့ ဆုံးဖြတ်ချက်ချကြရမည်။ နိုင်ငံများအနေနှင့် သူတို့၏တရားဝင် သီးသန့်ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားခွင့်ရှိသလို အမေရိကန်ဒေါ်လာ၊ ယူရို သို့မဟုတ် အခြားသော သီးသန့်လျာထားငွေကြေးအဖြစ်လည်း လဲလှယ်ခွင့်ရှိပါသည်။ ဤကိစ္စကို သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်အညီ နှိုင်းချိန်ဆုံးဖြတ်နိုင်ပြီး အိုင်အမ်အက်ဖ်သို့ ပြန်လည်သတင်းပို့ရမည်။ SDRs ပ့ံပိုးစရိတ်များကို ရရှိသည့်နိုင်ငံတိုင်း စာရင်းစစ်ဆေးခံနိုင်သည့် တာဝန်ခံမှုမျိုးနှင့် ပွင့်လင်းမြင်သာစွာ သုံးစွဲကြရန်ဖြစ်သည်။

အိုင်အမ်အက်ဖ်အနေနှင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေသစ်ကြောင့် မက်ခရိုစီးပွားရေးဂယက်ရိုက်ခတ်မှု၊ စာရင်းအင်းဆိုင်ရာကုစားမှုနှင့် စီမံအုပ်ချုပ်ရေးကဏ္ဍ၊ နိုင်ငံ၏ကြွေးမြီအပေါ် အာမခံချက်များအတွက် အခြေခံမူဘောင်အဖြစ် SDRs က ပ့ံပိုးမှုပြုပေးရန် ရည်ရွယ်ရင်းရှိ၏။ SDRs ရန်ပုံငွေကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ချက်အပေါ် မူတည်ထောက်ပ့ံသွားမည်ဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း နိုင်ငံအလိုက် သုံးစွဲမှုအစီရင်ခံချက်ကို စောင့်ကြပ်ကြည့်ရှု ထိန်းသိမ်းတည့်မတ်သွားမည် ဖြစ်သည်။

တတိယအချက်မှာ ကပ်ရောဂါကြောင့် ပေါ်ပေါက်လာမည့် ကွဲပြားလှသည့် ကံဆိုးကံကောင်း စီးပွားရေးပုံစံအမျိုးမျိုးကို အခြေပြုစဉ်းစားပြီးသကာလ အကူအညီအလိုအပ်ဆုံးသူထံသို့ SDRs များ ပိုမိုရောက်ရှိစေရေးဖြစ်၏။ အကြောင်းမှာ အိုင်အမ်အက်ဖ်သည် အဆင်းရဲဆုံးနှင့် အထိခိုက်ခံနိုင်ရည် အနိမ့်ဆုံးတိုင်းပြည်များသို့ အားကောင်းသည့် ပြင်ပအကူအညီအဖြစ် SDRs ကို သုံးစွဲစေလိုရင်းဖြစ်ပါသည်။

ဤအချက်ကို ပိုမိုချဲ့ထွင်သုံးသပ်ခြင်းအားဖြင့် လူမှုရေးနှင့် စီးပွားရေးမတည်ငြိမ်မှုကြောင့် တိုင်းသူပြည်သားများ ထိခိုက်နေရသည့်အဖြစ်ကို ပိုမိုလျှော့ချနိုင်စေရေးအတွက် SDRs က လိုအပ်သလို ထိန်းညှိကူညီသွားနိုင်မည်ဖြစ်၏။

သွားရမည့်ခရီး၊ လျှောက်ရမည့်လမ်း

အိုင်အမ်အက်ဖ်အနေနှင့် တိုးတက်မှုရလဒ်များကို အောင်မြင်စေရန် ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် မင်္ဂလာသတင်းများလည်း ရှိပါသည်။ ကုန်လွန်ခဲ့သည့် ၁၆ လအတွင်း စုစုပေါင်း ဒေါ်လာ ၂၄ ဘီလျံကို အာမခံချက်ဖြင့် ချေးယူခဲ့ကြသည့် နိုင်ငံအချို့မှာ အခြေအနေ ပိုမိုကောင်းမွန်လာခဲ့သည်။ အဆိုပါပမာဏတွင် အိုင်အမ်အက်ဖ်၏ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးအစီအစဉ် (Poverty Reduction and Growth Trust - PRGT) အရ SDRs ခွင့်ပြုငွေ ဒေါ်လာ ၁၅ ဘီလျံ ပါဝင်သည်။ ဤအစီအစဉ်မှာ ဝင်ငွေနိမ့်ပါးသည့် တိုင်းပြည်များအတွက် အထူးခွင့်ပြုပေးသော ချေးငွေပုံစံဖြစ်ပြီး ယခုအသစ်ခွင့်ပြုလိုက်သည့် SDRs အတိုင်းအတာ မူဘောင်အတွင်းမှလည်း PRGT အထောက်အပ့ံများ ပိုမိုရရှိလာဦးမည်ဟု မျှော်လင့်လျက် ရှိပါသည်။

အိုင်အမ်အက်ဖ်သည် အဖွဲ့ဝင်နိုင်ငံများအနေနှင့် SDRs ကို အသုံးပြုစေခြင်းဖြင့် ဆင်းရဲသည့်တိုင်းပြည်များနှင့် ထိရှကျိုးပျက်လွယ်သည့် တိုင်းပြည်များအတွက် ဖွဲ့စည်းပုံဆိုင်ရာ အသွင်ပြောင်းလဲမှုများ၊ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုခံနိုင်ရည်ရှိပြီး ရေရှည်ဖွံ့ဖြိုးမှုရအောင် အားဖြည့်လိုပါသည်။ ထပ်မံဖြစ်စေလိုသည့် ဆန္ဒတစ်ခုမှာ ဖွံ့ဖြိုးရေးအခြေပြုဘဏ်များအတွက် SDRs ၏ လုပ်ထုံးလုပ်နည်း လမ်းကြောင်းများမှ တစ်ဆင့် ချေးငွေပ့ံပိုးမှု ပြုလိုခြင်းဖြစ်၏။

တစ်ခု သတိပြုရန်အချက်မှာ SDRs တို့မည်သည် ငွေကျည်ဆန်မဟုတ်ခြင်းပင် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အင်စတီကျူးရှင်းများ၏ စုစည်းဆောင်ရွက်ချက်မှ ပေါ်ထွက်လာသည့် ကျယ်ပြန့်သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ကပ်ရောဂါစတင်သည်နှင့် တစ်ပြိုင်နက် အိုင်အမ်အက်ဖ်သည် သူ့အခန်းကဏ္ဍနှင့်လျော်ညီစွာ နိုင်ငံပေါင်း ၈၅ နိုင်ငံသို့ ဒေါ်လာ ၁၁၇ ဘီလျံ ငွေရေးကြေးရေးအကူအညီ ပေးအပ်ခဲ့ပြီး ဝင်ငွေနိမ့်ပါးသည့် ၂၉ နိုင်ငံအတွက် ကြွေးမြီ သက်သာခွင့်ပြုခဲ့ပြီးဖြစ်၏။ ထို့ပြင် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့နှင့် ချိတ်ဆက်ကာ ကမ္ဘာသူကမ္ဘာသားများအား ကာကွယ်ဆေးထိုးပေးရန် အရေးပေါ်ကိစ္စအဖြစ် အိုင်အမ်အက်ဖ်က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

နိဂုံးချုပ်အနေနှင့် အိုင်အမ်အက်ဖ် အကြီးအကဲ၊ ဘူလ်ဂေရီယန် ဘောဂဗေဒပညာရှင် ခရစ္စတာလီနာဂျော်ဂျီဗာ၏ အမှာစကားကို နားစွင့်ကြည့်ကြပါစို့။

“ကဗျာဆရာကြီး ရောဘတ်ဖရော့စ်က ‘လျှောက်ဖြစ်ခဲ့တဲ့လမ်း’ လို့ ဖွဲ့ဆိုခဲ့တယ်။ ကျွန်မတို့ဟာ ခုချိန်မှာ ရှင်သန်ဖို့အတွက် တိုက်ပွဲဝင်ရင်း အနာဂတ်မှာ ပြန်လည်ရုန်းထလာမယ့် ကမ္ဘာကြီးအတွက် မှန်ကန်တဲ့လမ်းကို ထူးထူးခြားခြား လျှောက်လှမ်းခွင့်ရကြပြီ။ ကျွန်မတို့ အိုင်အမ်အက်ဖ်အနေနဲ့ အာမခံနိုင်တာက သမိုင်းတွင်မယ့် ဟောဒီ SDRs ခွဲဝေဆုံးဖြတ်ရာမှာ အကောင်းဆုံး ဆောင်ရွက်ခဲ့ကြပြီး ကြံ့ခိုင်သန်စွမ်းပြီး ရေရှည်တည်တ့ံဖွံ့ဖြိုးတဲ့ ကမ္ဘာကြီးပြန်ဖြစ်လာဖို့ အကောင်အထည်ဖော်ရာမှာလည်း အမြော်အမြင်ကြီးကြီး လက်ကိုင်ထားသွားပါ့မယ်”။