Wave Money ပဋိပက္ခ

Wave Money ပဋိပက္ခ
နယ်မြို့တစ်မြို့တွင် Wave Money ဖြင့် ငွေလာထုတ်သူများကို တွေ့ရစဉ်
နယ်မြို့တစ်မြို့တွင် Wave Money ဖြင့် ငွေလာထုတ်သူများကို တွေ့ရစဉ်
Published 30 May 2021
ဇော်မင်းနိုင်

“တချို့ဆို ပိုက်ဆံလေး နှစ်သောင်း၊ သုံးသောင်းနဲ့ ဒုက္ခရောက်တာတွေ အများကြီးရှိတယ်” လို့ စလင်းမြို့မှာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ကိုချမ်းက ပြောပါတယ်။

မတ်လလယ်ပိုင်းက စတင်ပြီး မြန်မာနိုင်ငံရဲ့ စျေးကွက်ဝေစု အကြီးမားဆုံးရရှိထားတဲ့ Wave ငွေလွှဲလုပ်ငန်းက အေးဂျင့်တွေ အခက်အခဲ စတွေ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငွေပို့ငွေလွှဲလုပ်နိုင်တဲ့ အွန်လိုင်းငွေကြေးလုပ်ငန်း တွေက Wave Money၊ OK Dollar ၊  M ပိုက်ဆံ စတာတွေ ဖြစ်ပြီးတော့ အခြေခံလူတန်းစား အသုံးပြုမှု များတာက Wave Money ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး ဖေဖော်ဝါရီလလောက်မှာက ငွေလွှဲလုပ်ငန်းတွေ အခက်မတွေ့ခဲ့ပေမဲ့ မတ်လလယ်လောက်ကစပြီး အခက်တွေ့ခဲ့ကြပါတယ်။

အကြောင်းကတော့ Wave ငွေလွှဲလုပ် ကိုင်သူတွေကို Wave Money က လွှဲငွေတွေ ကို ထုတ်မပေးတော့ပါဘူး။

Wave Money ကုမ္ပဏီက မြို့ နယ်တစ် ခုမှာ DDR လို့ခေါ်တဲ့ ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပါ တယ်။ အဲဒီကမှတစ်ဆင့် အေးဂျင့် ပြန်ယူပြီး လုပ်ကိုင်ကြရတာပါ။

ငွေလွှဲတဲ့သူတစ်ဦးက တခြား မြို့နယ်မှာ ရှိတဲ့သူဆီကို ငွေလွှဲတော့မယ်ဆိုရင် အေးဂျင့် ဆီကနေ တစ်ဆင့်လွှဲပေးပါတယ်။ လွှဲငွေပမာ ဏအတိုင်း တခြားမြို့နယ်မှာရှိတဲ့ အေးဂျင့် က ငွေပြန်ထုတ်ပေးပါတယ်။ လွှဲခကတော့ တစ်သိန်းကို ၁၅၀၀ ကျပ်ပဲ ရှိပါတယ်။

အေးဂျင့်တွေကလည်း ပြန်ထုတ်ပေးရတဲ့ ငွေကြေးကို သက်ဆိုင်ရာ DDR ဆီကနေ ပြန်ထုတ်ယူရပါတယ်။ DDR ကလည်း Wave Money ကနေ ပြန်ထုတ်ရပါတယ်။ ဒါက Wave Money ရဲ့ လုပ်ငန်းလည်ပတ်မှု အဆင့်ပါ။

“ဘာပြဿနာမှမရှိဘူး။ ဒါက ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်းပဲ။ ပြဿနာတက် တာက ငွေထုတ်မရတဲ့ အချိန်ကစပြီး ပြဿနာတက်တာ” လို့ ကိုချမ်းက ပြောပါတယ်။

မတ်လလယ်ပိုင်းမှာတော့ Customer နဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ အေးဂျင့်တွေက ငွေထုတ်မရပေမဲ့ ငွေထုတ်မယ့်သူ ငွေလွှဲမယ့် သူအချင်းချင်းကို ချိတ်ဆက်ပြီး ငွေသွင်းငွေ ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ အကျပ်အတည်းက မလွတ်မြောက်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အေးဂျင့်လက်ထဲမှာ ငွေမရှိ တော့ပါဘူး။ အဲဒါကြောင့် ဘဏ်တွေမှာရှိတဲ့ ငွေကို ရာခိုင်နှုန်းနဲ့ ပြန်ထုတ်ရပါ တယ်။ ငွေပို့ ငွေလွှဲစျေးကွက်မှာလည်း ရာခိုင်နှုန်းနဲ့ ပြန်ထုတ်ရတာ ခေတ်စားလာပါတယ်။

“Wave  က ရိုးမဘဏ်နဲ့ ချိတ်ထား တယ်။ အရင်က Wave က ငွေ ထုတ်လို့မရရင် ဘဏ်ကနေ ထုတ်တာပေါ့။ အခုက ဘဏ်က နေလည်း ထုတ်လို့မရတော့ဘူးဆိုတော့ လူ တွေက လုပ်ငန်းလည်ပတ်ဖို့ ဘဏ်ကငွေကို ရာခိုင်နှုန်းနဲ့ ပြန်ထုတ်ရတယ်။ အဲဒီမှာတင် ရာခိုင်နှုန်းစျေးကွက်ဖြစ်လာတာ” လို့ ကိုချမ်းက ပြောပါတယ်။

ရာခိုင်နှုန်းနဲ့ ပြန်ထုတ်ရတာ တစ်မြို့ နယ်နဲ့ တစ်မြို့နယ် မတူပါဘူး။ အနိမ့်ဆုံး ပေးရတာကတော့ ၁၀ ရာခိုင်နှုန်းဖြစ်ပြီးတော့ လက်ရှိ မှာတော့ ၁၂ ရာခိုင်နှုန်းအထိ ပေးရတာတွေ ရှိပါတယ်။

“ဒီနေ့ သွားထုတ်တာ တစ်သိန်းကို တစ်သောင်းပေးလိုက်ရတယ်။ အရင်ကလို ထောင်ဂဏန်းလောက်ပဲ ပေးရတာမဟုတ်တော့ မတန်ဘူး။ ဒါပေမဲ့ ငွေပြန်ထုတ်ရတာ ဆိုတော့ ပေးနေရတာပဲ” လို့ မေ ၂၅ ရက်မှာ Wave Money က ငွေထုတ်ခဲ့သူတစ်ဦးက ပြောပါတယ်။

ရာခိုင်နှုန်းပေးရတဲ့စျေးကွက် ထွက်ပေါ် လာပြီး သိပ်မကြာခင်မှာ တော့ ရာခိုင်နှုန်းနဲ့ လဲတဲ့ အေးဂျင့်တွေကို အရေးယူမယ်လို့ Wave Money က ထုတ်ပြန်ပါတယ်။

ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းလ်အင်တာနက် ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်ရရှိသော အင်တာနက် ဝန်ဆောင်မှုများ၊ အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီးပြတ်တောက် မှုများကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ် မှုအပေါ်တွင် အဟန့်အတားများစွာရှိခဲ့ပြီး သန်းပေါင်းများစွာသော သုံးစွဲသူများထံသို့ ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများစွာ ကြုံတွေ့ရလျက် ရလျက်ရှိတယ်လို့ Wave Money က ထုတ်ပြန်ပါတယ်။

ကိုယ်စားလှယ်ကြီးများ အနေဖြင့် Wave Moneyငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှု များပေးရာတွင် အခက်အခဲအသီးသီး ကြုံတွေ့နေရကြောင်း သိရှိရပြီး အများစုမှာ ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် Wave Money ဆိုင်များတွင် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှု ပမာဏများ များပြားလာခြင်း တို့ကို ရင်ဆိုင်နေရကြောင်း၊ သတင်းပို့တိုင် ကြားမှုများအရ အချို့သော ကိုယ်စားလှယ် များသည် ဝန်ဆောင်ခနှုန်းထားများ ပိုမို ကောက်ခံလျက်ရှိကြောင်း Wave Money  အနေဖြင့် ယခုလိုအခြေအနေမျိုးတွင် ကိုယ် စားလှယ်ကြီးများ၏ အခက်အခဲများကို နား လည်သော်လည်း Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက်ပိုမို ကောက်ခံခြင်း ကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြား ထားပြီး ဖြစ်ကြောင်း Wave Money က ထုတ်ပြန်ထားပါတယ်။

အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money က စစ်ဆေးအရေးယူမည်ဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့် ကောင်းယူခြင်း သို့မဟုတ် စည်းကမ်း ဖောက်ဖျက်ပြီး မမှန်မကန်ပြုမူခြင်းများကို သင့်လျော်သော စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည်ဟု Wave Money က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်မှုအပေါ်မှာ တော့ Wave Money အေးဂျင့်တွေက ပြန်လည် တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ငွေထုတ်ချင်တယ်ဆိုရင် သူတို့ပေး ထားတဲ့ ဖုန်းနံပါတ်ကိုပေးလိုက်တယ်။ အဓိက ဖြစ်တာက သူတို့ တာဝန်ယူမှုမရှိလို့ ဖြစ်တာကို အေးဂျင့်တွေက ကြားထဲကခံရတာ” လို့ ရန်ကုန်မြို့မှာရှိတဲ့ Wave ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာမှာ Wave Money ရဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း ဝေဖန်မှုတွေရှိခဲ့ပါ တယ်။

“စာရင်းထဲက ပိုက်ဆံကို Wave ဘက် က တာဝန်ယူပြီး ငွေသား ပြောင်းပေးနိုင်ရင် ဒီကိစ္စတွေ ဖြစ်မလာဘူးလေ။ Wave က ခေတ် အခြေအနေကြောင့် ကိုယ်တိုင် တာဝန် ယူမလုပ်ကိုင်နိုင်တာကိုနားလည် ပေးလို့ရ သေးတယ်။ ကိုယ်တိုင်က ဘာမှမလုပ်ပေးနိုင်ဘဲ ဟိုလုပ်မယ် ဒီလုပ်မယ်ဆိုတာတော့ Accountability မရှိတဲ့ စကားပြောတယ်လို့ပဲ မြင်မိပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Wave Money ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားဖော်ပြထားတာကို တွေ့ရပါတယ်။

အချို့ အေးဂျင့်များအနေနဲ့ ငွေထုတ်ယူ သူများ အခက်မရှိစေဖို့ မိမိမှာရှိတဲ့ ငွေကြေး ကို ရာခိုင်နှုန်းမယူဘဲ ငွေထုတ်ပေးတာကို လုပ်ကိုင်လျက် ရှိပါတယ်။

“သွားရလာရတဲ့စရိတ်နဲ့ လာထုတ်တာက သောင်းဂဏန်းလောက်ဆို သူတို့အတွက် မစားသာဘူး။ ကျွန်တော်ဆို တစ်ရက်ကို ၁၀ သိန်းဖိုး ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးတယ်။ တစ်ယောက်ကို ငါးသောင်းနှုန်းနဲ့။ တစ်ခါ တလေတစ်ရက်ကို ၁၅ သိန်းဖိုးလောက် ထုတ် ပေးတယ်။ ကိုယ်အဆင်ပြေရင် ပြေသလိုပေါ့”လို့ စလင်းမြို့နယ်က ကိုချမ်းက ပြောပါတယ်။

သူ့ဆိုင်မှာ လာထုတ်တဲ့သူအများစု အခြေခံလက်လုပ်လက်စား တွေများတယ်လို့ ကိုလင်းက ပြောပါတယ်။

“တစ်ယောက်ကို ငါးသောင်း ဆိုတာက အများကြီးလည်းမဟုတ်ဘူး။ တကယ် ခက်ခဲ နေတဲ့သူတွေအတွက်ကျတော့ ငါးသောင်းက အဆင်ပြေတယ်လေ။ တချို့ဆို ဆေးကုစရိတ်ကို ရန်ကုန်က အမျိုးတွေ လှမ်းပို့တယ်။ ရာခိုင်နှုန်းနဲ့ ထုတ်ရတယ်ဆို သူတို့အတွက် မစားသာဘူး။ ဒါကျတော့ သူတို့အတွက်လည်း အဆင်ပြေတယ်။ ကိုယ်လည်း ကူညီရတာ ဆိုတော့ အဆင်ပြေတယ်” လို့ ကိုချမ်းက ဆိုပါတယ်။

သူ့ဆိုင်မှာ Wave Money ငွေထုတ် တင်သာမကဘူး K Pay  နဲ့ ငွေ ထုတ်ပေးတာကို ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေတာဖြစ် ပါတယ်။

“တချို့အရေးကြီးတဲ့သူတွေအတွက်ဆို ကိုယ်လည်းပေးနိုင်တဲ့ ပမာဏ ပြည့်သွား ရင်လည်း ထပ်လဲပေးတယ်။ ပိုက်ဆံတော့ ဆောင်ထားရတာပေါ့” လို့ ကိုချမ်းက ဆိုပါ တယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ ဘဏ်များမှာ ငွေထုတ်ယူရမှု ခက်ခဲလာတဲ့အချိန် လူအများစုအတွက် အားထားရာကတော့ အလွယ်တကူ ငွေလွှဲလို့ ရတဲ့ Wave Money လို ငွေလွှဲလုပ်ငန်း တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အဆင်ပြေ ပြေ ငွေပို့ငွေလွှဲ မလုပ်နိုင်သေးဘဲ မူလအခြေ အနေကို ပြန် လည် မရောက်ရှိလာသေးဘူးလို့ Wave အေးဂျင့်တွေက ပြောပါ တယ်။

“အဓိက ငွေထုတ်လို့မရတာပဲ။ အဲဒါ လုပ်နိုင်ရင် ပုံမှန်အခြေအနေ ကိုပြန်ရောက်လာမှာပဲ။ ဘယ်အချိန် ပြန်ရောက်မလဲဆိုတာ ကတော့ မသိနိုင်ဘူး” လို့ ကိုချမ်းကဆိုပါ တယ်။

အလွယ်တကူ ငွေလွှဲငွေထုတ် မရတဲ့ အတွက်ကြောင့် အခြေခံလူ တန်းစားတွေ အတွက် အခက်အခဲ ဖြစ်နေတာကို ဖြေရှင်းဖို့ လိုအပ်လာနေပြီး ရာခိုင်နှုန်းနဲ့ ပေးရတဲ့ အတွက်ကြောင့် အခက်အခဲဖြစ်တယ်လို့ Wave Money မှ ငွေလာထုတ်သူ တစ်ဦးက ဆိုပါတယ်။

“ဒါလေးတွေက လွယ်တယ်။ ကိုယ့်ဆီ မှာဝင်လာတဲ့ မက်ဆေ့ကို ပြပြီးရင် Password ပြောပြီးထုတ်ရုံပဲဆိုတော့ လူတိုင်းကလည်း အလွယ်တကူ သုံးကြတယ်။ အခုကျတော့ ရာခိုင်နှုန်းနဲ့ ထုတ်လို့ရတယ် ဆိုရင်တောင် ထုတ်ပေးတဲ့ဆိုင်ကို လိုက်ရှာနေရတယ်။ ရရင်လည်း ရာခိုင်နှုန်းက ပေးရတာဆိုတော့ ဘာမှ မလုပ်ဘဲနဲ့ ပေးလိုက်ရတာ။ ရာခိုင်နှုန်းက မရှိတဲ့သူအတွက် ဆန်ဖိုးဆီ ဖိုးရတယ်လေ” လို့ ငွေလာထုတ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ Wave အေးဂျင့် အချို့က ဘဏ်ထဲက ငွေကြေးကို ရနိုင်ဖို့ ရာ ခိုင်နှုန်းနဲ့ လဲယူပြီးမှ ငွေလာထုတ်သူတွေကို ရာခိုင်နှုန်းနဲ့ ပြန်လည်ကောက်ခံပြီး ငွေ ထုတ် ပေးနေရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေက ဘယ်အချိန်မှာ အဆုံး သတ်မလဲဆို တာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။