လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၆၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တင်ပို့ထားမှုထက် သွင်းကုန်တင်သွင်းထားမှု ပို၍များနေခြင်းကို ဆိုလိုသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၄ ရက်အထိ ရှစ်လကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၃၁၄ ဘီလျံရှိသည်။ ပြည်ပမှ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၁၄၇ ဘီလျံအထိ ရှိသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းထားမှုကို နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့မှုပမာဏထက် သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၂၆၆ ဒသမ ၇၂၅ သန်းပို၍များနေ ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၆၆ ဒသမ ၇၂၅ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်ကာတူတွင်မှု မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားပို့ကုန်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှု လိုငွေဖြစ်ပေါ်ခဲ့မှုများကို လေ့လာကြည့်ပါက ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိလျှော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်အထိဖြစ်ပေါ်ခဲ့သည်။















