မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာဖြစ်နေပြီလား

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာဖြစ်နေပြီလား
COVID-19 ရောဂါပိုး ရှိ မရှိ လားရှိုးမြို့ ကျန်းမာရေးဌာနတစ်ခုတွင် စစ်ဆေးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
COVID-19 ရောဂါပိုး ရှိ မရှိ လားရှိုးမြို့ ကျန်းမာရေးဌာနတစ်ခုတွင် စစ်ဆေးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 13 June 2021
အိသဉ္ဇာကျော်

ဇွန် ၁၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၂၆ သိန်းကျော်ရှိပြီး လတ်တလော စစ်ဆေးနိုင်မှု အခြေအနေအရ တစ်ရက်လျှင် ဓာတ်ခွဲနမူနာ ၁၀၀၀ မှ ၃၀၀၀ ကြား စစ်ဆေးပေးလျက် ရှိသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဓာတ်ခွဲခန်းများ အပါအဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်မြို့များရှိ တပ်မတော်ဆေးရုံကြီးများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ မေ ၂၇ ရက်မှစ၍ COVID-19 ပိုးတွေ့လူနာများ ပြန်လည်မြင့်တက်လာခဲ့ရာမှ လက်ရှိအချိန်အထိ ပိုးတွေ့နှုန်းကျဆင်းခြင်းမရှိသေးဘဲ ငါးရာခိုင်နှုန်း အထက်တွင် ရှိနေသေးပြီး အချို့ရက်များတွင် ပိုးတွေ့နှုန်း ၁၀ ရာခိုင်နှုန်းအထက် ရောက်ရှိသည့်နေ့များပင်ရှိခဲ့သည်။

ရက်အလိုက် COVID-19 ပိုးတွေ့လူနာစာရင်းအရ  မေ ၂၇ ရက်တွင် ၉၆ ဦး၊ မေ ၂၈ ရက်တွင် ၇၂ ဦး၊ မေ ၂၉ ရက်တွင် ၄၀၊ မေ ၃၀ ရက်တွင် ၄၅ ဦး၊ မေ ၃၁ ရက်တွင် ၅၈ ဦး၊ ဇွန် ၁ ရက်တွင် ၁၂၂ ဦး၊ ဇွန် ၂ ရက်တွင် ၇၂ ဦး၊ ဇွန် ၃ ရက်တွင် ၁၂၂ ဦး၊ ဇွန် ၄ ရက်တွင် ၂၁၂ ဦး၊ ဇွန် ၅ ရက်တွင် ၉၆ ဦး၊ ဇွန် ၆ ရက်တွင် ၆၄ ဦး၊ ဇွန် ၇ ရက်တွင် ၁၃၉ ဦး၊ ဇွန် ၈ ရက်တွင် ၁၂၃ ဦး ၊ ဇွန် ၉ ရက်တွင်  ၁၃၆ ဦး၊ ဇွန် ၁၀ ရက်တွင် ၁၆၁ ဦး၊ ဇွန် ၁၁ ရက်တွင် ၁၈၈ ဦး တွေ့ရှိခဲ့၍ ၁၆ ရက်အတွင်း ထပ်တိုးပိုးတွေ့လူနာသစ် ၁၇၄၆ ဦး ရှိပြီဖြစ်သည်။

COVID-19 ပိုးတွေ့လူနာများသည် ပိုးတွေ့နိုင်ခြေ ရာခိုင်နှုန်းများသည့် လူအုပ်စုကို စစ်ဆေးရာမှ တွေ့ရှိနေခြင်းဖြစ်ပြီး လူထုအတွင်း လက္ခဏာမပြဘဲ ပိုးရှိသူများလည်း ရှိနေနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မေ ၂၇ ရက်ကစပြီး ပိုးတွေ့လူနာ ၉၆ ယောက်နဲ့ ပိုးတွေ့ရှိမှု စတင်မြင့်တက်လာခဲ့တာ အခုအထိ ပိုးတွေ့နှုန်း ငါးရာခိုင်နှုန်းဝန်းကျင်နှင့်အထက် တောက်လျှောက်ရှိနေပါတယ်။ တချို့ရက်တွေဆို ပိုးတွေ့နှုန်း ၁၀ ရာခိုင်နှုန်းအထက် ရောက်ခဲ့တဲ့ရက်တွေလည်းရှိပါတယ်။ အခုတွေ့ရှိရတဲ့ ပိုးတွေ့ရှိမှုတွေက ပိုးတွေ့ဖို့ ရာခိုင်နှုန်းများတဲ့ လူအုပ်စုကို စစ်ဆေးရာက တွေ့ရှိနေခြင်းဖြစ်ပြီး ပြည်သူလူထုထဲမှာ လက္ခဏာမပြဘဲ ပိုးတွေ့သူလည်းရှိနေနိုင်ပါတယ်။ လက်ရှိအခြေအနေအရမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ပိုးတွေ့လူနာ အများဆုံးဖြစ်နေပြီး ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာလည်း ပိုးတွေ့နှုန်းများတဲ့အတွက် ပေါ့ဆလို့မရပါဘူး” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရက်အလိုက် ပိုးတွေ့နှုန်းများမှာ မေ ၂၇ ရက်တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ မေ ၂၈ ရက်တွင် ၅ ဒသမ ၈၅ ရာခိုင်နှုန်း၊ မေ ၂၉ ရက်တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ မေ ၃၀ ရက်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မေ ၃၁ ရက်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဇွန် ၁ ရက်တွင် ၆ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဇွန် ၂ ရက်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၃ ရက်တွင် ၈ ဒသ မ ၄ ရာခိုင်နှုန်း၊ ဇွန် ၄ ရက်တွင် ၁၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၅ ရက်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၆ ရက်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၇ ရက်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဇွန် ၈ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဇွန် ၉ ရက်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဇွန် ၁၀ ရက်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၁ ရက်တွင်  ၆ ဒသမ ၈ ရာခိုင်နှုန်း  အသီးသီးရှိခဲ့သည်။

“COVID-19 စစ်ဆေးမှုတွေက အရင်ကဆို လူနာနဲ့ဆက်စပ်တဲ့သူတွေလည်း စစ်တယ်။ Quarantine စင်တာတွေမှာ ထားတဲ့သူတွေလည်း စစ်တယ်။ နောက်အထူးကိစ္စတွေနဲ့ နိုင်ငံခြားက ပြန်လာတဲ့သူတွေလည်း စစ်တယ်။ နယ်စပ်က ဝင်လာတဲ့သူတွေကိုလည်း စစ်တယ်။ ပြောရရင်စစ်တဲ့ ပေါ်လစီ၊ စစ်တဲ့လူအုပ်စုတွေမှာကိုက လူတွေအများကြီးပါခဲ့တယ်။  လူအများကြီးကို စစ်တဲ့အခါ ပိုးတွေ့တဲ့ ပမာဏက နည်းခဲ့တာလည်းရှိတာပေါ့။ အခုကျတော့ တကယ့်ကို PUI လူနာတွေကိုပဲ စစ်နေတာ။ အရင်ကလည်း PUI လူနာတွေမှာ ပိုးတွေ့နှုန်းက များတယ်။ လက္ခဏာရှိပြီး ဆေးရုံလာတဲ့သူတွေကို ပြောတာပါ။ အဲဒီလူတွေကို စစ်လိုက်ရင် ပိုးတွေ့ဖို့ ရာခိုင်နှုန်းက များတယ်။ နောက် Contact Tracing တွေကို လိုက်စစ်ရင်လည်း များပါတယ်။ အခု ကျွန်တော်တို့ စစ်ဆေးမှုအားနည်းတယ်ဆိုပေမဲ့ Target လူဦးရေကိုပဲ စစ်တဲ့အခါ အဲဒီအထဲက ပိုးတွေ့တဲ့ရာခိုင်နှုန်းက များတဲ့သဘောပါ။ ဒါပေမဲ့လည်း ဒီလိုများနေတယ်ဆိုတာက ကောင်းတဲ့သတင်းတော့ မဟုတ်ဘူး။ အခု ကျွန်တော်တို့ အထူးသတိထားပြီးတော့ လုပ်ဆောင်ရမယ့် အချက်ဆိုတာကိုပြတာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

COVID-19 ရောဂါသည် စစ်ဆေးနိုင်မှုအပေါ်မူတည်ကာ ရောဂါပိုးရှိလူနာဦးရေကို ပိုမိုတွေ့ရှိရလေ့ရှိပြီး ရောဂါပျံ့နှံ့မှုအခြေအနေအရ လူထုအတွင်း လက္ခဏာမပြဘဲ ပိုးရှိသူများလည်း ရှိနေနိုင်သည့်အတွက် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကျင့်သုံးရန်မှာ အထူးအရေးကြီးသည့်အခြေအနေတွင် ရှိနေသည်။

လက်ရှိ စစ်ဆေးနေမှုပမာဏထက် ပိုမိုစစ်ဆေးရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီထက်ပိုစစ်နိုင်ရင် ဒီထက်လူနာပိုတွေ့နိုင်သလားဆိုတော့ ဒါကစစ်ဆေးတဲ့ Target လူအုပ်စုအပေါ်မှာ မူတည်သွားတာပေါ့။ ဒီအတိုင်း ဘာလက္ခဏာမှမပြတဲ့သူကို စစ်ရင် တွေ့ချင်မှတွေ့မယ်။ သို့ပေမဲ့ ရောဂါလက္ခဏာရှိသူတွေ လူနာနဲ့ထိတွေ့ထားတဲ့သူတွေ ဥပမာ ၁၄ ရက်အတွင်း ထိတွေ့မှုရှိထားတဲ့သူတို့၊ ၁၅ မိနစ်ထက်ပိုပြီး  ခြောက်ပေအကွာအဝေးအတွင်း ထိတွေ့စကားပြောထားတဲ့သူတို့ ၊ မိသားစုထဲ အတူနေတဲ့သူတို့ အဲဒီလူတွေကို စစ်လိုက်ရင်တော့ ပိုးတွေ့နိုင်ခြေများတာပေါ့။ Target လူအုပ်စုပေါ်မူတည်ပြီး ပိုးတွေ့နှုန်းကလည်း အနိမ့်အမြင့်ရှိနိုင်ပါတယ်။ များများစစ်နိုင်လေ များများတွေ့လေပါပဲ ။ လက်ရှိ စစ်ဆေးနိုင်မှု အခြေအနေကို တိုးပြီးစစ်နိုင်ဖို့က လတ်တလော HR ပိုင်းမှာ အခက်အခဲတွေရှိပါတယ်။ အဓိကကတော့ စစ်သင့်စစ်ထိုက်တဲ့သူတွေ အားလုံးပါအောင်တော့ အတတ်နိုင်ဆုံး စစ်နေပါတယ်” ဟု ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လတ်တလော COVID-19 ပိုးတွေ့ရှိမှုအရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ပိုးတွေ့လူနာ အများဆုံးဖြစ်နေပြီး ရန်ကုန်တိုင်းဒေသကြီးမှာ တတိယနေရာ၌ ရှိနေသည်။  လတ်တလောတွေ့ရှိထားသော ပိုးတွေ့လူနာများအနက် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အပါအဝင် အခြားပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင်လည်း ပိုးတွေ့ရှိမှု  ရှိနေ၍ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များတွင်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခု ထားဝယ်မြို့ဆိုရင် Stay at Home မြို့နယ်တွေထဲမှာ မပါသေးဘူး။ ဒါပေမဲ့  ထားဝယ်မှာ ဖြစ်တာတွေက နည်းနည်း နည်းနည်းလေး တန်းနေတဲ့အတွက် ထားဝယ်ကနေ ခရီးသည်တင်ကားနဲ့ ထွက်ခွာမယ်။ လိုင်းကားနဲ့ ခရီးသွားမယ်ဆိုတာတွေကို ကျွန်တော်တို့ စစ်နေပြီ။ တကယ့်ကို Focus လုပ်ရပြီး စစ်သင့်စစ်ထိုက်တဲ့သူတွေကို စစ်နေရတာပေါ့။ အခုလည်း ဖလမ်းတို့၊ တီးတိန်တို့မှာ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်နေပါတယ်။ တခြားသူတွေကို တိုးပြီးစစ်နိုင်ဖို့က ကျန်းမာရေးဝန်ထမ်း အင်အားများနေတယ် ဆိုရင်တော့ ကောင်းတယ်။ အခုအချိန်မှာက ကျန်းမာရေးဝန်ထမ်း အနေအထားအရ လုပ်နိုင်တဲ့အပိုင်းကိုပဲ သေသေချာချာလုပ်နေပါတယ်။ နောက်ပိုင်းလည်း တိုးပြီးလုပ်မယ့်အစီအစဉ်တွေလည်း ဆွဲထားတာရှိပါတယ်။ လတ်တလော အနေအထားနဲ့ကတော့ စစ်သင့်စစ်ထိုက်တဲ့သူအားလုံးကို စစ်နိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ COVID-19 အတည်ပြုလူနာ များပြားလာခြင်းကြောင့် ချင်းပြည်နယ်အတွင်း မြို့နယ်လေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်နှစ်မြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်မှပြင်ပသို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်၊ ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်ရန် စသည်တို့ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွန် ၈ ရက်ကထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုမှာ ယခင်ရက်သတ္တပတ်ထက် ၁၅ ရာခိုင်နှုန်း၊ သေဆုံးသူ ရှစ်ရာခိုင်နှုန်း လျော့ကျလာပြီး အာဖရိကတိုက်မှလွဲ၍ ကျန် WHO ဒေသတွင်းနိုင်ငံများတွင် လျော့ကျလာခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုမှာ ယခင်ရက်သတ္တပတ်ထက် လျော့ကျလာပြီး တစ်ပတ်အတွင်း လူနာသစ်သုံးသန်းကျော်နှင့် သေဆုံးသူ ၇၃၀၀၀ ကျော်ရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောဂါဖြစ်ပွားသူ လူနာသစ်စာရင်းအရ Americas Region တွင် တစ်ရာခိုင်နှုန်း၊ Europe Region တွင် ၁၇ ရာခိုင်နှုန်း၊ South-East Asia Region တွင် ၃၁ ရာခိုင်နှုန်း၊ Eastern Mediterranean Region တွင် ငါးရာခိုင်နှုန်း၊ Western Pacific Region တွင် တစ်ရာခိုင်နှုန်းခန့် အသီးသီးလျော့ကျခဲ့ပြီး  Africa Region တွင် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

COVID-19 ကာကွယ်ဆေး ထိုးနှံလျက်ရှိသော ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၂၁၅ ခုရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးအစီအစဉ် မစတင်ရသေးသည့် နိုင်ငံများရှိနေဆဲဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါ ကာကွယ်ဆေးထိုး အစီအစဉ်ကို ပြီးခဲ့သည့်ခြောက်လခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၁၅ ခုတွင် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေပေါင်း နှစ်ဘီလျံကျော် သုံးစွဲခဲ့ပြီးဖြစ်သည်။

COVID-19 ကာကွယ်ဆေး ၁၀ ပုံလျှင် ခြောက်ပုံခန့်ကို ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ထိုးနှံခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၌ ကာကွယ်ဆေးအလုံး ရေ ၇၀၄ သန်း၊ အမေရိကန်ပြည်ထောင်စု၌ ကာကွယ်ဆေးအလုံးရေ ၂၉၆ ဒသမ ၉ သန်းနှင့် အိန္ဒိယ၌ကာကွယ်ဆေးအလုံးရေ ၂၂၁ သန်း ထိုးနှံပြီးဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံက လှူဒါန်းသော COVID-19 ကာကွယ်ဆေး Sinopharm ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိုးနှံပေးနေပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာမှ ဆရာဆရာမများနှင့် အခြားဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံက လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး Sinopharm ကို ပညာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးနေပြီး အရေအတွက် အကန့်အသတ်ဖြင့် ရရှိထား၍ ထိုးနှံခွင့်ရသူများ မပျက်မကွက်ထိုးနှံရန် အသိပေးထားသည်။   

COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ခြင်း၊ ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခံရသူများ ရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ဖြစ်ပွားမှုအနည်းအများသာကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေနိုင်သည့် အခြေအနေတွင် ရှိနေသည်။

လက်ရှိ COVID-19 ကာကွယ်ဆေးများ ပေါ်ထွက်လာပြီဖြစ်သော်လည်း ယင်းကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလမည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်းရှိမည်ဆိုသည်ကိုမူ အတိအကျပြောနိုင်ရန် သုတေသီများက ဆက်လက်လေ့လာနေဆဲဖြစ်၍ ပြည်သူများက COVID-19 ရောဂါဆိုင်ရာ လိုက်နာရမည့်အချက်များကို ဆက်လက်လိုက်နာရန် လိုအပ်နေဆဲ ဖြစ်သည်။