COVID-19 ကူးစက်နှုန်းနှင့် သေဆုံးနှုန်း မြင့်မားနေဆဲ မြန်မာနိုင်ငံ၌ တိုးချဲ့ဖွင့်လှစ်လာသည့် ကုသရေးစင်တာများ

COVID-19 ကူးစက်နှုန်းနှင့် သေဆုံးနှုန်း မြင့်မားနေဆဲ မြန်မာနိုင်ငံ၌ တိုးချဲ့ဖွင့်လှစ်လာသည့် ကုသရေးစင်တာများ
ရန်ကုန်မြို့ သိမ်ဖြူ APC COVID-19 ရောဂါကုသရေးစင်တာကို တွေ့ရစဉ်
ရန်ကုန်မြို့ သိမ်ဖြူ APC COVID-19 ရောဂါကုသရေးစင်တာကို တွေ့ရစဉ်
Published 15 August 2021
ပြည့်ဖြိုးအောင်၊ ငြိမ်းငြိမ်းသူ

မြန်မာနိုင်ငံတွင်  ကိုဗစ်တတိယလှိုင်းအတွင်း ဒယ်တာကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကူးစက်မှုနှင့် သေဆုံးနှုန်း ဆိုးရွားစွာမြင့်မားခဲ့ပြီး COVID-19 ရောဂါလက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့၊ အရသာပျောက်ခြင်း၊ အောက်ဆီဂျင်ကျခြင်းစသည်တို့ ခံစားကြရပြီး  ပြည်သူ့ဆေးရုံများရှိ ကုသရေးစင်တာများတွင် ခုတင်မလောက်လုံမှုများနှင့် ပုဂ္ဂလိကဆေးရုံများ၏ အခကြေးငွေမြင့်မားမှုများကြောင့် မတက်ရောက်နိုင်သဖြင့် မိမိနေအိမ်တွင်ပင် ဆေးကုသခဲ့ကြပြီး အောက်ဆီဂျင် မလုံလောက်မှုကြောင့် သေဆုံးသူအများအပြား ရှိခဲ့သည်။

ယခုနှစ် မေလကုန်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်ခဲ့ပြီး ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ  ရက်အလိုက် ငါးရာခိုင်နှုန်းအောက်ရှိခဲ့ရာမှ ဇွန်နှင့်  ဇူလိုင်လတွင် ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းများ မြင့်တက်ခဲ့သည်။

ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်မားနေဆဲ အခြေအနေ

သြဂုတ်လအစပိုင်းတွင် COVID-19 ရောဂါပိုး တွေ့ရှိမှုနှုန်းများ ဇူလိုင်လနည်းတူ ရာခိုင်နှုန်း ၃၀ အထက်တွင် သေဆုံးနှုန်းမှာလည်း ၃၀၀ ဦးအထက်တွင် ရှိခဲ့သည်။

သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုအရ နေ့စဉ်လူနာသစ် ၃၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး သေဆုံးသူမှာလည်း ၂၀၀ ကျော် ရှိနေဆဲဖြစ်သည်။

သြဂုတ်လတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ပိုးတွေ့နှုန်းမှာ သြဂုတ် ၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၃၄ ဒသမ ၇၃ ရာခိုင်နှုန်း၊ သြဂုတ် ၂ ရက်တွင် ၂၉ ဒသမ ၇၆ ရာခိုင်နှုန်း၊ သြဂုတ် ၃ ရက်တွင် ၃၃ ဒသမ ၀၆ ရာခိုင်နှုန်း၊ သြဂုတ် ၄ ရက်တွင် ၃၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ သြဂုတ် ၅ ရက်တွင်၂၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ သြဂုတ် ၆ ရက်တွင် ၃၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ သြဂုတ် ၇ ရက်တွင်၂၉ ဒသမ ၁၈ ရာခိုင်နှုန်း၊ သြဂုတ် ၈ ရက်တွင် ၃၂ ဒသမ ၆၇ ရာခိုင်နှုန်း၊ သြဂုတ် ၉ ရက်တွင် ၂၉ ဒသမ ၆၂ ရာခိုင်နှုန်း၊ သြဂုတ် ၁၀ ရက်တွင် ၃ဝဒသမ ၆၇ ရာခိုင်နှုန်း၊ သြဂုတ် ၁၁ ရက်တွင်၂၇ ဒသမ ၁၆ ရာခိုင် နှုန်း၊ သြဂုတ် ၁၂ ရက်တွင် ၂၆ ဒသမ ၇၄ ရာခိုင်နှုန်း၊ သြဂုတ် ၁၃ ရက် တွင် ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးနှုန်းအနေဖြင့် သြဂုတ် ၁ ရက်တွင် ၃၉၇ ဦး၊ သြဂုတ် ၂ ရက်တွင် ၃၃၀ ဦး၊ သြဂုတ် ၃ ရက်၊ ၃၁၂ ဦး၊ သြဂုတ် ၄ ရက်၌ ၃၂၂ ဦး၊ သြဂုတ် ၅ ရက်တွင် ၂၉၃ ဦး၊ သြဂုတ် ၆ ရက်တွင် ၂၇၄ဦး ၊ သြဂုတ် ၇ ရက် တွင် ၂၆၄ဦး၊ သြဂုတ် ၈ ရက်တွင် ၂၅၀ ဦး၊ သြဂုတ် ၉ ရက်တွင် ၂၃၈ ဦး၊ သြဂုတ် ၁၀ ရက်တွင် ၂၂၀ ဦး၊ သြဂုတ် ၁၁ ရက်တွင် ၂၁၈ ဦး၊ သြဂုတ် ၁၂ ရက်တွင် ၂၁၅ ဦး၊ သြဂုတ် ၁၃ ရက်၌ ၂၁၂ ဦး ရှိခဲ့ပြီး ၁၃ ရက်အတွင်း ၃၅၄၉ ဦးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှု အခြေအနေအရ မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါ ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်း အစပြုလာခဲ့သည့် ဇွန်လအတွင်း ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်နှင့် ဇွန်လအတွင်း သေဆုံးသူ ၁၁၀ ကျော် ရှိခဲ့သည်။

အလားတူ ပိုးတွေ့ရှိမှု ၂၀ ရာခိုင်နှုန်း အထက်ရှိခဲ့ပြီး ကူးစက်မှုနှုန်းနှင့်သေဆုံးနှုန်း မြင့်မားခဲ့သည့်  ဇူလိုင်လတွင် ပိုးတွေ့ရှိမှု အခြေအနေအရ ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါပိုးတွေ့ရှိမှု မြင့်တက်ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ဦးအထိ ရှိခဲ့သည်။

သို့သော် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင်ပင် နေ့စဉ်နှင့်အမျှ မိမိနေအိမ်များတွင်ပင် ဖျားနာခြင်း၊ အောက်ဆီဂျင်ကျခြင်းစသည့် COVID-19 ရောဂါသံသယဖြင့် သေဆုံးသူများစွာရှိနေပြီး သုသာန်များတွင် သင်္ဂြိုဟ်ရန်စောင့်ဆိုင်းရမှုများက နေ့စဉ်အမျှ ဖြစ်ပေါ်ကာ နေ့စဉ်သေဆုံးသူ ထောင်ဂဏန်းဝန်းကျင်ရှိကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

တိုးချဲ့ဖွင့်လှစ်ထားသည့် ကိုဗစ်ကုသရေးစင်တာများ၏ အခြေအနေ

ကိုဗစ်တတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လဆန်းမှစတင်ကာ COVID-19 ကူးစက်မှု မြင့်တက်ခဲ့သဖြင့် လှည်းကူး (ဖောင်ကြီး) စင်တာ၊ ဗိုလ်တထောင်၊ မရမ်းကုန်းအင်းလျားစင်တာ၊ MCC စင်တာ၊ ရိုးမရိပ်သာစင်တာစသည်တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကူးစက်မှုနှင့် သေဆုံးနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည့် ဇူလိုင်တွင် COVID-19 လူနာပြည်သူများအတွက် ယာယီကုသရေး စင်တာလေးခု ဖွင့်လှစ်ခဲ့ပြီး လှိုင်စင်တာ၊ ရန်ကင်း ပညာရေးကောလိပ်စင်တာ၊ ယဉ်ကျေးမှု တက္ကသိုလ်စင်တာ၊ အောင်မြင့်မိုရ်စင်တာတို့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စင်တာများတွင် စင်တာတစ်ခုချင်းစီအလိုက် လူဦးရေ ၃၅၀ ၊ ၆၀၀၊ ၂၀၀၀ ဦးအထိ လက်ခံပေးနိုင်မည်ဖြစ်ပြီး စင်တာနှင့်ပတ်သက်သည့် လိုအပ်သောဆောင်ရွက်မှုများအပေါ် မူတည်ပြီး လူနာများကို တစ်ဆင့်ချင်း လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“လူနာတွေက ငါးရက်နေ့က စလက်ခံနေပါပြီ။ အောက်ဆီဂျင် အရမ်းကျသွားရင်တော့ လောလောဆယ် လက်မခံသေးဘူး။  ဆေးရုံအပ်ဖို့ ပိုအဆင်ပြေတယ်။  ကိုဗစ်ဖြစ်ပြီး အောက်ဆီဂျင်ကျတာ ၉၃ အောက်လောက်ဆို လက်ခံပေးပါတယ်။ စင်တာကပဲ အစားအသောက် အကုန်လုံး၊ ဆေးဝါး၊ အောက်ဆီဂျင် စင်တာကပဲ အကုန်တာဝန်ယူပေးတယ်။  ဠသူကညအနနမ လုပ်ချင်တဲ့သူတွေကို‌တော့ အင်တာ ဗျူးပြန်လုပ်တယ်။  အတွေ့အကြုံ ရှိတဲ့သူတွေကို ဦးစားပေးပြီး ခေါ်တယ်။  လူနာကို ဆရာဝန်အင်အားနဲ့ ခုဆိုရင် ပိုပြီးပြည့်စုံလာပြီ။ လူနာတွေပိုလက်ခံလာနိုင်ပါပြီ။ ၆၀၀ အထိ လက်ခံနိုင်ပါလိမ့်မယ်။ ခုဆိုရင် လူနာ ၂၀၀ ဝန်းကျင်လောက်ရှိပါပြီ” ဟု ရန်ကင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာကို သြဂုတ် ၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ခုတင် ၆၀၀ ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး စင်တာတွင် ICU (12) ခုတင် ပါဝင်မည်ဖြစ်သည်။

လူနာလက်ခံမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနများက စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာသို့တက်ရောက်၍ ကုသမှုခံယူရမည်ဖြစ်ကာ စင်တာအနေဖြင့် လူနာတိုက်ရိုက်လက်ခံ၍မရကြောင်း သိရသည်။

“ဆရာဝန် အင်အားကနည်းနည်း လိုနေသေးတဲ့အတွက်တကယ်လို့ ဆရာဝန်အင်အား ပိုပြည့်စုံလာရင် လူနာပိုလက်ခံလာနိုင်လာမယ်။ ခု ဆရာဝန်အင်အားနဲ့ကတော့ ၂၀၀ လောက်ပဲ လက်ခံနိုင်သေးတယ်” ဟု ရန်ကင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာမှ ဆရာဝန်များနှင့် သူနာပြုများမှာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ မဟုတ်ဘဲ ပြင်ပဆရာဝန်၊ သူနာပြုများကို ချီးမြှင့်ငွေဖြင့် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာကို လေးကျွန်းသူ ဖောင်ဒေးရှင်း၏ ဦးဆောင်လှူဒါန်းမှုဖြင့် ဆန်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ ပဲနှမ်းလုပ်ငန်းရှင်များအသင်း အပါအဝင် မဟာမိတ်အသင်းငါးသင်း၊ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ COVID-19 လူနာ ၁၆၀ အား ကနဦးကုသနိုင်မည့် သုဝဏ္ဏ (ကမာကြည်) COVID-19 ကုသရေးစင်တာ (ITEM Center) ကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၊ ကမာကြည်တံတားအဆင်း ဘောလုံးကွင်းတွင် လူနာများထားရှိကုသရန် အဆောက်အအုံသုံးလုံး တည်ဆောက်လျက်ရှိပြီး လူနာ ၁၆၀ ခန့် ကနဦး လက်ခံမည်ဖြစ်ကာ နောက်ပိုင်းတွင် အရေအတွက်တိုးမြှင့် လက်ခံနိုင်ရန် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

“ဒီစင်တာမှ လူနာ ၁၆၀ ခန့် လက်ခံကုသပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ခုတင်အရေအတွက် ထပ်တိုးလက်ခံသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ITEM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တည်ဆောက်မှုအပိုင်းကို ဆောင်ရွက်နေဆဲဖြစ်ပြီး ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးပါက လူနာစတင်လက်ခံနိုင်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်ပြီး ယခုသြဂုတ်လအတွင်း လူနာလက်ခံနိုင်ရန် ရည်မှန်းထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါစင်တာကို ITEM ဘားက ဦးဆောင်တည်ဆောက်နေကြောင်းနှင့် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ လာရောက်ကုသမည့် လူနာများအတွက် စားသောက်ရေးကိစ္စရပ်များ၊ ကုသရေးကိစ္စရပ်များအတွက်ပါ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ 

သိမ်ဖြူလက်ဝှေ့ရုံအတွင်း COVID-19 လူနာများအား အခမဲ့ကုသပေးသည့် APC COVID-19 ရောဂါကုသရေး စင်တာအား သြဂုတ် ၁၂ ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမအဆင့်အနေဖြင့် လူနာ ၅၇ ဦးအား ကုသပေးလျက်ရှိသည်။

“ပထမအဆင့် လူနာ ၅၇ ဦး စထားတယ်။ ပထမအဆင့် ပြည့်သွားပြီးမှ ဒုတိယအဆင့်ကတော့ ၂၀၀ ကျော်လောက်အထိဆံ့မယ်လို့ လျာထားပါတယ်။ လောလောဆယ် ၅၇ ဦးကိုစတင်ပြီး လက်ခံနေပါပြီ။ ကျန်းမာရေးနှင့် ပတ်သက်တဲ့ ပစ္စည်းအားလုံးအပြည့် စီစဉ်ထားတယ်။ ဆရာဝန်အင်အားကလည်း အပြည့်ရှိတယ်။ နေ့ည ၂၄ နာရီ သူ့ဂျူတီနဲ့သူ ဆရာဝန်အင်အားရော အပြည့်အစုံနဲ့ ဆောင်ရွက်နေပါတယ်။ နောက်လူနာလက်ခံတာ၊ လူနာကုသတာ၊ လူနာနဲ့ပတ်သက်တဲ့ကိစ္စက ဆရာဝန်အဖွဲ့က ဆုံးဖြတ်ပါတယ်” ဟု APC COVID-19 ရောဂါကုသရေးစင်တာမှ ဦးလှမင်းက ပြောကြားသည်။

အဆိုပါစင်တာတွင် ဆရာဝန်ရှစ်ဦး၊ Volunteer အင်အားနှင့်ရုံးပိုင်း စုစုပေါင်း ၅၀ ဦးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ပထမအဆင့်ပြီးရင် အားနည်းချက်တွေကို ထပ်မံပြုပြင်ပြီး ဒုတိယအဆင့်အတွက် ဆောင်ရွက်မှာပါ။ လူနာတစ်ဦးစီအတွက် Concentrator တစ်လုံး၊ ဆလင်ဒါအိုးသုံးလုံး အဆင်သင့်ထားပေးထားပါတယ်” ဟု APC COVID-19 ရောဂါကုသရေးစင်တာ ဦးလှမင်းက ပြောကြားသည်။

အဆိုပါစင်တာတွင် လူနာတင်ယာဉ်ခြောက်စီးကို အဆင်သင့်ထားထားပြီး လိုအပ်သည့် လူနာများအား စင်တာရှိ ဆရာဝန်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ သွားခေါ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“လူနာရော၊ လူနာရှင်ကိုရော အကျွေးအမွေးကစ အခမဲ့ပါ။ ဆေးကုသမှုလည်း အခမဲ့ပါ။ နောက်လူနာကို ဆရာဝန်က ဒီလူနာကို ခေါ်ဖို့လိုပြီဆိုတာနဲ့ လူနာတင်ကား ကားခြောက်စီးထားတာတယ်။ ချက်ချင်း သွားခေါ်ပေးတယ်။ ချက်ချင်း ကုသမှုစတင်ပေးတယ်။ ကျွန်တော်တို့ဆီမှာ လူနာစတင်ရောက်တာနဲ့ လူနာပြန်ပြီးဆင်းသက်သွားတာနဲ့ ဘာငွေကြေးမှပေးစရာမလိုဘူး။ အားလုံးအခမဲ့ပါ” ဟု ဦးလှမင်းက ပြောကြားသည်။

APC COVID-19 ရောဂါ ကုသရေးစင်တာကို APC Public Business Group က ဒါရိုက်တာအဖွဲ့များက ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ကုသရေး ဆေးရုံကြီးများအဖြစ် ဝေဘာဂီဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ အရိုးဆေးရုံကြီး၊ အရှေ့ပိုင်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါသစ် ဆေးရုံကြီးတို့တွင် တိုးမြင့်ကုသမှု ပေးလျက်ရှိသည်။

COVID-19 ကူးစက်ခံရသူများနှင့် ရောဂါသံသယရှိသူများအတွက် လုံလောက်သောကုသရေး စင်တာများ မြန်မြန်ဆန်ဆန် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အရေးကြီးပြီး ရောဂါကူးစက်ခံရသူများနှင့် ရောဂါသံသယရှိများအနေဖြင့် ကုသရေးစင်တာသို့ စနစ်တကျ ဆေးကုသမှုခံယူမှသာ သေဆုံးမှုနှုန်း ဟန့်ထားမည်ဖြစ်သည်။

COVID-19 ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းကို ထိန်းချုပ်ဟန့်တားရာတွင် ကာကွယ်ဆေးထိုးခြင်းမှာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးများကို ထိုးနှံလျက်ရှိပြီး ဦးတည်ဦးစားပေးအလိုက် ထိုးနှံမည်ဖြစ်သည်။

လက်ရှိတွင် COVID-19 ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်သည် အလွယ်တကူ ကူးစက်စေတက်ပြီး ကူးစက်မှုအလွန် လျင်မြန်သဖြင့် ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှု၊ ဆေးရုံတက်ရောက်ရမှုတို့မှ ၉၀ ရာခိုင်နှုန်းနှင့်အထက် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

သို့သော် ရောဂါကူးစက်ခံရခြင်းမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မပေးနိုင်ဘဲ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါဖြစ်လျှင် ပြင်းထန်စွာ ဖြစ်ပွားနိုင်သည့် လူအုပ်စုများကို တားဆီးကာကွယ်ပေးနိုင်ခြင်းဖြင့် သေဆုံးမှုလျော့ကျစေနိုင်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် COVID-19 စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုနှုန်း မြင့်မားမှုကို ထိန်းချုပ်ဟန့်တားနိုင်မည် ဖြစ်သည်။