မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေချိန်၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် အရေးပေါ် ဆောင်ရွက်ချက်တစ်ခုအနေဖြင့် မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ဗီဇာသက်တမ်း တိုးပေးထားကြောင်း ဂျပန်တရားရေးဝန်ကြီး ယိုကိုကာမီ ကာဝါက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသားများထဲမှ ဒုက္ခသည်အဆင့် လျှောက်ထားသူ ၅၀ ခန့်ရှိပြီး ယခုအချိန်ထိ မည်သို့မျှ ဆုံးဖြတ်ထားရသေးကြောင်း ဂျပန်တရားရေးဝန်ကြီးက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။
ဗီဇာသက်တမ်းတိုးပေးခံရသူများထဲတွင် မြန်မာ့လက်ရွေးစင် ဂိုးသမားပြည့်လျှံအောင်လည်း ပါဝင်ပြီး ဂျပန်၌ ခြောက်လနေထိုင်၍ အလုပ်လုပ်ခွင့် ရရှိထားသည်။
အသက်၂၇ နှစ်အရွယ် ပြည့်လျှံအောင်၏ ဒုက္ခသည်အဆင့်လျှောက်ထားမှုကိုလည်း ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက စဉ်းစားပေးဖွယ်ရှိကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် ဗီဇာသက်တမ်းကုန်သွားသည့် မြန်မာနိုင်ငံသားများကို နိုင်ငံထဲ၌ တရားဝင် ဆက်လက်နေထိုင်ခွင့်ပြုမည် ဖြစ်ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် မြန်မာကျောင်းသားများ၊ နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းသားများ အကျုံးဝင်ကာ ၎င်းတို့အနေဖြင့် ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းများကို နောက်ထပ် ခြောက်လ သို့မဟုတ် ၁၂ လအထိ သက်တမ်းတိုးနိုင်မည်ဖြစ်သည်။
၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဂျပန်နိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ ၃၅၀၄၉ ဦးရှိကြောင်း ဂျပန်လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပြီး မတ်လကုန်အထိ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ ၂၉၄၄ ဦး ရှိနေသည်။















