လွှမ်းမိုးရဲ့ မိုးစက်တင်လေသီချင်းက မိုးသံလေသံကြားမှာ လွင့်မျောလာပါတယ်။ ဒီသီချင်းက မိမိငယ်စဉ်ကတည်းက ကြိုက်ခဲ့ရတဲ့သီချင်း။ အခုလိုမျိုး မိုးတွေရွာတဲ့ရက်မှာမှ သီချင်းသံကိုကြားရတော့ ရင်ထဲမှာ ငယ်ငယ်ကဘဝတွေကို အပြေးအလွှား အတွေးပေါ်မိပါတယ်။
မိုးရွာပြီဆိုတာနဲ့ ဘောလုံးတွေပိုက်ပြီး ရွာလယ်ကွင်းထဲကို ပြေးသွားကြတယ်။ လွတ်လပ်ပေါ့ပါးစွာ ဘောလုံးကန်ကြတယ်။ မိုးရေထဲမှာ ဆော့ကစားကြတယ်။ ပျော်ရွှင်ခြင်းတွေအပြည့်၊ လွတ်လပ်ခြင်းတွေအပြည့်နဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြတယ်။ မိုးရွာပြီဆိုရင် လယ်ကွင်းထဲသွားပြီး ငါးရှဉ့်တွေမျှားကြတယ်။ လယ်ကန်သင်းပေါ်မှာ လျှောက်ပြေးကြတယ်။ အပူအပင်ကင်းမဲ့တဲ့ ကလေးအရွယ်ဟာ အခုအချိန်မှာတော့ ပြန်မရနိုင်တော့ပြီ။ သို့ပေမဲ့ ဖခင်ရဲ့နယ်နိမိတ်ထဲမှာတော့ သားရဲ့ပျော်ရွှင်မှုတွေကို ဖြည့်ဆည်းပေးရဦးမှာပဲဆိုတဲ့အသိက စိတ်ကိုအားဖြစ်စေပြန်ပါတယ်။
ဒါပေမဲ့ အခုအချိန်မျိုးမှာတော့ အသက်အရွယ်ကြီးရင့်လာမှုနဲ့ လောကဓံရဲ့ ကလူကျီစယ်မှုတွေကို အလူးအလှိမ့်ခံဖြတ်သန်းရင်း မိုင်တိုင်အမှတ် ၄၅ ကိုကျော်လွန်လာခဲ့တော့ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်အောင် ကြိုးစားခဲ့ရပြန်တယ်။ သင်္ခါရသဘောပေကိုး။
မေလ ၂၆၊ ၂၇ ရက်တွေမှာ စာရေးသူတို့မြို့မှာ မိုးဆက်တိုက်ရွာတာကိုတွေ့ရတော့ ကြားရမြင်ရတာတွေက စိတ်ပျက်စရာ။ ခိုစရာမဲ့၊ နေစရာမဲ့နေသူတွေအတွက် ရင်လေးမိတယ်။ သူတို့ကလည်း သူတို့ရဲ့ ဘဝဝဋ်ကြွေးတွေကို ပေးဆပ်နေကြလေရော့သလားလို့ တွေးမိပါရဲ့။ ဒါပေမဲ့ ဒီလိုမျိုး မိုးဦးရောက်ပြီဆိုရင် ကမ်းရိုးတန်းဒေသတွေမှာတော့ အခုလိုမျိုး ကြုံတွေ့ရစမြဲပဲ ဖြစ်ပါတယ်။ မိုးရွာပြီဆိုတာနဲ့ လေကအဆင်သင့်ပါ လာတတ်ပါတယ်။ တကယ်တော့ လေနဲ့အတူ မိုးကပါလာတာ ဖြစ်မှာပါ။ မုန်တိုင်းတွေကလည်း တစ်လုံးပြီးတစ်လုံး ပင်လယ်ပြင်ကနေ လိမ့်တက်လာတော့မယ့် မိုးရာသီရဲ့ မိတ်ဆက်ဟာ ခြောက်သွေ့နေတဲ့ သစ်ပင်တွေအတွက် အားအင်ဖြစ်ပေမဲ့ မိုးရေစိုရွှဲမှာကို စိုးရိမ်နေကြရတဲ့ မိသားစုတွေအတွက်ကတော့ ဒုက္ခရေစက်တွေသာ ဖြစ်နေကြမှာပါပဲလေ။
စာရေးသူတို့ ကမ်းရိုးတန်းဒေသက မုတ်သုံမိုးကို မျှော်သာမျှော်ရတယ်။ ပေါ်လာပြန်တော့လည်း လေပြင်းတွေကပါလာတော့ သီးနှံခင်းတွေ ပျက်စီး၊ နေအိမ်ခေါင်မိုးတွေ လန်ထွက်၊ ဟိုမှာပျက် ဒီမှာပျက်နဲ့ အပျက်အစီးစာရင်းက စာရွက်ရှည်ကြီးနဲ့ အပြည့်ဖြစ်လာတော့တယ်။ တကယ်တော့ ဆင်းရဲတဲ့ဒေသတွေမှာက သွပ်မိုးထက်သက်ငယ် (သက်ကယ်) မိုးကြတာများတယ်။ တချို့ကလည်း ဓနိတွေမိုးကြတယ်။ ဒီလိုမျိုးရာသီမှာ သက်ငယ်တို့ဆိုတာက ပျက်စီးလွယ်သား မဟုတ်လား။ သဘာဝပေးတဲ့ ပြစ်ဒဏ်လို့သာ မှတ်ယူရုံမှတစ်ပါး အခြားမရှိ။ ပတ်ဝန်းကျင် တောတောင်တွေမှာလည်း သစ်ပင်ကြီးငယ်တွေက ရှားပါးလာခဲ့ပြီ။ ၀ါးတောသစ်တောတွေလည်း ပြုန်းတီးကုန်ပြီ။ အဲဒီပြုန်းတီးမှုတွေက လူသားတွေအတွက် တန်ပြန်သက်ရောက်မှုဟာ ဒုက္ခတရားတွေပါပဲ။
အထူးသဖြင့်တော့ မြစ်နားကမ်းနား၊ နေထိုင်ကြတဲ့သူတွေက မုတ်သုံဒဏ်ကို ခံရတာများပါတယ်။ ရေလုပ်ငန်းကို အမှီပြုလုပ်ကိုင် စားသောက်နေကြရတဲ့သူတွေဟာ မြစ်နားကမ်းနားမှာ အနေများကြတယ်။ တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်ကြရတဲ့ ဘဝသမားတွေဖြစ်တယ်။ တစ်ဘဝလုံးကို ပင်လယ်ထဲ၊ မြစ်ထဲမှာ မြှုပ်နှံထားသူတွေဖြစ်ကြတယ်။ လှေနဲ့အလုပ်လုပ်ကြရပေမဲ့ ကိုယ်ပိုင်လှေရှိတဲ့သူတွေ နည်းလှတယ်။ သူများလှေမှာ အငှားလုပ်ကိုင်ကြရတာဖြစ်တဲ့အတွက် သူတို့ဘဝဟာ လှေစီးရင်း ရေငတ်သလိုမျိုး ဖြစ်နေကြရတယ်။ ဒါဟာ လှေသမားအများစုရဲ့ ဘဝပုံရိပ်တစ်စိတ်တစ်ပိုင်းပါပဲ။
ဂီရိမုန်တိုင်း၊ နာဂစ်မုန်တိုင်း၊ မိုရာမုန်တိုင်း၊ တခြားတခြားသော မုန်တိုင်းကြီးတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးပျက်စီးခဲ့ကြရပြီဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ဖြစ်တည်မှုဟာ ဒီအတိုင်းပဲဖြတ်သန်းကြရစမြဲပါပဲ။ ဘာတွေပြောင်းလဲခဲ့ပြီလဲဆိုတာထက် ဘာတွေပြင်ဆင်ထားပြီလဲဆိုတာက အရေးကြီးပေမဲ့ ဘဝကိုအသက်နဲ့ ရင်းခဲ့ရသူတွေအတွက်တော့ သေမထူးနေမထူးတဲ့ ဘဝတွေပါပဲ။
နာဂစ်မုန်တိုင်းဆိုရင် ပြည်သူတွေအားလုံး အမှတ်ရနေကြတဲ့ မုန်တိုင်းဖြစ်ပါတယ်။ ဒီလိုပဲ ဂီရိမုန်တိုင်းကြီး အပြီးမှာလည်း စာရေးသူကိုယ်တိုင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲကို ချက်ချင်းရောက်သွားခဲ့ပါတယ်။ ပြောစကားများ မှတ်တမ်းများအရဆိုရင် ငမန်းရဲကျွန်းနစ်မြုပ်ခဲ့စဉ်တုန်းက အဖြစ်အပျက်ဟာ သွေးပျက်စရာကောင်းလှတယ်တဲ့။ ကျွန်တော်တို့တွေ အသက်ပေါင်းဘယ်လောက်များ သဘာဝဘေးအန္တရာယ်ကြားမှာ ပေးဆပ်ရဦးမလဲဆိုတာကတော့ လုပ်ဆောင်ချက်တွေ အပေါ်မှာသာ မူတည်မှာဖြစ်ပါတယ်။ မိုးဦးလေဦးရောက်တိုင်း ခံစားကြရတဲ့ တောသူတောင်သား နင်းပြားများရဲ့ဘဝတွေ၊ အသက်တွေဟာ ကြက်ကလေးငှက်ကလေး တစ်ကောင်လောက်တောင် တန်ဖိုးမရှိဖြစ်ခဲ့ရတယ်။ ဒါတွေဟာ ဖြစ်ပျက်သဘောတရားတွေထဲက နိယာမတွေလား၊ လျစ်လျူရှုခြင်းခံရမှုများလားဆိုတာက တွေးတောစရာပါပဲ။
အရင်တုန်းက ကမ်းရိုးတန်းဒေသတွေရဲ့ အခြေအနေကို စာမျက်နှာတွေမှာ တွေ့ရမြင်ရသိရတာတွေနဲ့ အခုလက်ရှိအခြေအနေဟာ တခြားစီဖြစ်နေတာကိုလည်း တွေ့ရတယ်။ ဘာတွေဖြစ်ခဲ့ပြီလဲဆိုတာကို တွေးကြည့်ရင် မြင်နိုင်ပါတယ်။ အဘိုးက ပြောတယ်။
“ရခိုင်ကမ်းရိုးတန်းဟာ ဒီရေတောတွေ သိပ်ပေါတယ်ကွ။ တောတောင်တွေကလည်း ပေါတယ်။ သစ်တောတွေကလည်း ထီးထီးမည်းမည်းကြီးတွေ။ အခုတော့ ဒီရေတောဆိုတာ အုတ်ဖုတ်လုပ်ငန်းတွေမှာ အဓိကအသုံးပြုနေတဲ့ သစ်ပင်တွေ ဖြစ်သွားပြီကွ။ တင်းတင်းကျပ်ကျပ် ထိန်းထားတဲ့ ဒီရေတောတွေလောက်သာ ကျန်တော့တာ၊ ဒါကြောင့် အရင်တုန်းကဆိုရင် တော်ရုံမုန်တိုင်းတို့ကို မမှုဘူး။ အခုတော့” တဲ့။
အဘိုးရဲ့ စကားသံတွေ တိမ်မြုပ်သွားခဲ့တယ်။ အဘိုးဆက်ပြီး မပြောရဲတော့တဲ့အနေအထားလား။ စကားလုံးတွေ တစ်ဆို့သွားတာများလား စဉ်းစားလို့မရခဲ့။
တကယ်တော့ ကမ်းရိုးတန်းတွေရဲ့ အကာအရံဟာ ဒီရေတောတွေဖြစ်တယ်။ ဒီရေတောမရှိတော့တဲ့ ဒေသတွေမှာ ရာသီဥတုဒဏ်ကို ခံစားကြရတယ်။ လေလာရင်လည်းခံ၊ နေပူရင်လည်းခံ၊ မိုးလာရင်လည်းခံ။ သဘာဝရဲ့ပြစ်ဒဏ်ကိုခံရစမြဲဆိုတော့ ဒီနှစ်တွေထဲမှာတော့ ပိုဆိုးလာတော့မယ်ထင်တယ်။ ပတ်ဝန်းကျင်ကိုမချစ်တဲ့ ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ကပေးတဲ့ဒဏ်ကိုခံရတာ အဆန်းကြီးတော့မဟုတ်။ ဒီရေတောတွေကို ခုတ်လှဲ၊ မီးရှို့၊ ဆားကွင်းလုပ်သူကလုပ်၊ လယ်ကွင်းလုပ်သူကလုပ်၊ ပုစွန်ကန်လုပ်သူကလုပ်၊ လုပ်လို့ရတာတွေလုပ်လိုက်ကြတာ နောက်ဆုံးတော့ ကုန်ပါလေရော။
ဒါနဲ့ဆက်စပ်ပြီး သစ်တစ်ပင်ခုတ်ရင် ထောင်ဘယ်နှနှစ်ဆိုပြီး စာတွေရေးထား၊ ကပ်ထားတွေကို အတွေးထဲပေါ်မိတယ်။ ဒါပေမဲ့ သစ်တောတစ်တောလုံး ပြုန်းသွားတာကျတော့ ဘယ်ထောင်မှမကျ၊ သစ်ခိုးလှေတွေကို ဖမ်းတယ်သာဆိုတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရခိုင်ပြည်ကသစ်တွေ တောင်ပုံယာပုံဆိုပဲ။ ရောက်ဖူးသူတွေက ပြောကြတာ။ စေ့စပ်သေချာအောင်လုပ်ဖို့က စာရေးပြီး သစ်ပင်ပေါ်ကပ်ထားထက်ပိုပြီး အရေးပါတယ်ဆိုတာကို ပြောချင်တာပါ။
ဟောအခုလည်းကြည့်။ ကောက်ကာငင်ကာ ရွာလိုက်တဲ့မုတ်သုံမိုးက လေရောမိုးပါ ပါလာတော့ အိမ်ခေါင်တက်ဖာရသူတွေနဲ့၊ ဆားကွင်းတွေ ပျက်စီးသွားရတာနဲ့၊ ရေပြည့်လို့မွေးမြူရေးကန်တွေ ရေဝင်ပြီး ပေါက်ပြဲတာတွေ ဖာရတာတွေနဲ့၊ စပါးတွေ ရေမစိုအောင် တာပေါ်လင်တွေပြေးဝယ်ရတာနဲ့ အလုပ်ရှုပ် ကြရပြန်တယ်။ ဒါဟာ ကမ်းရိုးတန်းဒေသတွေရဲ့ နှစ်စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ဒုက္ခ။ ဘာဖြစ်ဖြစ် မုတ်သုံမိုးကလည်း နှစ်တိုင်း ရွာနေဦးမှာဖြစ်သလို ဒေသခံတွေကလည်း အပြေးအလွှားကာကွယ်ရ၊ ဖာထေးရနဲ့ သံသရာလည်နေဦးမှာဖြစ်ပါတယ်။
ဒီလိုပဲ မိုးဦးလေဦးရောက်ပြီဆိုရင် ကျွန်တော်ကလည်း ငယ်ဘဝက ဖားရိုက်ထွက်တဲ့ အကြောင်းအရာလေးတွေကို သတိရတမ်းတနေဦးမယ်။ လယ်ကွင်းထဲ ဘောလုံးကန်တာကို သတိရနေဦးမယ်။ ကျောင်းဆင်းရင် မိုးရေထဲမှာပြေးခဲ့တဲ့ အကြောင်းအရာကို သတိရမယ်။ တိုက်ဆိုင်မှုရှိတိုင်းမှာ လူတွေဟာ ငယ်ဘဝကို သတိရတာပဲမဟုတ်လား။
ဟော မိုးနဲ့လေနဲ့ ရွာပြန်ပြီ။
မီးပြတ်သွားပါတော့တယ်။
လျှပ်စစ်မီးကြိုးကြီးတွေ ရွာဘေးက ဖြတ်သွားတာကိုငေးကြည့်ပြီး ဖယောင်းတိုင်ဝယ်ဖို့ ကျွန်တော် မေ့နေခဲ့သောနေ့တွေကိုလည်း သတိရလို့နေပါတော့တယ်။










