မွန်ပြည်နယ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ဇွန် ၁၀ ရက်နောက်ပိုင်း သေဆုံးသူငါးဦးအထိရှိလာ

မွန်ပြည်နယ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ဇွန် ၁၀ ရက်နောက်ပိုင်း သေဆုံးသူငါးဦးအထိရှိလာ
COVID-19 ပိုးတွေ့လူနာများအား ကုသမှုပေးရန် Isolation Ward - 3 သို့ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- Mawlamyine Rescue Team)
COVID-19 ပိုးတွေ့လူနာများအား ကုသမှုပေးရန် Isolation Ward - 3 သို့ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- Mawlamyine Rescue Team)
Published 18 June 2021
ဘိုဘိုမြင့်

မွန်ပြည်နယ်အတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ဇွန် ၁၀ ရက်နောက်ပိုင်းသေဆုံးသူ ငါးဦးအထိ ရှိလာကြောင်း သိရသည်။

“ဒီနေ့ (ဇွန် ၁၈ ရက်) မနက်အစောပိုင်းမှာ အမှတ် (၅) စစ်မြေပြင်ဆေးတပ်ရင်းမှာ ဆေးကုသမှုခံယူနေတဲ့ သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်။ အဲဒီနောက်မှာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ Isolation Ward - 1 မှာ ဆေးကုသမှုခံယူနေတဲ့ ဘီးလင်းမြို့နယ်က အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကနေ ဒီနေ ့ဇွန် ၁၈ ရက် အတွင်းမှာဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ သေဆုံးမှုငါးဦးအထိ ရှိလာပြီဖြစ်ပါတယ်” ဟု COVID-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ကိုဇင်မိုးက ပြောကြားသည်။

ထို့ပြင် မော်လမြိုင်မြို့အတွင်း Positive ထပ်တိုးလူနာများ ထပ်မံတွေ့ရှိရကြောင်း၊ မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်မှ Contact များအား ဒုတိယအကြိမ် အဖြစ်ဆေးစစ်ရာမှ COVID-19 Positive ခြောက်ဦး ထပ်မံတွေ့ခဲ့ကြောင်း၊ ထို့ပြင် မော်လမြိုင်မြို ့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ဒသမတန်းကျောင်းသူ၏အဘိုးဖြစ်သူနှင့် Contact အဖြစ် ၎င်း၏မိသားစုဝင်ထဲမှ COVID-19 Positive နှစ်ဦးထပ်မံတွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် အင်းဝိုင်းရပ်မှ အနံ့ပျောက်အမျိုးသမီးတစ်ဦးအား ဆေးစစ်ခဲ့ရာ COVID-19 Positive တွေ ့ရှိခဲ့ကြောင်းနှင့် အဆိုပါအမျိုးသမီး၏ မိသားစုဝင်များအား ထပ်မံဆေးစစ်ခဲ့ရာ ၎င်း၏ကိုးနှစ်ခွဲအရွယ် ကလေးတစ်ဦးတွင်လည်း COVID-19 Positive တွေ့ရှိခဲ့ရသည့်အတွက် COVID-19 Positive ထပ်တိုးလူနာ ၁၀ ဦးရှိခဲ့ကြောင်း ကိုဇင်မိုး၏ ပြောကြးချက်အရ သိရသည်။

“ကမ္ဘာ့ရတနာဘဏ်က ဝန်ထမ်းတွေနဲ့ Contact တွေကို ပထမအကြိမ်မှာ RDT နဲ့ စစ်ဆေးတဲ့အခါမှာ Negative ဖြစ်ခဲ့ပေမဲ့ ဒုတိယအကြိမ်ကို PCR နဲ့ ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာတော့ Positive ဖြစ်တဲ့သူတွေ ထပ်တွေ့တာဖြစ်ပါတယ်။ ထို့အတူပဲ အမှတ် (၉) အထကကျောင်းက ကျောင်းသူရဲ့ အဖိုးဖြစ်သူရဲ့ Contact တွေကို ဒုတိယအကြိမ်ထပ်စစ်တဲ့အခါမှာ Positive နှစ်ဦးထပ်ထွက်တယ်။ အဲဒီနှစ်ဦးက အသက် ၁၀ လအရွယ် ကလေးတစ်ဦးနဲ့ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်” ဟု ကိုဇင်မိုးက ဆက်လက်ပြောကြားသည်။

ထို့ပြင် မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဇူလိုင် ၁၈ ရက်က COVID-19 Positive လူနာသစ်နှစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သထုံမြို့နယ်အတွင်း COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသည့် အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအဖွဲ ့ဥက္ကဋ္ဌ ကိုဥက္ကာထွန်း၏ပြောကြားချက်အရ သိရသည်။

“သထုံမှာ ထပ်မံတွေ့ရှိရတဲ့ Positive လူနာနှစ်ဦးက ပေါ်တော်မူကျေးရွာက အမျိုးသားတစ်ဦးနဲ ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒီနေ့ (ဇွန် ၁၈ ရက်) မနက်ပိုင်းမှာပဲ ကျွန်တော်တို့အဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ Isolation Ward - 3 ကို ပို့ဆောင်ပေးလိုက်ပါတယ်” ဟု ကိုဥက္ကာထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ COVID-19 Positive လူနာများ ဆေးကုသမှုပေးနေသည့် Isolation Ward - 1 နှင့် Isolation Ward - 3 တွင် ဆေးကုသမှုခံယူနေသူ ၃၀ ကျော်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပထမဆုံးဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၆၇၉ ဦးရှိခဲ့ကြောင်းနှင့် အတည်ပြုလူနာ ၄၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent