တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်နှင့် အီတလီအသင်းတို့၏ ယူရို-၂၀၂၀ ဗိုလ်လုပွဲမတိုင်မီ လက်မှတ်မဲ့အင်္ဂလန်ပရိသတ်များ ဝင်ဘလေကွင်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဝင်ဘလေကွင်းမှာ ပရိသတ်(၉၀၀၀၀)ဝန်းကျင် ဝင်ဆံ့သည့်ကွင်းဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရိသတ်(၆၇၅၀၀)သာ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ ပြီး အီတလီပရိသတ်များအတွက် လက်မှတ်ခွဲတမ်းမှာ (၇၅၀၀)ဖြစ်သည်။
ထို့ကြောင့် အိမ်ရှင်အင်္ဂလန်ပရိသတ်များအနေဖြင့် ပြိုင်ဘက်အသင်းပရိသတ်များထက် လက်မှတ်ခွဲတမ်းများစွာ ပိုမိုရရှိထားသော်လည်း အားပေးကြည့်ရှုလိုသည့် ပရိသတ်များမှာ အလွန်အမင်းများပြားခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတစ်ခု၏ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်နိုင်ခြင်းဖြစ်သောကြောင့် အင်္ဂလန်ပရိသတ်များသည် ယင်းပွဲကို အားပေးကြည့်ရှုခွင့်ရရန် စိတ်အားထက်သန်နေကြခြင်းဖြစ်သည်။
အင်္ဂလန်ပရိသတ်များသည် ဝင်ဘလေကွင်းအနီးသို့ တနင်္ဂနွေနေ့နံနက်ပိုင်းကတည်းက ရောက်ရှိလာခဲ့ကြပြီး ညနေပိုင်း၌ ဘီယာဘူးများ၊ ပုလင်းများဖြင့် ပစ်ပေါက်သောင်း ကျန်းမှုများ၊ မီးရှူးမီးပန်းပစ်ဖောက်မှုများ ရှိလာကြောင်း လည်း သိရသည်။
ထို့ပြင် ပြိုင်ပွဲစတင်ရန် နီးကပ်လာချိန်တွင် ဝင်ဘလေ ကွင်းမှ လုံခြုံရေးများ၊ အတားအဆီးများကို ကျော်ဖြတ်ကာ ကွင်းအတွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်များတွင်လည်း ပျံ့နှံ့ခဲ့သည်။

ယင်းဗီဒီယိုဖိုင်ထဲတွင် ပရိသတ်များ ကွင်းအတွင်း ပြေးဝင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပြီး လိုက်လံတားဆီးသည့် လုံခြုံရေးမှာလည်း အနည်းငယ်သာရှိခဲ့သည်။
သို့သော် ဝင်ဘလေကွင်း၏ ပြောရေးဆိုခွင့်ရှိသူကမူ ''ကွင်းအပြင်က လုံခြုံရေးဧရိယာမှာ မထင်မှတ်တာ ဖြစ်သွားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့ပါတယ်။ တားဆီးမှုတွေ အမြန်ဆုံးပြုလုပ်နိုင်ခဲ့တဲ့အတွက် လုံခြုံရေးစည်းတွေ ကျိုးပေါက်မှု မရှိခဲ့ပါဘူး။
လက်မှတ်မဲ့ပရိသတ်တွေ ကွင်းထဲကို လုံးဝမရောက်ရှိခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။
အဆိုပါပြောကြားမှုကို မက်ထရို ပိုလီတန်ရဲတပ်ဖွဲ့ကလည်း ထောက်ခံအတည်ပြုခဲ့သည်။
သို့သော် ကွင်းအပြင်မှပရိသတ်များမှာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို လိုက်နာခြင်းမရှိဟုလည်း ဆိုခဲ့သည်။















