မိုးကြိုကာလဆိုတော့ ပူတဲ့အချိန်ဆိုရင် ငုတ်တုတ်ထိုင်နေရင်းကိုပဲ ချွေးပြိုက်ပြိုက်ကျအောင်ပူပြီး မိုးကြိုမုန်တိုင်းကြောင့် မိုးအနံ့လေးများရခဲ့ရင် လေပြေအေးလေးတွေနဲ့ အေးချမ်းနေပြန်ရော။ အိမ်ထဲကနေ ငေးကြည့်နေရတဲ့ ချင်းတောင်တန်းကြီးကလည်း လင်းလင်းချင်းချင်းမြင်လိုက်ရ၊ မြင်ကွင်းကနေ မှုန်ဝါးသွားရနဲ့ မသွားဖြစ်တာကြာတဲ့ ခရီးတွေ အကြောင်းတွေးတောရင်းပဲ တောင်ပေါ်ခရီးတွေအကြောင်း၊ ကိုယ်သွားခဲ့တဲ့ လမ်းတွေအကြောင်းကို အလွမ်းစိတ်နဲ့သာ ဖြေသိမ့်နေရတဲ့ကာလပေါ့။ သေရေးရှင်ရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတဲ့ ကိစ္စတစ်ခုခုမရှိဘဲ ခရီးအသွားအလာဆိုတာ မရှိသလောက်ပေါ့။ တကယ်လို့ ကိစ္စရှိခဲ့ရင်တောင်မှ မသွားမဖြစ်တဲ့ ခရီးတွေမှသာ သွားကြတော့တယ်။ လူတွေသွားကြတဲ့ ခရီးတွေရှိတဲ့အနက် စိတ်ပြေလက်ပျောက် အပန်းဖြေခရီးဆိုတာကတော့ သူသူကိုယ်ကိုယ် မထွက်ဖြစ်ကြတာ ကိုဗစ်ရောဂါစဖြစ်ကတည်းက ဖြစ်မယ်ထင်ပါတယ်။ လူတိုင်းအကြောင်းအရာ ကိစ္စတစ်ခုမဟုတ်တစ်ခု ခရီးသွားလာမှုတွေရှိခဲ့ပြီး ခရီးတစ်ခုတိုင်းမှာ ပျော်ရွှင်စရာ၊ စိတ်ပျက်စရာ၊ ကြောက်စရာ၊ ထိတ်လန့်စရာစတဲ့ ခံစားမှုအမျိုးမျိုးတွေ ကြုံတွေ့ခဲ့ကြပါတယ်။ ဒါတွေက ခရီးတစ်ခုရဲ့ အတွေ့အကြုံတွေဖြစ်ပြီး ဒီအတွေ့အကြုံတွေဟာ နောင်တစ်ချိန်မှာ လွမ်းစရာတွေ၊ တမ်းတစရာတွေ ဖြစ်လာတာပေါ့။
လူတို့သည် ခရီးသွားလာလိုသော စိတ်ဆန္ဒ ဖျောက်ဖျက်ခဲနိုင်သည်နှင့်အညီ အကြောင်းကိစ္စ တစ်ခုမဟုတ်တစ်ခုဖြင့် ခရီးသွားလာခဲ့ကြသည်လို့ အဆိုရှိပါတယ် ။ မိမိရဲ့ စိတ်အလိုဆန္ဒအရ ခရီးထွက်ကြသလို တချို့ကအကြောင်းအရာအမျိုးမျိုးကြောင့် ရှေးခေတ်ကာလကတည်းက အရပ်တစ်ခုမှ အရပ်တစ်ခုသို့၊ တစ်မြို့မှတစ်မြို့သို့ ၊ တစ်ပြည်နယ်၊ တစ်တိုင်းမှ တစ်ပြည်နယ် တစ်တိုင်းသို့၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ခရီးသွားလာခဲ့ကြတယ်လို့ ဖတ်ရှုမှတ်သားဖူးပါတယ်။
ခရီးထွက်ကြမယ်ဟေ့ ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် အဲဒီခရီးကို ဘာနဲ့သွားမယ်၊ ဘယ်တွေဖြတ်ရမယ်၊ ဘယ်နှနာရီကြာမယ်၊ လမ်းမှာ ဘာတွေတွေ့နိုင်မလဲ၊ အခက်အခဲတွေလား၊ ပျော်ရွှင်မှုတွေလား၊ သာယာမှုတွေလား၊ သိပ်လှတဲ့ရှုခင်းတွေလား စသည်ဖြင့် ကြိုတင်တွေးတော ရင်မောကြပါတယ်။ ကြိုတင်ပြင်ဆင်ခဲ့တဲ့ ခရီးဆိုပေမဲ့လည်း မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ခဲ့သလိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေပျောက်ဖို့အတွက် သွားလာကြတဲ့ အပန်းဖြေခရီးတွေကို ကြိုတင်စီစဉ်ကြပေမယ့် မလွှဲသာမရှောင်သာ သွားရမယ့်ခရီးတွေအတွက်တော့ ဘယ်လိုပြင်ဆင်မှုမျိုးကိုမှ မလုပ်ဘဲ ကိုယ့်ကံကြမ္မာ သဘောအတိုင်းလိုပဲ သဘောထားကြရပါတယ်။ တကယ်တော့ ခရီးတစ်ခုဟာ ဘယ်လောက် စီစဉ်ထားပေမဲ့လည်း လွဲချော်မှုတွေဆိုတာကလည်း ရှိတတ်စမြဲဖြစ်သလို ခရီးတစ်ခုကို ကြိုတင်ခန့်မှန်းတွက်ချက်ဖို့ဆိုတာကလည်း မလွယ်လှတဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းဟာ သံသရာခရီးသွားတွေလို့ ဗုဒ္ဓဘာသာ ကိုးကွယ်သူတိုင်းက ယုံကြည်ထားကြပါတယ်။ လူ့ဘဝတစ်ခုဟာ သံသရာ ခရီးတစ်ထောက်လို့ အဆိုရှိကြပြီး သံသရာခရီးအတွက် ကုသိုလ်၊ အကုသိုလ်တွေကိုသာ ယူဆောင်နိုင်တယ်လို့ ယုံကြည်မှုရှိကြပါတယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်မှာလည်း ခရီးသွားလာခြင်းကို ပယ်ဖျောက်နိုင်ခဲသော တရားငါးပါးအတွင်း ထည့်သွင်းထားခဲ့ပါတယ်။ ပယ်ဖျောက်နိုင်ခဲသော တရားငါးပါးတွေက (၁)ဖြစ်ပေါ်လာသော ရာဂကို ပယ်ဖျောက်နိုင်ခဲ၏။ (၂) ဖြစ်ပေါ်လာသော ဒေါသကို ပယ်ဖျောက်နိုင်ခဲ၏။ (၃) ဖြစ်ပေါ်လာသော မောဟကို ပယ်ဖျောက်နိုင်ခဲ၏။ (၄) ဖြစ်ပေါ်လာသောဉာဏ်(နှိုက်) ထင်မြင်အယူအဆကို ပယ်ဖျောက်နိုင်ခဲ၏။ (၅) ဖြစ်ပေါ်လာသော ခရီးသွားလိုသောစိတ်ကို ပယ်ဖျောက်နိုင်ခဲ၏လို့ မြတ်စွာဘုရားသခင်က တရားတော်မှာ မိန့်တော်မူခဲ့ပါတယ်။
“ခရီးသွားခြင်း၏ ကြည်ရွှင်မှုမှာ ရောက်ဆဲခဏ၊ သွားဆဲခဏ ကြုံဆုံရခဲလှသည်။ လက်ငင်းမျက်မှောက် ခံစားရသည်မဟုတ်။ ပြန်လည်တမ်းတခြင်းဖြင့်သာ ကြည်ရွှင်မှုကို ရပေသည်” ဟု ဂျောရစ်ကား ဟိုက်စမန်းဆိုသူ ရေးဖူးသည်ဟု စာတမ်းတစ်ခုမှာ မှတ်သားဖူးပါတယ်။ ယနေ့ကာလလို ခရီးသွားလာမှုခက်ခဲနေသော အချိန်မှာတော့ တစ်ချိန်ကသွားလာခဲ့သော ပျော်ရွှင်ဖွယ်ရာခရီးများ၊ စိတ်လှုပ်ရှားဖွယ်ရာခရီးများ၊ လွတ်လပ်ပေါ့ပါးခဲ့သည့်ခရီးများ၊ စိတ်ပင်ပန်းခဲ့သည့် ခရီးများကို ပြန်လည်တွေးတော၍ ခံစားမှုမျိုးစုံကို ပြန်လည်ခံစားနေရပါတယ်။ ကျွန်တော်ကိုယ်တိုင် ချင်းပြည်နယ်၊ နာဂတောင်တန်း၊ ချင်းတွင်းမြစ်တွေဆီကို သွားလာခဲ့ပြီးတော့ အခက်အခဲတွေ ရင်ဆိုင်ဖူးတယ်။ ပျော်စရာတွေ တွေ့ကြုံခဲ့သလို စိတ်ညစ်စရာတွေ၊ ပင်ပန်းမှုတွေ၊ ဝမ်းနည်းမှုတွေစတဲ့ စိတ်ခံစားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ချင်းပြည်နယ်နဲ့ နာဂတောင်တန်းဘက်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့ လှည့်ပတ်သွားလာရင်း လှပတဲ့ရှုခင်းများ၊ စိတ်လှုပ်ရှားဖွယ်ရာ အနေအထားများနဲ့ ကြမ်းတမ်းလှတဲ့ လမ်းတွေကို ဖြတ်ကျော်ခဲ့ဖူးရပါတယ်။ လမ်းခရီးမှာ ရေခဲတမျှအေးတဲ့ ချောင်းရေကိုချိုးရင်း လတ်ဆတ်မှုတွေ ခံစားခဲ့ရသလို တောင်ပေါ်စိမ့်စမ်းရေသွယ်ကနေ ကျဆင်းလာတဲ့ရေကို လက်ဖဝါးနဲ့ ခပ်သောက်ရင်း မောပန်းမှုတွေ ဖြေဖျောက်ခဲ့ရတာတွေ ပြန်လည်မှတ်မိနေပါတယ်။ ဆိုင်ကယ်ဘီးတစ်ဝက်ကျော်မြုပ်တဲ့ ရွှံ့ဗွက်တွေကို ဖြတ်ကျော်ကာ ဆိုင်ကယ်စက်ချို့ယွင်းလို့ စိတ်မောလူမောဖြစ်ခဲ့ရတာတွေလည်း သတိရနေဆဲပါ။ အဲဒီအချိန်ကာလမှာ တွေ့ကြုံခဲ့တဲ့ ပင်ပန်းဆင်းရဲမှုတွေက အခုအခါမှာတော့ ပြန်ပြောင်းလွမ်းနေရတဲ့ အမှတ်တရတွေ ဖြစ်နေပါတယ်။ လမ်းမှာတွေ့တဲ့ လူတွေရဲ့ ကူညီမှုကိုခံယူရင်း ကိုယ်ကိုယ်တိုင်ကလည်း တစ်ဖက်သားကို ကူညီပေးခဲ့တာတွေကိုတွေးရင်း ပီတိဖြစ်နေဆဲပါ။ ခရီးတစ်ခုဆိုတာ လူဘဝနဲ့တူညီလှပါတယ်။ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းမရတတ်ပါဘူး။ ကိုယ်သွားရမယ့်ခရီးရဲ့ အတိမ်အနက် ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ကြိုတင်ခန့်မှန်းပြင်ဆင်ခဲ့ပေမဲ့ လမ်းခရီးမှာ မထင်မှတ်တဲ့ အခက်အခဲတွေ၊ ကြုံတွေ့ရစမြဲပါ။ မိမိမတတ်နိုင်တဲ့ကိစ္စတွေကို လူ့ဘဝမှာသော် လည်းကောင်း၊ ခရီးတစ်ခုမှာသော် လည်းကောင်း ကြုံတွေ့ခဲ့မယ်ဆိုရင်တော့ လက်ရှိအခြေအနေကို အကောင်းဆုံး ဆုံးဖြတ်ရင်း ရင်ဆိုင်ရှေ့ဆက် လျှောက်လှမ်းသွားကြတာဟာ အကောင်းဆုံးပဲလို့ ထင်မြင်မိပါတယ်။ မိမိရဲ့ကျရှုံးမှုတွေ၊ ခရီးတစ်ခုအနေနဲ့ဆိုရင် ပန်းတိုင်မရောက်ခဲ့တဲ့ ခရီးတွေ ဖြစ်ရင်လည်း အောင်မြင်မှုအတွက် နောက်တစ်ကြိမ် ကြိုးစားရင်း ကိုယ့်ရဲ့ လက်ရှိဘဝ အခြေအနေကို သုံးသပ်ပြီး ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။
ခရီးတစ်ခုကို သွားလေတိုင်း အဲဒီလမ်းခရီးအပေါ် ခံစားပြီးတော့ သွားတာပါပဲ။ ကျွန်တော်အကြိုက်ဆုံး ခရီးစဉ်တွေက ခက်ခဲကြမ်းတမ်းပေမဲ့ အပျော်ဆုံးဖြစ်ခဲ့ရတဲ့ တောင်ပေါ်ခရီးတွေပေါ့။ တောင်ပေါ်ခရီးသွားတယ်ဆိုရင် လတ်ဆတ်တဲ့ လေကောင်းလေသန့် ရတယ်။ အပူဒဏ်ခံရမှုနည်းတယ်။ ဒါ့ကြောင့် ခရီးသွားတဲ့သူအဖို့ အောက်ဆီဂျင်ကို ပြည့်ပြည့်ဝ၀ ရှူရှိုက်ရပြီး လတ်လတ်ဆတ်ဆတ်ဖြစ်နေတယ်။ သိပ်ပူတဲ့ မြေပြန့်ခရီးတွေက ခရီးသွားရင်း ငြီးငွေ့လာပြီး အိပ်ချင်လာတယ်။ ဒါ့ကြောင့် တောင်ပေါ်ခရီးတွေကို ပိုနှစ်သက်မိတယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်က ခရီးသွားရင် ဆိုင်ကယ်နဲ့ သွားရတာကို သိပ်သဘောကျတယ်။ ဘာလို့လဲဆိုတော့ လွတ်လပ်တယ်။ ကိုယ်သွားချင်တဲ့အချိန် သွားလို့ရတယ်။ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်လို့ရတယ်။
လမ်းဘေးမှာ ဆိုင်ကယ်တစ်စီး ဘယ်နားရပ်ရပ် အဆင်ပြေတယ်။ ဒီလိုဆိုတော့ ခရီးတစ်လျှောက်မှာ သိပ်လှတဲ့ ရှုခင်းတွေကို ငေးမောခံစားရင်း ဓာတ်ပုံရိုက်ဖို့အတွက် အဆင်ပြေတာလည်း ပါမှာပေါ့။ ဒါကတော့ ကိုယ့်အကြိုက်ပေါ့လေ။ ခရီးတစ်ခုမှာ လမ်းတွေကလည်း အရေးပါပါတယ်။ ကြမ်းတမ်းတဲ့ လမ်းခရီး၊ ချောမွေ့တဲ့ လမ်းခရီး ၊ ခက်ခဲတဲ့လမ်းခရီးဆိုပြီး ဘယ်လိုပင်ကွဲပြားခဲ့ပေမဲ့ ကိုယ်သွားရမယ့် ရည်ရွယ်ချက် ပန်းတိုင်ဆီကိုရောက်အောင်သွားရစမြဲပါ။ လမ်းမပေါက်တဲ့နေရာတွေ ရှိခဲ့တယ်ဆိုရင်ပဲ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို လမ်းဖောက်ပြီး အရောက်သွားရတဲ့ အချိန်အခါဆိုတာ လူ့ဘဝမှာ ရှိခဲ့တာပဲလေ။ လမ်းတွေအပေါ်မှာ ဖြတ်သန်းသွားလာရတဲ့ ခရီးတွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကို ပေးစေနိုင်တယ်ဆိုတာ အမှန်ပါပဲ။ လူ့ဘဝခရီးလမ်းဆိုတာကလည်း ခက်ခဲတာ၊ ပင်ပန်းတာ၊ စိတ်ပျက်အားငယ်တာ၊ ပျော်ရွှင်အားတက်စေတာတွေ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့နေရမှာပါ။ ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီး ကုသိုလ်အမှုကိစ္စတွေကို များများသယ်ဆောင်ပြီး လူ့ဘဝခရီးတစ်ခုကို ပြီးမြောက်စေဖို့ လူတိုင်းရည်ရွယ်ထားကြတယ် မဟုတ်ပါလား။
ကျွန်တော်တို့ မြန်မာလူမျိုးတွေက ဒေသအစွဲအလမ်းကြီးကြတယ်။ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းဖို့အတွက် အင်မတန် ဝန်လေးကြတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံထက် သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကားပုံကို ပိုပြီးလက်ခံယုံကြည်ကြတယ်လားတော့မသိ။ ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် ကိုယ့်အိမ်အတွက် ကိုယ့်မိသားစုအတွက် နောက်ဆံတင်းကြတယ်။ မသွားလို့ လုံးဝမဖြစ်တဲ့ ခရီးတွေမှသာ သွားလေ့လာလေ့ရှိတယ်။ ဒီနိုင်ငံမှာ အများဆုံးသွားတတ်တဲ့ ခရီးက ဘာသာရေးကို အခြေပြုတဲ့ ဘုရားဖူးခရီးစဉ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာရိုးရာဓလေ့ပွဲတော် ပိတ်ရက်တွေမှာဆိုရင် ခရီးထွက်တဲ့သူများလေ့ရှိတယ်။ ဟိုးယခင်ကတော့ တစ်ရွာနဲ့တစ်ရွာ ကူးလူးဆက်ဆံတယ်ဆိုတာ သိပ်နည်းပါတယ်။ ကိုယ်နေထိုင်တဲ့မြို့နယ်အတွင်းက ကျေးရွာတွေအနှံ့ မရောက်ဖူးတဲ့သူတွေက အခုချိန်အထိ ရာခိုင်နှုန်းတော်တော်များများ ရှိလိမ့်မယ်လို့ ခန့်မှန်းမိတယ်။ ကျွန်တော်တို့လူမျိုးက ခရီးသွားအလေ့အထ နည်းပါးလွန်းတဲ့သူတွေလို့ ပြောရမှာပါ ။ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ်ဆိုတဲ့စကားကို ထောက်ရှုခြင်းအားဖြင့် သမီးရည်းစားကိစ္စကိုပင် ခရီးသွားပြီး ချစ်ရကြိုက်ရမှာ မလိုလားတဲ့သူတွေပါလားဆိုပြီး တွေးမိတယ်။ သို့ပေမဲ့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရားကိုယ်တော်တိုင်က “ရဟန်းတို့ လူများစွာတို့၏ အကျိုးရှိမှုနှင့် စိတ်ချမ်းသာမှုအတွက် ခရီးလှည့်လည်ကြကုန်လော့” လို့ဆိုပြီး ဓမ္မစကြာတရားဦး ဟောပြီးနောက် မိန့်ကြားခဲ့ပါတယ်။
ဥရောပတိုက်က လူတွေဟာ ခရီးသွားတဲ့နေရာမှာ နံပါတ် (၁) လို့ ပြောရမလိုဘဲ။ ဟိုးရှေးယခင်ကတည်းက ပင်လယ်ရေကြောင်းနဲ့ သော်လည်းကောင်း၊ ကုန်းကြောင်းနဲ့သော်လည်းကောင်း စွန့်စွန့်စားစား ခရီးသွားလာခဲ့ကြပါတယ်။ ဘာ့ကြောင် ့သူတို့တစ်တွေ ခရီးသွားရကြသလဲဆိုတာကို စာရေးဆရာကြီး တိုက်စိုးက ‘ဒေသန္တရဗဟုသုတအတွက်ကြောင့်လည်းကောင်း၊ စွန့်စားစိတ်ကြောင့်လည်းကောင်း၊ ရောင်းဝယ်ကူးသန်းလိုသောကြောင့်လည်းကောင်း၊ သာသနာပြုချင်သာကြောင့် လည်းကောင်း၊ ဥရောပတိုက်မှ ပေါ်တူဂီ၊ ဒတ်ချ်၊ ပြင်သစ်၊ အင်္ဂလိပ် စသော လူမျိုးအသီးသီးသည် အရှေ့ဘက်နိုင်ငံများသို့ ရောက်လာခဲ့လေသည်’ လို့ ရေးသားခဲ့ဖူးပါတယ်။ ဒီလို စွန့်စားသွားလာခဲ့တဲ့ ခရီးတွေထွက်ပြီး ခရီးသွားမှတ်တမ်းတွေကို ရေးသားခဲ့တာက ခရီးသွားစာပေရဲ့အစ ဖြစ်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံထဲမှာဆိုရင်တော့ တောလားတွေ ရေးခဲ့ကြတဲ့ ရဟန်းစာဆိုတွေဟာ ခရီးသွားစာပေကို စတင်ရေးသားခဲ့သူတွေလို့ မှတ်ယူခဲ့လို့ ရမယ် ထင်ပါတယ်။ နေရာဒေသတစ်ခုကို ကိုယ်သွားရောက်ခဲ့တဲ့ ခရီးအတွက် နေ့စဉ်မှတ်တမ်းရေးသားပြီးသွားခဲ့တဲ့ နေရာဒေသရဲ့ အကြောင်းတွေကို မှတ်တမ်းတင်ခဲ့တဲ့ စာပေတွေလည်း ရှိခဲ့ပြီးတော့ ဒီစာပေတွေက လူတွေကို တော်တော်အကျိုးပြုတယ်ဆိုတာ ဘယ်သူမှငြင်းမရပါဘူး။ ယနေ့ခေတ်မှာတော့ ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ခရီးသွားလာတဲ့သူတွေ ပိုမိုများပြားလာတယ်လို့ ပြောရမှာပါ။
အကြောင်းအမျိုးမျိုးကြောင့် ဘယ်လိုအချိန်အခါ ဖြစ်ပါစေ လူတွေခရီးသွားနေဆဲပါ။ ရောဂါတွေထူပြောနေတဲ့အချိန်ဆိုရင်လည်း ခရီးတွေသွားနေကြသလို၊ စစ်ဖြစ်နေတဲ့အချိန်အခါမှာလည်း ခရီးသွားနေကြရပါတယ်။
တစ်ဦးနဲ့တစ်ဦး ခရီးသွားနေကြရတဲ့ပုံစံတွေသာ မတူညီကြတာပါ။ သွားရမယ့် လမ်းခရီးတွေက ဖြောင့်ဖြူးချောမောရင်ပဲဖြစ်ဖြစ်၊ အတက်အဆင်းတွေပဲဖြစ်ဖြစ်၊ ဆူးညှောင့်ခလုတ်တွေရှိနေရင်ပဲဖြစ်ဖြစ်၊ အခက်အခဲတွေတွေ့နေရင်ပဲ ဖြစ်ဖြစ် ကိုယ်သွားမယ့် ပန်းတိုင်ကိုတော့ ရောက်အောင်သွားရစမြဲပါ။ အခက်အခဲတွေ ဖြတ်ကျော်ခဲ့ပြီးသော ခရီးတွေဟာ နောင်တစ်ချိန်ကျရင် ကိုယ့်ရဲ့အောင်မြင်မှုမှာ ကြိုးစားဖြတ်ကျော်ခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်လာမှာပါ။ ကျွန်တော်သွားခဲ့တဲ့ ခရီးတွေထဲမှာဆိုရင် အခက်အခဲ အများဆုံးနဲ့ အန္တရယ်အများဆုံး ခရီးတွေဟာ အခုလို ဘယ်မှမသွားရဘဲ အိမ်မှာနေတဲ့အချိန်မှာ တစိမ့်စိမ့်ပြန်တွေးရင်း ပြန်လည်ပျော်ရွှင်ရတဲ့ခရီးတွေ ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာအယူအဆအရ သံသရာကြီးထဲက ခရီးသွားတွေပါပဲ။
လူ့ဘဝဆိုတာ သံသရာခရီးလမ်းထဲက အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ဟာ သံသရာမှာ ကျင်လည်နေသရွေ့ ဘဝမျိုးစုံကို ဖြတ်ကျော်ရင်း ဒုက္ခတွေ၊ သုခတွေကို ခံစားနေကြရဦးမှာပါ။ ဘဝခရီးရဲ့ ပြန်လည်သတိရလွမ်းဆွတ်ရတဲ့ အစိတ်အပိုင်းတွေလည်း ရှိခဲ့၊ ရှိဆဲ၊ နောက်လည်း ရှိနေဦးမှာပါ။ လူ့ဘဝခရီးမှာ ပျော်ရွှင်မှုတွေ၊ စိတ်ပျက်မှုတွေ၊ စိတ်ညစ်မှုတွေ၊ အလိုမကျမှုတွေ၊ မပြည်စုံတွေ၊ ရယူမပိုင်ဆိုင်ရတာတွေ၊ အခက်အခဲတွေစတဲ့ အတွေ့အကြုံတွေ လူတိုင်းကြုံတွေ့ရမှာပါ။ လူတိုင်းလူတိုင်း ကိုယ်ရည်မှန်းတဲ့ ခရီးတစ်ခုကို သွားနေကြတဲ့သူတွေပါ။ လမ်းခရီးသွားတိုင်း ဆုပေးတတ်သလို လူတိုင်းလူတိုင်း ကိုယ်သွားလာနေရတဲ့ခရီး၊ ဘဝသံသရာခရီး သွားလာနေကြရစဉ်မှာ ကိုယ်ရည်မှန်းထားကြတဲ့ ပန်းတိုင်ကို မရောက်မချင်း ခလုတ်မထိ ဆူးမငြိကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ရပါတယ်။










