ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးသောကြောင့် မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်လေ့ ရှိကြသည်။ အမှန်တကယ်တွင် မကွေးတိုင်းအတွင်း စားသုံးဆီအတွက် မြေပဲနှင့်နှမ်း စိုက်ပျိုးထွက်ရှိရုံသာမက လောင်စာဆီ၏ ပင်မရင်းမြစ်ဖြစ်သော ရေနံကိုလည်း တူးဖော်ရရှိနိုင်သည်။ ကမ္ဘာပေါ်တွင် ရေနံကို အစောဆုုံးတွေ့ရှိရာဒေသဟု အဆိုရှိသည့် ရေနံချောင်းမြို့ အပါအဝင် ချောက်၊ လမ်းရွာ၊ မင်းဘူး၊ မန်းသံပုရာကန် စသည့်ဒေသများတွင် အစိုုးရရေနံမြေများ တည်ရှိကြသည်။ ထိုအစိုးရ ရေနံမြေများသာမက မင်းလှ၊ သရက်၊ ရေနံချောင်း မြို့နယ်များအတွင်း ပုဂ္ဂလိကပိုင် ရေနံမြေများ (ဒေသအခေါ်) ရေနံမှော်ပေါင်းများစွာလည်း တည်ရှိကြသည်။
ထိုရေနံမှော်များအနက် မကွေးတိုင်းအတွင်း ရေနံမှော်များ အများဆုံး တည်ရှိရာဖြစ်သည့် မင်းလှမြို့နယ်အတွင်း ရေနံမှော်များသို့ ဇွန်လဆန်းပိုင်းက ရောက်ဖြစ်ခဲ့သည်။ မင်းလှမြို့နယ်အတွင်းရှိ ရေနံမှော်ပေါင်း ၃၀ ကျော်ခန့်အနက် ထန်းကိုင်း၊ ငနောင်မုန်း၊ ရေနံမ၊ ဓာတ်ကုန်း ရေနံမှော်များသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုရေနံမှော်များသို့ ၂၀၁၀ ခုနှစ်ခန့်မှစ၍ တစ်နှစ်လျှင် သုံးကြိမ်ခန့် အနည်းဆုံး ရောက်ရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် ရောက်ရှိရခြင်းက ထူးခြားသော မြင်ကွင်းနှင့် အသစ်အသစ်သော အတွေးများစွာတို့ကို မြင်တွေ့ ခံစားမိစေခဲ့သည်။ ယခင်နှစ်များက ယင်းရေနံမှော်များသို့ ရောက်ရှိချိန်တွင် မီးစက်သံ၊ သံပိုက်လုံးချင်း ရိုက်ခတ်သံ၊ တွင်ခုုံအလုပ်ရုံများမှ စက်ကိရိယာတို့၏ လည်ပတ်သံများ သောသောညံနေခဲ့သော်လည်း ယခုတစ်ခေါက် ရောက်ရှိချိန်တွင် ထိုအသံများ ဆိတ်သုဉ်းနေခဲ့သည်။ ထိုုအသံများ ငုုပ်လျှိုးသွားရခြင်းမှာ အဆိုပါ ရေနံမှော်များသိုု့ လာရောက် မှီခိုုဖူးခဲ့ကြသူ အများအပြား ထိုနေရာများကို စွန့်ခွာသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ စွန့်ခွာသွားကြခြင်း၏ မမြင်နိုုင်သောအပိုုင်းတွင် ရေနံတွင်းသစ်များ တူးဖော်သော်လည်း ရေနံစိမ်းမတွေ့ရဘဲ ရေနံတွင်းဟောင်းများမှလည်း ရေနံစိမ်း ခပ်ယူရရှိမှု နည်းပါးလွန်းခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ယခင်နှစ်များက တောတွင်း ပွဲတော်ကြီးများအလား လူဦးရေ သိန်းနှင့်ချီ၍ နေ့နေ့ညည စည်ကားခဲ့သော်လည်း ယခုလက်ရှိတွင် စစ်တလင်းပြင်အလား၊ သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်ခဲ့သည့် နေရာဒေသများအလား လူခြေတိတ်စ ပြုနေခဲ့သည်။
“မှော်တွေထဲမှာက ရေနံထွက်နှုန်းတွေ လျော့ကျလာလိုု့ တွင်းတူးသူတွေ နည်းလာတာပါ။ အဓိကတော့ ရေနံထွက်နှုန်း နည်းတာထက် ရေနံစျေးတွေ အဆမတန် ထိုးကျခဲ့တာကြောင့်လည်း ပါပါတယ်။ ကျွန်တော်တို့ တူးနေတဲ့ ရေနံကြောတွေကလည်း ပင်မ အကြောကြီးတွေ မဟုတ်ဘဲ အပေါ်ယံ သက်နုကြောလေးတွေဆိုတော့ ခန်းကုန်တာလည်း ဖြစ်နိုင်ပါတယ်။ အခုကျတော့ ရင်းနှီးရတဲ့ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ရေနံစျေးတွေ မကာမိလို့ တွင်းသစ်တူးသူ မရှိသလောက်ပါပဲ။ အရင်တွင်းဟောင်းတွေက ရသလောက် ခပ်နေသူနဲ့ မူလမြေပိုင်ရှင်တွေက တစ်ပိုင်တစ်နိုင် တူးနေကြတာလောက်ပဲ ရှိတော့တာပါ။ ဓာတ်ကုုန်းမှော်နဲ့ ကျွန်တော်တိုု့ မှော်ထဲက တချို့နေရာတွေမှာတော့ ရေနံကြောလေးတွေ တွေ့လို့ အသစ်တူးသူ အနည်းအပါး ရှိပါတယ်” ဟု ဒဟတ်ပင် ရေနံမှော်မှ ဒေသခံတစ်ဦးက ရေနံမှော်များ၏ လက်ရှိအခြေအနေကိုု ပြောပြခဲ့သည်။
ဒေသခံ အများစုကလည်း ရေနံထွက်နှုန်း လျော့ကျလာမှုနှင့် ရေနံစျေးနှုန်း ကျဆင်းမှုများကြောင့် ရေနံတူးလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြပုံကိုု ပြောပြခဲ့ကြသည်။ ပေ ၂၀၀၀ ခန့်အထိ တူးဖော်နိုင်သော ရေနံတွင်းတူးစင် တစ်စင်သည် ကာလတန်ကြေးဖြင့် ကျပ်သိန်း ၂၀၀ ကျော်အထိ စျေးရှိသည်။ COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယကာလအတွင်း ရေနံစိမ်း တစ်ပီပါလျှင် ကျပ် ၆၀၀၀၀ အထိ စျေးကျဆင်းခဲ့ပြီး ယခုု ဇွန်လဆန်းပိုုင်းတွင် တစ်ပီပါလျှင် ကျပ် ၁၂၀၀၀၀ နီးပါးသို့ စျေးပြန်တက်လာခဲ့သည်။ သို့သော် ရေနံတွင်း တစ်တွင်းအတွက် တွင်းတူးစင်အပြင် မြေနေရာဖိုး၊ အလုပ်သမားခ၊ သယ်ယူစရိတ်များ အားလုံးပေါင်း၍ ကုန်ကျမည့်ငွေနှင့် လက်ရှိ ရေနံစျေးနှုန်း အနေအထားများအရ ရေနံတူးဖော်သူများအတွက် တွက်ခြေမကိုက်ရုံသာမက ရေနံတွင်းတစ်တွင်းမှ ရေနံ မအောင်ခဲ့ပါက အရင်းအနှီးအားလုံး အကောသိကံ ဖြစ်ရတော့သည်။
မိမိအနေဖြင့် ဒေသခံများ ပြောပြသည့် လက်ရှိ အခြေအနေနှင့် ရေနံမှော်များ၏ အချက်အလက်များအပေါ် အတွေးဒွိဟ ဖြစ်နေမိခဲ့သည်။ ရေနံတူးလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြ၍ ဒေသခံများနှင့် ရေနံမှော်များသို့ လာရောက် မှီခိုသူများ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရခြင်းနှင့် ရေနံမှော်များနှင့် ဆက်စပ် လယ်ယာမြေများတွင် သီးနှံစိုက်ပျိုး၍ မရသည်အထိ ပျက်စီးကျန်နေခဲ့ခြင်းများကို နှိုင်းယှဉ်တွေးမိနေခဲ့သည်။ ထိုသိုု့ သီးနှံများ မစိုက်ပျိုးနိုင်တော့သည့် အခြေအနေများထက် စိတ်မသက်စရာ ဖြစ်ခဲ့သည်က မှော်ဒေသအချို့၏ မြေအောက်ရေကြောများတွင် ရေချိုမှ ရေငန်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းများကို မြင်တွေ့ ကြားသိခဲ့ရခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရွာမှာ ဟိုးအရင်က အပေါ်ယံ စမ်းရေကြောတွေမှာ ရေချိုကြောတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ရွာတောင်ပိုင်းက အိမ်တိုင်းနီးပါး အိမ်ဝိုင်းထဲမှာ ရေနံတွေ တူးခဲ့ကြပြီး အခုတော့ စမ်းကြောတွေလည်း ပျောက်ကုန်ပါတယ်။ ကျွန်တော်တို့ရွာမှာက အရင်ကတည်းက မြေအောက်ပေ အနက်တူးလည်း ရေကြော မတွေ့ခဲ့ပါဘူး။ အခုတော့ အပေါ်ယံ စမ်းရေကြောလည်း မရှိတော့ ကန်ရေကိုပဲ အဓိကထား သုံးကြရပါတယ်။ တတ်နိုင်သူတွေကတော့ ရေသန့်ဘူးတွေ ဝယ်သောက်ကြပါတယ်။ ရေနံတွေ ခေတ်ကောင်းတုန်းကတော့ လှည်းနွားတွေလည်း ရောင်းပစ်ကြပြီး ယာမြေတွေလည်း ဘာမှ မစိုက်ပျိုးခဲ့တော့ အခုအချိန်မှာ ယာမြေတွေက အသစ်လို ပြန်ထွန်ယက်နေကြရပါတယ်။ တောင်သူတချို့က အခုုမှ ယာမြေလုပ်ငန်းတွေကို အသစ်လို ပြန်စနေကြရတာပါ”ဟု မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ဒေသခံများက ပြောပြကြသကဲ့သို့ လယ်ယာလုပ်ငန်းများကို ပစ်ခွာ၍ ရေနံတူးခဲ့ကြပြီး ယခုအချိန်တွင်မှ လယ်ယာ လုပ်ငန်းများအား တစ်ကြော့ပြန် အာရုံလည်လာသူများသည် ရေနံမှော်ဒေသများတွင်သာ တည်ရှိကြသည် မဟုတ်။ ရေနံမှော်နှင့် အနီးတစ်ဝိုက် ကျေးရွာများစွာမှသာမက မြို့နယ်ခြား၊ အခြား တိုင်းဒေသကြီးများမှ လာရောက်ခဲ့ကြသူများပင် ရှိခဲ့သည်။ မင်းလှမြို့နယ်အတွင်း ရေနံမှော်များ အစည်ကားဆုံးအချိန်များက ထိုမှော်များသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နာဂစ်ဒေသများ အပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှသာမက ပြည်နယ်နှင့် တိုင်းဒေသကြီးများစွာတို့မှ လူမျိုးစုံစွာ လာရောက် လုပ်ကိုင်ခဲ့ကြသည်။ ယခု ရေနံမှော်များအတွင်းမှ ထိုသူများက အလျှိုအလျှို ထွက်ခွာသွားကြပြီးနောက် သူတို့၏ ခြေရာလက်ရာများပမာ ရေနံတွင်းပေါက်ဟောင်းများ၊ တွင်းတူးကြစဉ်က ရွှံ့ဗွက်အိုင်များ အများအပြားလည်း ကျန်ရစ်နေခဲ့သည်။ ထိုသို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနေအထားများကို ဖာထေးကုစားရန် အစီအစဉ်များကို မမြင်တွေ့ရသော်လည်း ရေနံတူးခြင်းကိုသာ ဘဝတစ်ခုအဖြစ် ရပ်တည်တတ်သူများက အခြားနေရာဒေသ အသစ်များသိုု့ သွားရောက်၍ ရေနံတွင်းအသစ်များ စမ်းသပ် တူးဖော်နေကြသည်ကိုတော့ ကြားသိခဲ့ရသည်။
ရေနံမှော်များသို့ ရောက်ရှိခဲ့စဉ်က ရေနံတွင်းပေါင်ဟောင်းများ၊ ရေနံတူးစဉ်က ကျန်ရှိနေသည့် ဗွက်အိုင်များနှင့် ရေနံအစွန်းအကွက်များကို သီးနှံစိုက်ခင်းများနှင့် တစ်ဆက်တည်း နေရာများတွင်လည်း မြင်တွေ့ခဲ့ရသည်။ ထိုအရာများသည် ရေနံတူးလုပ်ငန်းများ ဆိတ်သုဉ်းသွားခဲ့ပြီးနောက် ကမ္ဘာမြေ၏ အရေပြားပေါ်တွင် စွဲထင်ကျန်ခဲ့သည့် အမာရွတ်များခန့်သာ မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုအမာရွတ်များ၏ အတွင်းပိုင်းရှိ ကမ္ဘာ့မြေလွှာတွင် တစ်တွင်းနှင့်တစ်တွင်း ပေ ၂၀ အကွာခန့်ဖြင့် တွင်းပေါင်း သောင်းနှင့်ချီ တူးဖော်ခဲ့သော အနေအထားက ပတ်ဝန်းကျင် ထိခိုက်မှုအတွက် မည်မျှနက်ရှိုင်းမည်ကို အတွေးမမီဖြစ်ခဲ့ရသည်။ ထိုသို့ လယ်ယာမြေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ခြင်းများက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းများ ဖြစ်ပါက လူတို့၏ အကျင့်စရိုက်များ ပျက်စီးကျန်ခဲ့ခြင်းကို စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများဟု ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံပိုင် သယံဇာတဖြစ်သည့် ရေနံစိမ်းများကို လိုင်စင်ရှိသူ အနည်းအကျဉ်းနှင့် လိုင်စင် မရှိသူ အများစုက တူးဖော်ခဲ့သော်လည်း တရားဝင် လုပ်ငန်းများအသွင် နှစ်ရှည်လများ လည်ပတ်နေခဲ့သောကြောင့် ဖြစ်သည်။
တစ်ချိန်တစ်ခါက ဘဝအမျိုးမျိုးကို ဝမ်းကျောင်းသူများဖြင့် နေ့ရောညပါ စည်ကားခဲ့သော်လည်း ယခုအချိန်တွင် ဒဏ်ရာ ဗလပွဖြင့် တိတ်ဆိတ်နေသည့် ရေနံမှော်များသို့ ရောက်ရှိခဲ့ရခြင်းက မတည်မြဲခြင်းနိယာမ ကိုု မြင်ကွင်းကျယ်ဖြင့် မြင်တွေ့ခွင့်ရခဲ့သည်။ အတိတ်နှင့် ပစ္စုပ္ပန်ကို မြင်ကွင်းချင်း ပြောင်းပြန် လှန်ပြလိုက်သော မှော်ဆရာတစ်ဦး၏ ပြကွက်တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သိုု့ ခံစားခဲ့ရသည်။ ထို့အပြင် အနာဂတ်ကာလတွင် အဆိုပါ ရေနံမှော်များကဲ့သို့ ရေနံတူးဖော်နိုင်သည့် ဒေသများကို တွေ့ရှိလာပါက မည်သိုု့သော နည်းလမ်း စည်းကမ်းများဖြင့် လုပ်ကိုင်ခွင့် ပြုကြမည်လဲ။ ထိုမှော်များကို မှီတင်း လုပ်ကိုင်ကြမည့် မှော်သူမှော်သားများကလည်း သဘာဝပတ်ဝန်းကျင် ထိခိုုက်ပျက်စီးမှုဆိုသည်ကို မည်သို့ ချင့်ချိန် နှလုံးသွင်းနိုင်ကြမည်လဲ။ သဘာဝ သယံဇာတများကို မဖြစ်သာ၍ တူးဖော် အသုံးပြုကြရသည့်တိုုင် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် မည်မျှနှိုင်းဆနိုင်စွမ်း ရှိကြမည်လဲ။ မှော်ဟူသည့်တိုင် ဆီကုန်ရေခန်း၍ မှော်ဓာတ် ခြောက်သွေ့နေသည့် မြင်ကွင်းများကို နောက်ထပ်တစ်ဖန် ထပ်မံ မမြင်တွေ့ကြစေရေး မည်သို့ စီစဉ်ဆောင်ရွက်ပေးနိုင်ကြမည်လဲ။ အဆီခန်းစ ရေနံမှော်များသို့ ရောက်ရှိခဲ့ရခြင်းက လူသားတို့၏ အသောမသတ်နိုင်သည့် လိုအင်ဆန္ဒများက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိကြောင်းကို သိမြင်စေခဲ့သည်။










