တောင်ကိုရီးယား မင်းသမီးချော ဆောင်းဟေကိုသည် “Descendants of The Sun” ဇာတ်လမ်းတွဲ ဖန်တီးသူ ဒါရိုက်တာ Lee Eung Bok ရိုက်ကူးမည့် ဒရာမာဇာတ်ကားသစ်တွင် ပါဝင်ရန် ဆုံးဖြတ်ထားသည်ဟု မကြာမီရက်ပိုင်းက Newsen သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဆောင်းဟေကိုသည် ထိုဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ရန်နှုတ်ဖြင့်သာ သဘောတူထားသေးသည်ဟုသိရပြီး ယခင်ဇာတ်ကားများတွင် သူမကိုမမြင်ဖူးသေးသည့် ကာရိုက်တာမျိုးဖြင့် တွေ့ရမည်ဖြစ်ကာ လျှို့ဝှက်သည်းဖိုဇာတ်ကားအမျိုးအစားဖြစ်သည်။
ဒါရိုက်တာ Lee Eung Bok ဆိုသူမှာလည်း “Goblin” ၊ “Mr.Sunshine” နှင့် “Sweet Home” ကဲ့သို့ လူကြိုက်များသည့် ဒရာမာဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၎င်းရိုက်ကူးခဲ့သည့် (ဆောင်းဟေကိုပါဝင်သည့်) “Descendants of The Sun” ဇာတ်လမ်းတွဲသည် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။
လက်ရှိတွင် ဆောင်းဟေကို ပါဝင်ထားသည့် “Now, We Are Breaking Up” ဇာတ်လမ်းတွဲကို ၂၀၂၁ ဒုတိယနှစ်ဝက်ထဲတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။