နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇွန် ၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်။ လက်ရှိ အခြေအနေအရ ကျောင်းများဖွင့်လျှင် တကယ်အဆင်ပြေပါ့မလားဟူသော မေးခွန်း များလည်း ရှိနေသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် COVID-19 ရောဂါကြောင့် ကျောင်းများ ပိတ်၍ ရပ်နားခဲ့ရသဖြင့် ပညာသင်နှစ်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံ တော်အာဏာရယူပြီးနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ မေ ၂၇ ရက် သတင်း ထုတ်ပြန်ချက်အရ မေ ၁ ရက်မှ ၂၆ ရက် အထိ အခြေခံပညာစာသင်ကျောင်းများနှင့် တက္က သိုလ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၈ ကြိမ်၊ ဗုံးခွဲခြင်းနှင့် ဗုံးခွဲရန်ကြိုးစားမှု ၁၁၅ ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို CDM လုပ်ဆောင်စေခြင်း၊ မလုပ်ဆောင်သူများကို အသက်အန္တရာယ်ဖြစ် စေသည်အထိ ခြိမ်းခြောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းမတက်ရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ စာသင်ကျောင်းများနှင့် တက္က သိုလ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲခြင်း၊ ဗုံးခွဲ ရန်ကြိုးစားခြင်းနှင့်အတူ ကျောင်းမတက်ရန် ဆန့်ကျင်စာကပ်ခြင်း၊ မှုတ်ဆေးများအသုံး ပြု၍ ဆန့်ကျင်၊ ခြိမ်းခြောက်စာသားများ ရေး ဆွဲခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုင်ငံတကာ၌ ယခုကဲ့သို့သော လုပ်ရပ်များကို လက်ခံအားပေးခြင်းမရှိဘဲ ကန့်ကွက် ရှုတ်ချ တားဆီးနေချိန်တွင် အနာဂတ်လူငယ်ထု၏ ပညာရေးမျှော်မှန်းချက်များ ပျက်ပြားစေရန် လုပ်ဆောင်နေကြသည့်အတွက် ကျောင်းသားလူငယ်၊ မိဘ ပြည်သူလူထုက ထိုသို့လုပ်ဆောင်နေမှု များနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် အဖွဲ့အစည်းများကို ကန့် ကွက်ရှုတ်ချမှုများရှိနေသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေစဉ် ထိုသို့လုပ်ဆောင်ချက်များသည် မည်သို့မျှလက်ခံခွင့်လွှတ်ပေး နိုင်မည်မဟုတ်သဖြင့် ကျောင်းများပြန်လည် ဖွင့်လှစ်မှုကို နှောင့်ယှက်လုပ်ဆောင်နေမှုများအား ထိရောက်ပြင်းထန်စွာ ဖော်ထုတ်အရေး ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
ကျောင်းများဖွင့်ချိန်တွင် လုံခြုံရေးဆိုင် ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည် များကို စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က ဧပြီ ၂၉ ရက်တွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။
တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းတက်ရမည့် ကျောင်း သား၊ ကျောင်းသူများအားလုံး၏ လုံခြုံရေးကို ပြည့်ဝစွာဆောင်ရွက်နိုင်ရန် စီစဉ်ထား ကြောင်း ဗိုလ်ကြီးအေးသဇင်မြင့်က ဆိုသည်။
ဧပြီမှစတင်ကာ နိုင်ငံ့ဝန်ထမ်းများအား လုံး လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်လာသည်ကို တွေ့ရပြီး ဆရာ၊ ဆရာမ မွမ်းမံ သင်တန်းသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၏ အင်အားကိုကြည့်ပါက လုံခြုံရေးဆိုင်ရာ စိတ်ချရမှုရှိသည့်အခြေအနေကို ၎င်းက သုံးသပ်ခဲ့သည်။
ကျောင်းသားများ ကျောင်းတက်နိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးအပြင် ကျောင်းသို့လာရောက်သည့် လမ်းများ၏ လုံခြုံရေးကိုပါ စီမံဆောင်ရွက် နေကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်း ထွန်းက မေ ၁၅ ရက် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားထားသည်။
“ကျောင်းတက်နိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေတင်မကပါဘူး။ ကျွန် တော်တို့က ကျောင်းပတ်ဝန်းကျင် လုံခြုံရေး လည်း ရှိတယ်။ နောက်တစ်ခုကတော့ လုံခြုံ ရေးမှာ ဆရာ၊ ဆရာမတွေရဲ့ လုံ ခြုံရေးရှိတယ်။ ပြီးရင် ကျောင်းကို လိုက်ပို့ကြမယ့် ကျောင်း သားမိဘတွေရဲ့ လုံခြုံရေးရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စီမံဆောင် ရွက်ပြီးဖြစ်ပါတယ်။ ဒီစီမံဆောင်ရွက်တဲ့ အသေးစိတ်ကိုတော့ ကျွန် တော်မပြောပါဘူး။ သို့သော် သိနိုင်မယ့် အခြေအနေတစ်ရပ်အထိ ကျွန်တော် ပြောပါမယ်။ နံပါတ် (၁) ကတော့ ကျောင်းတွင်းလုံခြုံရေး၊ ကျောင်းတွင်းလုံခြုံ ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စီမံဆောင် ရွက်ထားလျက်ရှိပါတယ်။ ပြီးရင်တော့ ကျောင်း ပတ်ဝန်းကျင်လုံခြုံရေး ကျွန်တော်တို့ စီမံ ဆောင်ရွက်ထားပါတယ်။ နံပါတ် (၂) အချက် ကတော့ ကျောင်းကိုလာတဲ့ လမ်းပေါ့။ ကျောင်း ကိုလာတဲ့ လမ်းတွေမှာ အချက်အချာကျတဲ့ နေရာတွေမှာ လုံခြုံရေး ကျွန်တော်တို့ စီစဉ် ဆောင်ရွက်ထားပါတယ်။ သုံးခုပါ”ဟု ဗိုလ် ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ကျောင်းပတ်ဝန်းကျင် လုံခြုံရေးနှင့် ကျောင်းသို့ လာရောက်သည့် လမ်းများ၏ လုံ ခြုံရေးကို ဆောင်ရွက်ရာတွင် ပင်မအဖွဲ့ဖြစ် သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ အပြင် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံ ရေး၊ ကျောင်းလုံခြုံရေးနှင့် မိဘပြည်သူများ၏ လုံခြုံရေးကို စိတ်ပါဝင်စား၍ ပူးပေါင်းဆောင် ရွက်ကြမည့် ရပ်ရွာအခြေပြု ပြည်သူလူထု လုံ ခြုံရေးအဖွဲ့အစည်းများကိုလည်း ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ပြည်ထဲရေးဝန်ကြီးဌာ နအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ တာဝန်ခံဌာနကြီးတစ်ခုအနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆို သည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာ သင်နှစ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်း အပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မေ ၂၄ ရက်မှ စ၍ ကျောင်းအပ်လက်ခံနေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် မေ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်အတွင်း အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအပါအဝင် မူလတန်းမှ အထက်တန်း အထိ ကျောင်းလာအပ်သူဦးရေ တစ်သိန်းခုနစ် သောင်းကျော်သာ ရှိသေးသည်။
ရန်ကုန်တိုင်းဒေသကြီး၌ မေ ၂၄ ရက် တွင် အထက်တန်းကျောင်းအပ်နှံသူဦးရေ ၃၃၆၇ ဦး၊ အလယ်တန်းကျောင်းအပ်နှံသူ ဦး ရေ ၁၅၀၁၉ ဦး၊ မူလတန်းကျောင်းအပ်နှံသူ ဦးရေ ၃၆၂၅၇ ဦး စုစုပေါင်း ၅၄၆၄၃ ဦးရှိ ခဲ့သည်။
မေ ၂၅ ရက်တွင် အထက်တန်းကျောင်း အပ်နှံသူဦးရေ ၃၇၉၀ ဦး၊ အလယ်တန်း ကျောင်း အပ်နှံသူဦးရေ ၁၇၆၉၁ ဦး၊ မူလတန်း ကျောင်းအပ်နှံသူဦးရေ ၃၇၁၆၅ ဦး စုစုပေါင်း ၅၈၆၄၆ ဦးရှိခဲ့သည်။
မေ ၂၆ ရက်တွင် အထက်တန်းကျောင်း အပ်နှံသူဦးရေ ၄၁၈၇ ဦး၊ အလယ်တန်း ကျောင်းအပ်နှံသူဦးရေ ၁၈၇၀၅ ဦး၊ မူလတန်း ကျောင်းအပ်နှံသူဦးရေ ၃၈၃၈၆ ဦး စုစုပေါင်း ၆၁၂၇၈ ဦးရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ် များက မူလတန်းကျောင်းမှ အထက်တန်း အထိ ပုံမှန်ကျောင်းအပ်နှံသူဦးရေ ၁၁ သိန်း ဝန်းကျင်ခန့်ရှိခဲ့သည်။
မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် လက်ရှိ ကျောင်းအပ်နှံသည့် အရေအတွက်မှာ အလွန် နည်းပါးလျက်ရှိပြီး ရာခိုင်နှုန်း ၁၀ အောက်၌သာရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ဒီနှစ်ပညာသင်နှစ်မှာ ကိုဗစ်ကြောင့် နစ်နာခဲ့တဲ့ ပညာသင်နှစ်အတွက်ရော တစ် နှစ်ကို နှစ်တန်း ပေးမယ်ဆိုတော့ တချို့မိဘ တွေက စိုးရိမ်စိတ်ရှိကြတယ်။ မိဘဆိုတာတော့ ကိုယ့်သားသမီး နောက်ကျသွားမှာကို စိုးရိမ် မှာပဲ။ ဒါပေမဲ့ အခုကတော့ စောင့်ကြည့်နေ ကြဆဲဖြစ်လို့ မန္တလေးမှာ ကျောင်းအပ်နှံတဲ့ ရာခိုင်နှုန်းက အင်မတန်နည်းတယ်။ နယ်တွေ မှာဆို ပိုဆိုးတာပေါ့။ လတ်တလော ပိုပြီး စိတ် ဝင်စားစရာကောင်းတာက ကိုယ်ပိုင်ကျောင်း တွေကဏ္ဍပဲ။ သူတို့က လုံးဝဖွင့်လို့မရတဲ့ အခြေအနေဖြစ်နေတာကို တွေ့ရတယ်။ မန္တလေးရဲ့ ကျောင်းအပ်နှံတဲ့ ရာခိုင်နှုန်းအရဆို ရင်တော့ ၁၀ ရာခိုင်နှုန်း မရှိသေးဘူး။ ၁၀ ရာ ခိုင်နှုန်းအောက်ပဲ ရှိတယ်။ တချို့ကျောင်း တွေဆို လူဦးရေ ၃၀၊ ၄၀ လောက်ပဲ လာအပ် သေးတယ်”ဟု ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပညာရေးအသိုင်းအဝိုင်းမှ စုံစမ်းမှုများ အရ ယခုပညာသင်နှစ်သည် ယခင်ပညာရေး နှစ်များနှင့်နှိုင်းယှဉ်ပါက ကျောင်းအပ်နှံသူ ဦးရေ သိသိသာသာ လျော့နည်းနေပြီး ဆရာ၊ ဆရာမဦးရေလည်း ယခင်နှစ်များထက် လျော့နည်းခဲ့သည်။
“ကျောင်းထားမယ်ဆိုရင်လည်း အခုက ပေါက်ကွဲမှုတွေနဲ့ ဘယ်လိုမှ လုံခြုံစိတ်ချရမှု မရှိဘူး။ ထားချင်တဲ့သူတွေတော့ ထားကြပေါ့။ ကျွန်မကတော့ မထားနိုင်ဘူး”ဟု သင်္ဃန်း ကျွန်းမြို့နယ်မှ ကျောင်းသားမိခင်တစ်ဦးက ဆိုသည်။
၎င်းတွင် ယခင်ပညာသင်နှစ်က ပဥ္စမ တန်းတက်ရမည့် ကျောင်းသားတစ်ဦးနှင့် KG တက်ရမည့် သမီးငယ်တစ်ဦးရှိပြီး ၎င်း၏ ကလေးငယ်နှစ်ဦး ပညာရေးမနှောင့်နှေးစေရန်အတွက် CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးကို အိမ်တွင် ခေါ်ယူသင်ကြားစေရန် စီစဉ်ထားသည်။
“အစိုးရသတ်မှတ်ချက်အရ အတန်း ပညာတော့ နောက်ကျတာပေါ့။ ဒါပေမဲ့ မ တတ်နိုင်ဘူး။ မထားချင်ဘူး။ သူတို့ပညာရေး နောက်မကျစေဖို့အတွက်တော့ CDM လုပ် ထားတဲ့ အသိဆရာမတစ်ဦးနဲ့အိမ်မှာ ကျူရှင် သဘောမျိုးပေါ့လေ။ အဲဒါ ခေါ်သင်ဖို့ စဉ်း စားထားတယ်”ဟု ၎င်းင်းက ဆိုသည်။
ကော့မှူးမြို့နယ်တွင် နေထိုင်သည့် ကျောင်းသားနှစ်ဦး၏ မိခင်တစ်ဦးကမူ ယခင် နှစ်က COVID-19 ရောဂါကြောင့် ကျောင်း များ ပိတ်လိုက်ရသည့်အခါ စာသင်နှစ် တစ်နှစ် နောက်ကျခဲ့ရသည့်အတွက် ယခုနှစ်တွင်မူ ၎င်း၏ သားနှစ်ဦးကို Grade 2 သို့ တက် ရောက်စေမည်ဖြစ်ကြောင်း ပြောသည်။
“မနှစ်ကလည်း COVID-19 ကြောင့် ကလေးတွေက တစ်နှစ်ကျောင်းနားထားရတဲ့ အခါကျတော့ ဒီနှစ်တော့ ထားမှဖြစ်မယ်ဆို ပြီး ဆုံးဖြတ်ထားတာ”ဟု ကော့မှူးမြို့နယ်မှ ကျောင်းသားနှစ်ဦး၏ မိခင်က ဆိုသည်။
၎င်း၏သားနှစ်ဦး ပညာသင်ကြားမည့် ကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးစောင့်ရှောက်ပေးထားသကဲ့သို့ လုံခြုံရေး ကိုတာဝန်ယူသည်ဟု တာဝန်ရှိသူများက ပြော ထားကြောင်းလည်း ၎င်းက ဆိုသည်။
ထိုသို့ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် တွင် လုံခြုံရေးအစောင့်အရှောက်များ ချထား သော်လည်း လုံခြုံရေးနှင့်ပတ်သက် ၍ အလုံးစုံ စိတ်ချရသည်ဟု ယူဆ၍မရကြောင်း ကော့မှူးမြို့နယ်မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
သို့ရာတွင် မဖြစ်မနေ ကျောင်းအပ်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက် လုံခြုံရေး အခြေအနေ စိတ်မချသည့်ကြားမှပင် ၎င်းင်း၏ သားနှစ်ဦးကို ကျောင်းထားရခြင်းဖြစ်သည်ဟု အထက်ပါကော့မှူးမြို့နယ်မှ ကျောင်းသား မိခင်က ပြောသည်။
“ကျောင်းကတော့ အပ်တာပေါ့။ ဘာဖြစ် လို့လဲဆိုတော့ COVID ကာလမှာလည်း သားသမီးတွေက တစ်နှစ်နာခဲ့ ပြီလေ။ အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် နှစ်နှစ် အနာမခံနိုင်တော့ဘူးလေ။ ကျောင်းကတော့ အပ်ရမှာပေါ့”ဟု လားရှိုးမြို့တွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုစိုင်းက ပြောကြားသည်။
၎င်း၏ပြောကြားမှုအရ လားရှိုးမြို့ပေါ်တွင် ကျောင်းအပ်မှုနှုန်း သိသာစွာနည်းပါးခြင်းမျိုး မရှိသော်လည်း ရှမ်းမြောက်ဒေသရှိ သေးငယ်သော ရွာအချို့တွင်မူ ကျောင်းအပ်နှံမှု မရှိကြောင်း ကိုစိုင်းက ပြောပြသည်။
လုံခြုံရေးအရ စိတ်ပူပန်မှုရှိသော်လည်း ကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးရယူပေးထားကြောင်းလည်း ကိုစိုင်းက ပြောသည်။
“စိတ်ပူပေမဲ့လည်း နှစ်နှစ်တော့ အနာ မခံနိုင်တော့ဘူး။ အဲဒီလို ဖြစ်နေတယ်။ အပ် တာတော့ အပ်ရမှာပဲ။ ကလေးကိုတော့ ကျောင်းကြို၊ ကျောင်းပို့တော့ ဂရုတစိုက် ကား နဲ့ ပို့ပေးရမှာပေါ့။ လားရှိုးမှာက မြို့မှာတော့ ငြိမ်နေတယ်။ နိုင်ငံရေးအရ ငြိမ်နေတယ်ဆို ပေမဲ့ ဘာမှ ပြောလို့မရဘူးလေ အခြေအနေ က။ ကိုယ့်သားသမီးကို ကျောင်းပို့ ကျောင်းကြို တော့ အရင်ကထက် ဂရုစိုက်ပြီးတော့ ပိုလုပ် ပေးရမှာပေါ့”ဟု ကိုစိုင်းက ပြောကြားသည်။

လက်ရှိ ပညာရေးစနစ်အပေါ် ယုံကြည်ခြင်း၊ မယုံကြည်ခြင်း၊ ကိုယ်ကြိုက်နှစ်သက်သော အစိုးရဖြစ်ခြင်း၊ မဖြစ်ခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းနေခွင့်ရရှိရန် အစိုးရကျောင်းသာ အားကိုးစရာရှိသည်ဟု မော်လမြိုင်မြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုတိုး (အမည်လွဲ) က ပြောကြားသည်။
ငွေကြေးတတ်နိုင်သော မိသားစုများက ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားနေနိုင်သော်လည်း သာမန်မိသားစုများအဖို့ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် အစိုးရကျောင်းသာ အားကိုးရမည်ဖြစ်ကြောင်း ကိုတိုး (အမည်လွဲ) က ပြောကြားသည်။
“တိုင်းပြည်က ဘယ်လိုစနစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်၊ ဘယ် လိုပဲဖြစ်ဖြစ် ကလေးတွေ ပညာသင်ယူခွင့်ရတဲ့အချိန်မှာ ရတဲ့အခွင့်အရေးကို သူတို့ကို ပေးတဲ့သဘော မျိုးပဲ။ အဓိကက ကိုယ့်တစ် ယောက်တည်းရဲ့ ဆန္ဒလည်း မဟုတ်ဘူး။ သူ့ကို ပြောပြတယ်။ ရှင်းပြတယ်။ ဒါမျိုး အခြေအနေရှိတယ်။ တက် ချင်သလား။ တက်ချင်ရင် ထားပေးမယ်။ အကယ်၍ မတက်ချင်ဘူးဆိုရင်လည်း မထား ပေးဘူး။ အဲဒီလို အတည်ပြုပြီးတော့မှ ကိုယ့် ကလေး ရဲ့ စိတ်ဆန္ဒပေါ့နော်။ ကိုယ့်ကလေးရဲ့ စိတ် ဆန္ဒ ဒီအတိုင်း ကျောင်းတက်မယ်ဆိုလည်း အပ်ပေးမယ်ပေါ့။ ကျောင်းတက်ခြင်း၊ မတက် ခြင်းက တစ်ကဏ္ဍပေါ့နော်။ အဲဒီ ကျောင်းအပ် ချင်တဲ့ဆန္ဒရှိတဲ့အတွက်ကြောင့် သူ့ကိုကျောင်း အပ်ပေးလိုက်တဲ့ သဘောမျိုးပဲ”ဟု ကိုတိုးက ပြောကြားသည်။
လက်ရှိအချိန်တွင် ကလေး၏ စိတ်ဆန္ဒအရ ကျောင်းအပ်နှံပေးလိုက်ခြင်းဖြစ်သော်လည်း ဖြစ်ပေါ်လာမည့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ကျောင်းတက်ခြင်း၊ မတက်ခြင်းကို ဆောင်ရွက်သွားမည်ဟု ကိုတိုး က ဆိုသည်။
လုံခြုံရေးဆိုင်ရာ တင်းကျပ်မှုများ ရှိနေ သော်လည်း နိုင်ငံတစ်ဝန်းရှိ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်အချို့တွင် လက်ရှိအချိန် အထိ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် များ ရှိနေဆဲပင်ဖြစ်သည်။
စာသင်ကျောင်းများအနီး ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုဖြစ်စဉ်အချို့ကြောင့် စာသင် ကြားပေးမည့် ဆရာ၊ ဆရာမ များနှင့် ကျောင်း တက်မည့် ကျောင်းသား၊ ကျောင်းသူများ အတွက် စိုးရိမ်မှုရှိကြောင်း CDM လုပ်ထား သည့် အလုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦး က ဆိုသည်။
၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအခြေအနေ အပြောင်းအလဲ များဖြစ်ပေါ်ပြီးနောက် ပညာရေးသပိတ်စစ် ကြောင်းများတွင် ပါဝင်ဆန္ဒပြသကဲ့သို့ လက် ရှိတွင်လည်း CDM လုပ်ဆောင်နေသည့် အလုံမြို့နယ်မှ ဆရာမတစ်ဦးဖြစ်သည်။
“အခုဆိုရင် ကျွန်မက CDM လုပ်ထား လို့ အိမ်မှာနေရတယ်။ ရှောင်နေရတယ်ဆို ပေမဲ့လည်း Non-CDM ဆရာမတွေ ကျတော့ လမ်းပေါ်မှာ သွားနေရတယ်လေ။ သူတို့ အတွက် တကယ်ကို စိုးရိမ်ပါတယ်။ ဘယ်သူ ဘယ်ဘက်ကဆိုတာလည်း သိတာ မဟုတ်ဘူး လေ။ ဘယ်သူဆိုတာလည်း သိ တာမဟုတ်ဘူး။ ကျောင်းကိုလည်း စိုးရိမ်တယ်။ ကလေးတွေကို လည်း စိုးရိမ်တယ်။ ရောဂါအတွက်လည်း စိုး ရိမ်တယ်။ ဒီပေါက်ကွဲမှုတွေကြောင့် တစ်ခုခု ဖြစ်မှာကိုလည်း စိုးရိမ်တယ်”ဟု CDM လုပ်ထားသည့် အလုံမြို့နယ်မှ ဆရာမတစ်ဦးက ပြောသည်။
ယခု ပညာသင်နှစ်အတွက် COVID-19 ရောဂါကာကွယ်ဆေးထိုးခြင်း အပြင် ရော ဂါအခြေအနေ တည်တည်ငြိမ်ငြိမ်ဖြစ်ပါက သင်ရိုးသစ်ဖြင့် ကလေးများကို ပညာသင် ပေးရန် စီစဉ်ထားသော်လည်း နိုင်ငံရေးအ ပြောင်းအလဲကြောင့်သာ CDM လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါဆရာမက ပြော ကြားသည်။
“ခံစားရတယ်။ ကလေးတွေကို စာသင် ဖို့က စာအသင်ချင်ဆုံးပဲလေ ဆရာမဆိုတာ ကတော့။ ဒီအချိန်မှာ စာသင်ချင်နေတာ မနှစ် တုန်းကလည်း တစ်နှစ်လုံး မသင်ခဲ့ရဘူး။ အခု ဒီနှစ်ကိုလည်း သင်ရတော့မယ်။ ဒီ COVID-19 ကာကွယ်ဆေးတွေ ထိုးပြီးသွားရင် အားလုံး တည်ငြိမ်ပြီးတော့ ကျောင်းတွေ ဖွင့်တော့ မယ်။ ကလေးတွေကို စာသင်ရတော့မယ်။ သင်ရိုးသစ်တွေ၊ အတန်းသစ်တွေလည်း ပါ လာပြီလေ။ အဲဒီတော့ အခုဆိုရင် ကလေး လေးတွေက သင်ရိုးသစ်တွေနဲ့ပဲ သင်ရမှာဆို တော့ ဘာပဲဖြစ်ဖြစ် ဆရာမ တစ်ယောက်အနေ နဲ့တော့ သင်ချင်တာပေါ့နော်။ ကလေးတွေ လည်း ကျောင်းဖွင့်ရတော့မယ်ဆိုတော့ ပျော် ရတာပေါ့။ ဒါပေမဲ့ အခုလိုမျိုးဖြစ်သွားတဲ့အခါ ကျတော့ သင်ချင်ပေမဲ့လည်း ဒီပွဲကို ဒီလိုလုပ်မှ ဖြစ်မယ်။ ဒီ CDM ကို လုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပဲ လုပ်ရတာပါ”ဟု ၎င်းက ဆိုသည်။
၎င်းတာဝန်ကျသည့်ကျောင်းတွင် ယခင် စာသင်နှစ်များက ပုံမှန်အားဖြင့် ကျောင်းသား၊ ကျောင်းသူဦးရေ သုံးရာကျော်ရှိသော်လည်း လက်ရှိတွင်မူ ကျောင်းသား၊ ကျောင်းသူဦးရေ ၆၀ ခန့်သာ လာရောက် အပ်နှံထားသကဲ့သို့ ဆရာ၊ ဆရာမဦးရေမှာလည်း ငါးဦးခန့်သာ ရှိသည်ဟု ၎င်းက ဆိုသည်။
ကော့မှူးမြို့နယ်တွင် နေထိုင်သည့် ကျောင်းဆရာမတစ်ဦးကမူ ၎င်း၏ စားဝတ် နေရေးနှင့် ရပ်တည်မှုအတွက် CDM လုပ် ဆောင်ခြင်းမရှိဘဲ သင်ကြားရေးအပိုင်းတွင် ဆက်လက်ပါဝင်ခဲ့သည်။
“အမှန်ပြောရရင်တွေ ကိုယ်တွေလည်း ဒီလိုလုပ်လိုက်တာကို ကျေနပ်လို့ လက်ခံလို့ တော့မဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့ စားဝတ် နေရေးအရ ပြောရမယ်ဆိုရင် အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဝန်ထမ်းတွေက လစာမရ တော့ဘူးလေ။ လစာမရတော့ဘူးဆိုရင် ဝန်ထမ်းတစ်ယောက်ရဲ့ ရပ်တည်မှုက မရတော့ ဘူး။ မရတဲ့အခါကျတော့ အဲဒါကြောင့်မို့လို့ပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီလိုပဲ လုပ်နေရတာပဲ”ဟု CDM လုပ်ဆောင် ထားခြင်းမရှိသည့် ကော့မှူးမြို့နယ်မှ ဆရာမ တစ်ဦးက ပြောကြားသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်ရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသော လုံခြုံရေးဆိုင်ရာကိစ္စများကြောင့် ကျောင်းအပ်နှံမည့် အစီအစဉ်အား ပယ်ဖျက်လိုက်သည့်သူများလည်း ရှိနေသည်။
ကျောင်းမအပ်သည့်အတွက် ပညာရေးတွင် ကိုယ့်ကလေး နစ်နာမည်ဖြစ်သော်လည်း လုံခြုံရေး စိတ်မချမှုကြောင့် ကျောင်းမအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံ (မြောက်ပိုင်း) မြို့နယ်တွင် ကိုကျော်ကြီးက ပြောကြား သည်။
“ပုံမှန်ဆိုရင် ကျောင်းကား ရှိပေမဲ့ ဒီနှစ်မှာ ကျောင်းကား ပိုင်ရှင်တွေကလည်း ကလေးတွေရဲ့ လုံခြုံရေးကို တာဝန် မယူနိုင်တဲ့အတွက် မဆွဲကြဘူး။ အဲဒီတော့ ကိုယ့်ကလေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ကျတော့လည်း လိုက်မပို့နိုင်ဘူး။ သူ့ချည်းပဲ စက်ဘီးနဲ့လွှတ်ဖို့ စဉ်းစားပါသေးတယ်။ ဒါကလည်း တော်တော် အဆင် မပြေဘူးဗျာ။ ကျွန်တော့်တူဆိုရင် ရှစ်တန်း၊ ကိုးတန်းအရွယ် လူပျိုပေါက်ဖြစ်နေပြီ။ ဘာပဲပြောပြော အခုခေတ်စကားအရ GZ ပေါ့ ဗျာ။ အဲဒီတော့ လမ်းခရီးမှာ ဘယ်ကမှန်းမသိတဲ့ ဖောက်တာ၊ ခွဲတာတွေလည်း ကြုံတွေ့နိုင် သလို၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက သွားလာစိစစ်တဲ့အချိန်မှာ သူတို့အရွယ်တွေ က လူမှားယွင်းပြီး ဖမ်းဆီးခံရတာမျိုးတွေလည်း မကြုံတွေ့ဘူးလို့ မပြောနိုင်ဘူး။ အဲဒီတော့ ပထမကျောင်းထားဖို့ ဆုံးဖြတ်ထားရာကနေ ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်ရတာပေါ့”ဟု ကိုကျော်ကြီးက ပြောကြားသည်။
စိုးရိမ်မှုလွန်ကဲခြင်းမျိုး မဟုတ်သော်လည်း လုံခြုံရေးအရ စိတ်မချရခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြေပြင်တွင် ရှုပ်ထွေးမှုများရှိနေသည်ဟု ကိုကျော်ကြီးက သုံးသပ်သည်။
“ကျွန်တော်တို့လို နေ့စဉ် အလုပ်သွား နေတဲ့သူတွေတောင် သတိထားပြီးတော့ သွား နေရချိန်မှာ သူတို့ကို မျက်ကွယ်ကို လွှတ်ရ မှာတော့ မလွယ်ဘူး။ အဲဒါကြောင့် ကျောင်း မထားဖို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ခဲ့ရ တယ်”ဟု ကိုကျော်ကြီးက ပြောကြားသည်။
ကျောင်းဖွင့်ရာသီတွင် အခြေအနေများ တည်တည်ငြိမ်ငြိမ်ဖြစ်လာပါက ကျောင်းကား ပြေးဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခု၌ တစ်ပိုင်တစ်နိုင် ကျောင်းကား လုပ်ငန်းလုပ်ကိုင်သူ ကိုသန်းစိုးက ပြောကြား သည်။
ယခင်အစီအစဉ်အရ ကျောင်းကားပြေး ဆွဲရန် စီစဉ်ထားသော်လည်း လက်ရှိပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ကျောင်းကားပြေးဆွဲရန် မဝံ့ရဲကြောင်း ကိုသန်းစိုးက ဆိုသည်။
“ကျောင်းကားဆွဲရတယ်ဆိုတာက ကလေးတွေကို အိမ်ကစခေါ်လာပြီး ကျောင်း ထဲ ရောက်တဲ့အထိ ကိုယ်က တာဝန်ယူရတာ။ အခု အခြေအနေမှာ လမ်းခရီးလုံခြုံရေးအတွက် ဘယ်လိုမှ တာဝန်မယူနိုင်တဲ့ အခြေ အနေဖြစ်နေတယ်။ ကိုယ်က နိုင်ငံရေးနဲ့ ရောထွေးပြီးတော့ ဒီကလေးတွေ ပညာရေးကိစ္စကို ထည့်စဉ်းစားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြေ ပြင်မှာက လုံခြုံရေးအခြေအနေက အားလုံးလည်း ကြားတဲ့အတိုင်းပဲဆိုတော့ ကျောင်းကားကို မဆွဲရဲတော့ဘူးပေါ့ဗျာ။ ဘယ်သူကမှ နဖူး မှာ တံဆိပ်ကပ်ထားတာ မဟုတ်တဲ့အတွက် တခြားထည့်သွင်းစဉ်းစားရတဲ့ ကိစ္စတွေလည်း အများကြီးရှိသေးတယ်”ဟု ကိုသန်းစိုးက ပြောသည်။
“ကိုယ်ကတော့ ကလေးတွေ ပညာရေး ကို ကြည့်ပြီးတော့ ကျောင်းကားဆွဲပေးချင်တာ တောင် တစ်ဖက်မှာက ကိုယ့်ကိုစွပ်စွဲပြီး ရန်ပြုလာနိုင်တဲ့အခြေအနေတွေလည်း ထည့်သွင်းစဉ်းစားရသေးတယ်”ဟုလည်း ကိုသန်းစိုးက ပြောကြားသည်။
မကြာမီ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လက်ရှိကြုံတွေ့နေရသော လုံခြုံ ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ကျောင်းအပ်နှံမှုနှုန်းမှာ ယခင်ကထက် လျော့ နည်းသည်မှာ အမှန်ပင်ဖြစ်သည်။
လက်ရှိတွင် ပြန်လည်တွေ့ရှိမှုနှုန်း မြင့်တက်လာသည့် COVID-19 အတည်ပြု လူနာများကြောင့်လည်း စိုးရိမ်မှုများ ပိုမိုဆင့် ကဲ့လာကာ ကျောင်းအပ်နှံရေးအပေါ် ထပ်မံ ရိုက်ခတ်နေသည်။
မေ ၂၈ ရက် ည ၈ နာရီမှ မေ ၂၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁၀၃၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၄၀ တွေ့ရှိခဲ့ သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက မေ ၂၉ ရက် ညပိုင်းတွင် သတင်းထုတ် ပြန်သည်။
၂၀၂၁ မတ် ၂၃ ရက်မှ မေ၂၉ ရက် အထိမြန်မာနိုင်ငံတွင် ကိုဗစ်ဓာတ်ခွဲအတည် ပြုလူနာ ၁၄၃၂၆ ဦး ရှိလာပြီဖြစ်သည်။
လက်ရှိနိုင်ငံရေးအခြေအနေအပြင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်ချက်များကလည်း ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု နှုန်းကျဆင်းရခြင်း အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
ထို့ကြောင့် အချို့သောကျောင်းသားမိဘ များနှင့် ပညာရေးအသိုင်းအဝိုင်းက လက်ရှိ ပညာသင်နှစ်အား ထပ်မံရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိနေသကဲ့သို့ ကိုဗစ်အတည် ပြုလူနာတွေ့ရှိမှုများလာခြင်းကြောင့် ယခု ကျောင်းဖွင့်ရာသီကို ရွှေ့ဆိုင်းရနိုင်သည်ဟု ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများက ယခုပညာသင်နှစ်အတွက် ကြီးမားသောစိန်ခေါ်မှုများဖြစ်နေပြီး ကျောင်းများဖွင့်ပါက အမှန်တကယ် အဆင်ပြေမှု ရှိ၊ မရှိကိုမူ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။










