တာလီဘန်နှင့် အာဖဂန်နစ္စတန် အနာဂတ်

တာလီဘန်နှင့် အာဖဂန်နစ္စတန် အနာဂတ်
Photo:AP
Photo:AP
Published 3 July 2021
မေသုတ

အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စ တန်နိုင်ငံမှ ရုပ်သိမ်းသောကြောင့် ကဘူးမြို့ တော်ကိုတစ်နှစ်အတွင်းတာလီဘန်တို့က သိမ်းပိုက်နိုင်သော်လည်း ယင်းအခြေအနေ သို့မလွှဲဧကန်မကျရောက်နိုင်ရန်မှာအာဖဂန် ကာကွယ်ရေးတပ်ဖွဲ့၏ပိုမိုကောင်းမွန်စွာကိုင် တွယ်စီမံနိုင်မှုအပေါ်များစွာ မူတည်လိမ့်မည်ဟု အမေရိကန်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စစ်မက်ဖြစ်ပွားနေသော အာဖဂန်တွင် သူပုန်များသည် အာဏာပြန်လည်ရရှိနိုင်သည့်အပေါ် စိုးရိမ်မှုများမြင့်တက်နေသောကြောင့် အာဖဂန်နစ္စတန်တွင်နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူများက အာဖဂန်လုံခြုံရေးတပ်ဖွဲ့အတွင်း ခေါင်းဆောင်မှုပိုင်းညံ့ဖျင်းခြင်း၊အကျင့်ပျက်ခြစားခြင်းနှင့် မျိုးနွယ်စုကွဲပြားနေခြင်းတို့သည် တာလီဘန်တို့အား အကျိုးအမြတ်ရရှိစေနိုင်သည်ဟု သတိပေးပြောကြားခဲ့ပြီးသမ္မတအာရှက်ဖ်ဂါနီ၏ စိတ်ပျက်ဖွယ်အစိုးရက ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်း ရှိ၊မရှိအပေါ်၌လည်းများစွာ မူတည်နေသည်ဟု သုံးသပ်ထားကြသည်။

အမေရိကန်က အာဖဂန်နစ္စတန်မှ ၎င်းတပ်ဖွဲ့များရုပ်သိမ်းရန် နောက်ဆုံးသတ်မှတ် ရက်ကိုထုတ်ပြန်ချိန်ကတည်းက အစ္စလာမ်မစ်သူပုန်များသည် အာဖဂန်နစ္စတန်၏ ခရိုင်ပေါင်း ၄၀၀ တွင် ဒါဇင်နှင့်ချီသောခရိုင်များကို ထိန်းချုပ်ထားသည်။

အမေရိကန်တပ်များဆုတ်ခွာအပြီး ခြောက်လမှ ၁၂ လအတွင်း မြို့တော်ကဘူးကို တာလီဘန်တို့ အောင်မြင်စွာ ထိန်းချုပ်နိုင်လိမ့်မည်ဟု အမေရိကန်စုံစမ်းထောက်လှမ်းရေး အစီရင်ခံစာ၏ သုံးသပ်ခန့်မှန်းချက်ကို Wall Street ဂျာနယ်တွင် ဇွန် ၂၃ ရက်၌ ဖော်ပြထားသည်။

“အာဖဂန်အစိုးရအနေနဲ့ အရှိန်အဟုန်နဲ့ နယ်မြေပမာဏအများအပြားဆုံးရှုံးမယ်ဆိုတာ အမှန်တကယ် ငြင်းဆိုနိုင်ဖွယ်မရှိပါဘူး” အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းအဖွဲ့မှ အန်ဒရူးဝက်ကင်းစ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

“ဒါပေမဲ့ တာလီဘန်တို့လက်ထဲ ကဘူးမြို့တော် ရောက်ရှိမယ်ဆိုတာ ဖြစ်အံ့ဆဲဆဲမဟုတ်ပါဘူး။ တာလီဘန်တွေဟာစစ်ရေးအရ ရပ်တန့်လို့မရနိုင်တဲ့ လူသတ်စက်ယန္တရားကြီး မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သူပုန်များထိန်းချုပ်ထားသည့်ခရိုင် အများစုသည် နိုင်ငံ၏ကျေးလက်ဧရိယာ အပြင်ဘက််တွင် ဖြစ်သောကြောင့် ယင်းခရိုင်များသည်် မဟာဗျူဟာ သို့မဟုတ် စစ်ရေးအရ တန်ကြေးအနည်းငယ်သာရှိသည့်နေရာများ ဖြစ်သည်။ထိုနေရာများတွင် စစ်တပ်လိုအပ်ခြင်းမရှိပေ။

သို့သော် အချို့နေရာများသည် ပို့ဆောင် ရေး လမ်းကြောင်းများပေါ်တွင်ရှိပြီး အချို့မှာပြည်နယ်ဆိုင်ရာ မြို့တော်အနီးတစ်ဝိုက်များလည်းဖြစ်သည်။

“တာလီဘန်တွေက အဓိကမြို့တွေတစ်ဝိုက်မှာ သူတို့ရဲ့ တည်ရှိမှုတွေကိုပိုမို အားဖြည့်ထားတယ်။သူတို့တွေက မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ ဒီမြို့တွေကိုတိုက်ခိုက်သိမ်းယူဖို့ မသေချာဘူး” ဟုဝက်ကင်းစ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က အာဖဂန်လုံခြုံရေး တပ်ဖွဲ့များသည် တာလီဘန်တို့ကိုတိုက်ခိုက်ရန် အမေရိကန်၏လေကြောင်းအကူအညီကို ဆုံးရှုံးခဲ့ပြီး အာဖဂန်လေကြောင်းပျံသန်းမှုတွင် လုပ်ကိုင်နေသည့် ထောင်နှင့်ချီသော အမေရိကန်နိုင်ငံသား ကန်ထရိုက်တာများသည် စက်တင်ဘာလ၌ နိုင်ငံတွင်းမှထွက်ခွာ လျင် ၎င်းတို့ကိုယ်ပိုင်လေတပ်သည်လည်း အားနည်းသွားနိုင်သည်။

တာလီဘန်တို့သည် မဝေးတော့သည့် အချိန်တစ်ခုတွင် ကဘူးမြို့တော်ကို သိမ်းပိုက်နိုင်မည်မှာ ဖြစ်လာနိုင်ခြေရှိသည့် ကိစ္စရပ်ဖြစ်သည်ဟု ပင်တဂွန်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် CNA အတိုင်ပင်ခံ အာဖဂန်နစ္စတန်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသည့် ကာတာမယ်ကာဆီယန်က ပြောကြားခဲ့သည်။

သို့သော် ယင်းရလဒ်သည် တစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိသည်ဟု ၎င်းကပြောကြားခဲ့ပြီး လက်ရှိတွင်မူ ကဘူးမြို့တော်သည် ခြိမ်းခြောက်မှုအောက်တွင် ရှိမနေပေ။

“ကန်ဒါဟာမြို့ ဒါမှမဟုတ် မာဇာအီရှာရစ်ဖ်မြို့တွေလိုမျိုး မြို့ကြီးတွေ ဆုံးရှုံးနေတာကို ခင်ဗျားတို့တွေ မြင်လာရမယ်ဆိုရင် အဲ့နောက်မှာတော့ ကဘူးမြို့တော်ကိုစတင် စိုးရိမ်သင့်နေပြီ” ဟု မယ်ကာဆီယန်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်အတွက် အမေရိကန် အထူးကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် Rand Corporation ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂျိမ်းစ်ဒေါ့ဘင်က တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“တာလီဘန်တွေက အခုချိန်မှာတော့ သေချာပေါက် အကျိုးအမြတ်တွေရနေကြမှာပါ။ ဒါပေမဲ့ သူတို့တွေရဲ့ အကျိုးအမြတ်တွေဟာ သူတို့တွေကိုထောက်ခံနေကြသူတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်နေပါတယ်” ဟု ၎င်းကဆိုသည်။

တာလီဘန်တို့ အာဏာရရှိခဲ့သည့် ၁၉၉၆ ခုနှစ်နောက်ပိုင်း ၎င်းတို့အတွက်မြို့ကြီးများသည် စိန်ခေါ်မှုအဖြစ် ရှိနေပေသည်။အာဖဂန်နစ္စတန်တွင် လူဦးရေ ပိုမိုထူထပ်လာခြင်း၊မြို့ပြဖြစ်လာခြင်း၊ပညာရေး ပိုမိုကောင်းမွန်လာခြင်း၊ ဆက်သွယ်ရေး ပိုမိုအားကောင်းလာခြင်းနှင့် စီမံခန့်ခွဲ၍ ပိုမိုရှုတ်ထွေးလာသည်။

“အခြေခံအဆောက်အဦး အပြည့်အစုံရှိနေတဲ့ မြို့တွေမှာ သူတို့တွေ(တာလီဘန်) တွေကို ထောက်ခံသူများများစားစား မရှိဘူူး” ဟု ၎င်းကဆိုသည်။

“လက်ရှိအချိန် ကဘူးမြို့တော်မှာ လူဦးရေငါးသန်း ရှိပါတယ်။ တာလီဘန်တွေက ကဘူးကိုနောက်ဆုံးထိန်းချုပ်ခဲ့တုန်းကလိုမျိုး ဖြစ်လာမယ်မထင်ပါဘူး။ ကဘူးကို သူတို့လက်အောက် သိမ်းပိုက်ဖို့ ပိုမိုခက်ခက်ခဲခဲ ကြိုးပမ်းရမယ်လို့ကျွန်တော်ထင်ပါတယ်” ဟု ဒေါ့ဘင်က ပြောကြားခဲ့သည်။

အာဖဂန်စစ်တပ်အနေဖြင့်လုပ်ဆောင်ရန် လိုအပ်သည်များကို ဆောင်ရွက်နေပြီး ပြည်သူ့စင်တာများနှင့် အဓိကထောက်ပံ့ရေး လမ်းကြောင်းများကို အာရုံစိုက် ကာကွယ်ထားရမည်ဟု ဝက်ကင်စ်က ဆိုသည်။

ထို့ပြင်မကြာသေးမီက ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် စစ်တပ်၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်မှုပိုမိုတိုးမြင့်စေနိုင်သည်။

“အာဖဂန်စစ်တပ်ဟာ အားကောင်းပြီး ကြံ့ကြံ့ခံနိုင်တယ်ဆိုတာကို ပြသရပါမယ်။အဲ့ဒါမှသာ တာလီဘန်တွေက တိုင်းပြည်ကို အင်အားသုံးရယူရန် ကြိုးပမ်းဖို့ ပြန်လည်စဉ်းစားမိစေမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

နယ်မြေများ ဆုံးရှုံးမှုကိုခံစားခဲ့ရသော အာဖဂန်အစိုးရသည်နိုင်ငံရေးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် အဆုံးသတ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

တာလီဘန်တို့သည် အနာဂတ်အာဖဂန်အစိုးရနှင့် စေ့စပ်ဆွေးနွေးမှုတွင် ၎င်းတို့သည် အသာစီးရရှိနေချိန်တွင် တစ်ဖက်မှလည်း အစိုးရအပေါ်ပြည်သူများ၏စိတ်ထားနှင့် ယုံကြည်မှုတို့ကိုလည်း တတ်နိုင်သမျှ တိုက်စားရန် အာရုံစိုက်နေကြောင်း မယ်ကာဆီယန်က ပြောကြားခဲ့သည်။

“နောက်ဆုံးမှာ သူတို့ဖြစ်ချင်တာကတော့ ကဘူးမြို့တော် ဒါမှမဟုတ် နိုင်ငံထဲမှာရှိတဲ့ အခြားနေရာတွေကိုပါ အနိုင်ရဖို့ အင်တိုက်အားတိုက် တိုက်ခိုက်နေစရာ မလိုအပ်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

“သူတို့ဖြစ်ချင်တာကတော့ အာဖဂန်အစိုးရ ပြိုကွဲသွားဖို့ပါ။ အဲ့ဒါမှ လစ်လပ်နေတဲ့နေရာကို သူတို့က ဝင်ရောက်နိုင်မှာဖြစ်ပါတယ်” ဟု မယ်ကာဆီယန်က ဆိုသည်။

သူပုန်များအား အာဏာကို လက်လွှတ်စေချင်လျှင် ၎င်းတို့၏ ယုံကြည်မှုကိုရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် အလွန်အရေးကြီးကြောင်း မယ်ကာဆီယန်က အလေးပေးပြောကြားခဲ့သည်။

“တာလီဘန်တွေက နိုင်ငံတကာအသိအမှတ်ပြုတာကို လိုချင်တာပါ။အနာဂတ်မှာ ထောက်ပံ့ကူညီတာတွေကိုလည်း သူတို့လိုချင်တာပါ” ဟု ၎င်းကမှတ်ချက်ပြုပြောကြားခဲ့သည်။

Most Read

Most Recent