မပြေလည်သေးသည့် ငွေသား ရှားပါးမှုပြဿနာ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများ၏ လက်ရှိ အနေအထားနှင့် အလားအလာများ

မပြေလည်သေးသည့် ငွေသား ရှားပါးမှုပြဿနာ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများ၏ လက်ရှိ အနေအထားနှင့် အလားအလာများ
Published 22 August 2021
နီလာ

ရန်ကုန်မြို့ မြန်မာပလာဇာရှိ ATM စက်ရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်း နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

လက်ရှိအခြေအနေအရ ဘဏ်များ တွင် ငွေထုတ်ရခက်ခဲခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ငွေထုတ်နေရခြင်းနှင့် ငွေသားရှားပါးမှုပြဿနာမှာ ပြည်သူများ  ကြီးမားစွာရင်ဆိုင်နေရသည့် စိန်ခေါ်မှု တစ်ခုဖြစ်သည်။

“လောလောဆယ်အထိ ဘဏ်တွေက  ငွေထုတ်တဲ့ဟာ အဆင်မပြေသေးဘူး။ ဗဟိုဘဏ်ကလည်း သတ်မှတ်ချက်က ကုမ္ပဏီကိုသိန်း ၂၀၀ တို့၊ လူပုဂ္ဂိုလ်ကို သိန်း ၂၀ တို့၊ ကိုဗစ်ဆေးဝယ်ဖို့အတွက် ပိုထုတ်ပါတို့ ဆိုတာ ကြေညာချက်တော့ ထုတ်တယ်။ ဒါ ပေမဲ့ ဘဏ်တွေမှာတော့ သူတို့မှာ ငွေသား ထုတ်ပေးဖို့ မရှိတဲ့အတွက်ကြောင့်မို့ ဗဟိုဘဏ်သတ်မှတ်တဲ့သိန်း ၂၀၀ ကိုလည်း ပေး တာမရှိဘူးပေါ့နော်။ မရှိဘူးဆိုတာလည်း အစကတည်းကကို မပေးတာပါ။ ဒါကပုဂ္ဂလိက ဘဏ်မှမဟုတ်ဘူး၊ အစိုးရဘဏ်လည်း မပေး နိုင်ဘူး၊ စီးပွားရေးဘဏ်။ အဲဒီတော့ လက်ရှိအနေအထားက ငွေသားရှားပါးမှုကတော့ ရှိ နေတုန်းပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံရှိ ဘဏ်အများစုတွင် လက်ရှိအခြေအနေများ မဖြစ်ပေါ်ခင်ကပင်   အတိုးအရင်းဆပ်ရန် ပျက်ကွက်နေသော ချေးငွေ (Non Performing Loans -NPL) များရှိနေခြင်း၊ ချေးငှားသူတစ်ဦးချင်းသို့  အများဆုံး ခွင့်ပြုပမာဏထက် ကျော်လွန်ထုတ် ချေးထားခြင်း စသည်ဖြင့် ချေးငွေများ မတန်တဆ ယူထားသည့် ချေးငွေပြဿနာများရှိနေခဲ့ကြောင်း ဘဏ်လုပ်ငန်းရှင်များအသိုင်း အဝိုင်းမှ သိရသည်။

ပုံမှန်အားဖြင့် ဘဏ်များသည် ပြည်သူ များ၏ အပ်နှံငွေများဖြင့် ပြည်သူများကိုချေး ငွေပြန်လည်ထုတ်ချေးကာ လည်ပတ်လုပ် ကိုင်ရသည့်လုပ်ငန်းဖြစ်ရာ လတ်တလော အခြေအနေများကြောင့် ဘဏ်များ၏တည် ငြိမ်မှုမှာ စိန်ခေါ်မှုများရှိလာကာ ပြည်သူ များ၏ ဘဏ်စနစ်အပေါ် ယုံကြည်မှုလျော့  ကျလာခြင်းဖြစ်ကြောင်း သိရသည်။

ဘဏ်များမှ ငွေသားထုတ်ယူရန် ပိုမို ခက်ခဲလာခြင်းက ဘဏ်များအပေါ် ပြည်သူ များ၏ ယုံကြည်မှုကျဆင်းလာခဲ့ခြင်းဖြစ် သည်။

“နောက်ဆက်တွဲအနေနဲ့ ဘဏ်တွေက ငွေထုတ်မရရင် ဘာပြဿနာရှိလာနိုင်လဲ ဆိုတော့ ကျွန်တော်တို့က လက်ရှိကလူတွေ က ဘဏ်ကို ယုံကြည်မှုမရှိတဲ့အတွက်ကြောင့် မို့ အကောင့်နဲ့ပေးချေလို့မရဘူးဖြစ်နေတာ ပေါ့။ ငွေသားကိုပဲ သုံးစွဲတဲ့အတွက်ကြောင့် လက်ရှိကိုယ့်နိုင်ငံစီးပွားရေးက ငွေသားရှိ သလောက်ပဲ လည်တာပေါ့။ ဆိုပါစို့။ ကျွန်တော်ကတော့ သေချာစာရင်းဇယားတော့ မသိဘူး။ ငွေသားက ရှိတဲ့စုစုပေါင်းငွေရဲ့  ၁၀ ရာခိုင်နှုန်းပဲရှိတယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးကလည်း ဒီ ၁၀ ရာခိုင်နှုန်းအပေါ် အမှီပြုပြီး လုပ်ကိုင်နေကြတာပေါ့နော်။ ကျန် တဲ့  ရာခိုင်နှုန်း ၉၀ က ဘဏ်ထဲမှာသေနေတာ ပေါ့နော်။အဲဒါဘာပဲပြောပြော စီးပွားရေးက တုံ့နှေးနေတာပေါ့” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဇူလိုင်လအလယ်တွင် အမေရိကန် ဒေါ် လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းတန်ဖိုး သည် ဇန်နဝါရီ လကုန်ကတည်းကနှင့်နှိုင်း ယှဉ်လျှင် ၂၃ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ သည်။ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက် လာမှုကို လျှော့ချရန်နှင့် စျေးကွက်တွင်း နိုင် ငံခြားငွေ ပြတ်လပ်မှုမရှိစေရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းခဲ့ သော်လည်း အမေရိကန်ဒေါ်လာ ဝယ်ယူရန် ခက်ခဲနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့်အတူ ကုန်သွယ်မှု နှင့် ထောက်ပံ့ပို့ဆောင်ရေး အကန့်အသတ်များ ကြောင့် (အချို့သောဖြစ်စဉ်များတွင် ပြင်ပ အကြောင်းရင်းများကြောင့်) သွင်းကုန် ပစ္စည်းစျေးနှုန်းများ သိသိသာသာ မြင့်တက်သွားသည်။ ဇန်နဝါရီ လကုန်ကတည်းက လောင်စာဆီစျေးနှုန်းများသည် ရာခိုင်နှုန်း  ၅၀ နီးပါး မြင့်တက်လာခဲ့သည်။ သို့သော် ဝယ်ယူအား လျော့နည်းလာမှု အထူးသဖြင့်  အခြေခံစားကုန်မဟုတ်သည့် ဝယ်ယူမှုဖြစ် ခြင်းကြောင့် ငွေကြေးဖောင်းပွမှု၏ တစ် စိတ်တစ်ပိုင်းကို ထေမိစေသည်။ မည်သို့ပင် ဆိုစေကာမူ ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပျမ်း မျှ နှစ်စဉ်ငွေကြေးဖောင်းပွနှုန်း ခြောက်ရာ ခိုင်နှုန်းရှိမည်ခန့်မှန်းပြီး ဒုတိယနှစ်ဝက်တွင် ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက် လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဗဟိုဘဏ်က နည်းအမျိုးမျိုးဖြင့် ကုစားရန် ကြိုးပမ်းသော်လည်း ကျပ်ငွေများ စျေးကွက်အတွင်း ပြတ်လပ်နေဆဲဖြစ်ပြီး ဘဏ်ဝန် ဆောင်မှုများနှင့် ငွေပေးချေသည့် ဝန်ဆောင် မှုများ အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။

ဘဏ်များ၏ဝန်ဆောင်မှုအပိုင်းတွင် အဆင်မပြေမှုများစွာဖြစ်ပေါ်လာခဲ့ရာ ပြည် သူအများစု မိမိကိုယ်ပိုင်ငွေ ပြန်ထုတ်ရာ တွင်ပင် ခြောက်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း စသဖြင့် ရာခိုင်နှုန်းတစ်ခုပေး၍ အလိုက်ပေး ကာ ထုတ်နေရသည်။  

ဘဏ်များမှ ငွေထုတ်ရန်မလွယ်ကူ သည့်အခြေအနေနှင့် ATM များမှငွေ ထုတ်ရခက်ခဲနေချိန်အတွင်း ပြည်တွင်း ဘဏ်သုံးဘဏ် ဒေဝါလီခံရတော့မည်ဆို သည့်သတင်းများမှာ ပြည်သူများအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ သည်။

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်  များရုပ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်များ ပိတ် သိမ်းမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ် ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်  ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် မူတည်၍ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ရုပ်သိမ်းမည်ဆိုပြီး ကောလာ ဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆို သည့် သတင်းအမှားများ ထွက်ပေါ်လျက်ရှိ ကြောင်း ကြားသိရကြောင်း၊ အဆိုပါကော လာဟလသတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး၊ ဘဏ်များတွင်ငွေများ ထုတ် ယူနေခြင်းများကို ကြားသိနေရကြောင်း သြဂုတ် ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိုး ရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက် လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန် ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ် များသို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘဏ်သုံးဘဏ် ပိတ်သိမ်းမယ်ဆိုပြီး တော့ဖြစ်နေတဲ့ဟာတွေသည် ကောလာဟ လသာဖြစ်တယ်။ နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်အောင်လုပ်နေတာတွေ ဘဏ်တွေ ကနေ စည်းကမ်းနဲ့အညီ စည်းကမ်းဘောင် တွေနဲ့အညီ အလုပ်လုပ်နေတာတွေကို အ နှောက်အယှက်ပေးဖို့ သက်သက်လုပ်တာ ဖြစ်သလို ရောဂါကူးစက်မှုတွေ သေကျေမှု တွေနဲ့ စိတ်ဒုက္ခများနေတဲ့ပြည်သူလူထုကို ထပ်ပြီးတော့ ဒုက္ခနှစ်ခုဖြစ်အောင်လုပ်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ဗဟိုဘဏ်အနေနဲ့ လက်ရှိအခြေအနေမှာ မည်သည့်ဘဏ်ကို မျှ အရေးယူဖို့လည်း မရှိပါဘူး၊ပိတ်သိမ်းဖို့ လည်း မရှိပါဘူး” ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြော ကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ဘဏ် များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ  ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့က ကြေညာချက်တော့ ထုတ်နေ တယ်။ ဒါပေမဲ့ ကြေညာချက်တစ်ခုနဲ့တော့ မလုံလောက်ဘူး။ ကြေညာချက်ထုတ်တဲ့ သိန်း ၂၀၀ တောင် မပေးနိုင်တဲ့ဟာကိုး။ လွတ်လွတ်လပ်လပ်ဆိုတာ ခဏထားပေါ့။ အစိုး ရရဲ့ပရောဂျက်တွေ၊ တင်ဒါတွေ၊ ဆောက် လုပ်ရေးလုပ်တဲ့သူတွေတောင်မှ ငွေသား ထုတ်မပေးနိုင်ဘူးလေ။ ကိုယ့်ပြဿနာကိုယ် ရှင်းပဲ။ အဲဒီတော့ အဲဒီမှာ ဘာသွားထိခိုက် လဲဆိုရင် နိုင်ငံခြားကုမ္ပဏီတွေက ပြဿနာ တက်တယ်။ ဒါကြောင့် မြန်မာပြည်မှာ နိုင်ငံ ခြားကုမ္ပဏီတော်တော်များများ ရပ်ကုန် ကြတယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

“သူတို့ကျတော့ ကားကုမ္ပဏီဆိုပါတော့ ဥပမာ-Suzuki  တို့ ဘာတို့ဆိုလည်း အ ကောင့်နဲ့ရောင်းပြီး ကျွန်တော်တို့က ရောင်း ပေးတာပေါ့နော်။ ပြီးရင် ကားစက်ရုံကနေ ကားပြန်မှာဖို့ကျတော့ ပိုက်ဆံက ဒေါ်လာ ဝယ်လို့မရတော့ အကောင့်ထဲမှာရှိတဲ့၊ ဆိုပါတော့ ကားအစီး တစ်သောင်း ရောင်းလို့ ၄၀၊ ၆၀ ဘီလျံလောက်ဖြစ်သွားတယ်။ စက်ရုံက မှာဖို့ ဒေါ်လာဝယ်ဖို့ကျတော့ အကောင့် ထဲက ငွေနဲ့ ဝယ်လို့မရဘူး ။ ဒါက ဥပမာပေါ့။ ပြည်တွင်းကလူတွေက  ရာခိုင်နှုန်းနဲ့ပဲ ထုတ် ထုတ်၊ နည်းမျိုးစုံနဲ့ထုတ်လို့ ကြိုးစားလို့ ရတယ်။ နိုင်ငံခြားသားတွေ ကျတော့ အဲဒီလို လုပ်လို့မရဘူး။ သူတို့တွေက ဝန်ထမ်းတွေ၊ အချို့လည်း အများပိုင်ကုမ္ပဏီဆိုတော့ ရာခိုင်နှုန်းနဲ့ပြလို့မရဘူး။ ဒီရာခိုင်နှုန်းနဲ့ ဘယ်လိုထုတ်မလဲဆိုတာ သူတို့မသိဘူး။ အဲဒီတော့ သူတို့က ငုတ်တုတ်ထိုင်ပြီး ကြည့်နေရတယ်။ ဆိုတော့ တော်တော်များများက လုပ်ငန်းတွေ ရပ်ကုန်တယ်ဆိုတာလည်း ဒီအချက်ပါတယ်လို့ ကျွန်တော်မြင်တယ်၊ လုပ်ငန်း ဆက်လုပ်လို့မရဘူးတော့ဘူးပေါ့ နော်။ အကောင့်ထဲကငွေနဲ့ Cash ကြားမှာ ခြောက် ရာခိုင်နှုန်း၊ ခုနစ် ရာခိုင်နှုန်း၊ ရှစ် ရာ ခိုင်နှုန်းဖြစ်တယ်ဆိုတာ မြန်မာပြည်မှာပဲ ရှိ တာ။ ကျန်တဲ့ တစ်ကမ္ဘာလုံးမှာမရှိတော့ သူတို့ တွက်လို့မရဘူးဖြစ်နေကြတာ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် လက်ရှိအခြေအနေအတိုင်း ဆက် သွားနေမည်ဆိုပါက တစ်ဖက်တွင် ငွေထုတ် မရသည့် ပြဿနာ၊ အခြားတစ်ဖက်တွင် လတ်တလောနိုင်ငံရေးအခြေအနေ များနှင့် COVID-19 ရောဂါလှိုင်းများ၏ သက် ရောက်မှုများကြောင့် စီးပွားရေးလုပ်ငန်း အများစု၊ အထူးသဖြင့် အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ၊ အငယ်စား၊ အ သေးစားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများ ဆက်လက်ရပ်တည်ရန် ပိုမိုခက်ခဲ လာခြင်း၊ အချို့မှာ လုပ်ငန်းရပ်ဆိုင်းရမည့် အနေအထားများဖြစ်ပေါ်နေကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

“ဒီသက်ရောက်မှုက ဘာမှမဖြစ်ဘူး တော့မဟုတ်ဘူးပေါ့နော်။ လုပ်ငန်းဆိုတဲ့ သဘောက ကုန်ကျစရိတ်တွေ ရှိတာပေါ့နော်။ ရှိတဲ့အတွက် အကြောင်းအရာကတော့ တစ် ခုတည်းမဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော် တို့ဆီမှာက စုံနေတာပေါ့နော်။ ကျွန်တော် တို့ဆီမှာတော့  စီးပွားရေးသက်ရောက်မှုက ပိုစုံတာ”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့ သည်။

“လူတွေအများစုကတော့ ကိုယ့်ငွေကို ပြန်ထုတ်ချင်ကျတာပေါ့နော်။ လက်ရှိလည်း ဗဟိုဘဏ်အနေနဲ့ အကောင့်သစ်ဖွင့်တယ်။ ကျွန်တော်တို့လည်း အကောင့်သစ်တွေသုံး ပါတယ်။ ရတဲ့ငွေလည်း နှစ်ထရီလီယံလောက် ရှိပြီလို့ပြောတယ်။ ကျွန်တော်တို့အနေနဲ့ အကောင့်အဟောင်းကနေ အကောင့်အ သစ်ကို အမြန်ဆုံးလွှဲပြောင်းနိုင်တဲ့နည်းလမ်း တွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ငွေတော့ ကိုယ်ပြန်ထုတ်ချင်တာပေါ့နော်။ အခုဆို ခြောက်လရှိနေပြီ။ နောက် ဘယ်နှလလဲ၊ သုံး လလား၊ ခြောက်လလား၊ Timeline လေး ထုတ်ပြန်နိုင်ရင်တော့ ပိုပြီးကောင်းတာပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။

ငွေကြေးစနစ်နှင့် ဘဏ်စနစ်သည် ယုံကြည်မှုနှင့် တည်ဆောက်ထားခြင်းဖြစ် ကြောင်း၊ မလိုလားအပ်သည့် ထိန်းချုပ်မှုများ  ဖြေလျှော့မှသာ ပြည်သူများ၏ ယုံကြည်မှု ပိုမိုကောင်းလာကာ ဘဏ်စနစ်နှင့်စီးပွားရေး လုပ်ငန်းများ ရှင်သန်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ အကျပ်အတည်းနှင့်အခက်အခဲများ ကို စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများက ခါးစည်းခံနေရသဖြင့် ငွေကြေးရှားပါးမှု ပြဿနာနှင့် မလွဲမသွေဖြစ် ပေါ်လာမည့် စီး ပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန် ကန်သည့်မူဝါဒများ ချမှတ်အကောင်အထည် ဖော်ရန် မဖြစ်နေလိုအပ်နေပြီဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြော ကြားခဲ့သည်။