(၁)
မြန်မာနိုင်ငံ၏ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်က ၂ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် လျာထားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေတွင် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ယခင်နှစ်ကာလတူထက် ရာခိုင်နှုန်း ၃၀ နီးပါး (ဒေါ်လာငါးဘီလျံကျော်) လျော့ကျခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၇ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၀၈၆ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂၃ ဒသမ ၄၂၈ ဘီလျံအထိရှိသည်။ ခုနစ်လကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅ ဒသမ ၃၄၂ ဘီလျံအထိလျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းနီးပါးအထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၈ ဒသမ ၉၇၀ ဘီလျံသာရှိပြီး ယခင်နှစ် ကာလတူထက်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၂၆၄ ဘီလျံ လျော့ကျခဲ့သည်။သွင်းကုန်တင်သွင်းမှုသည် ဒေါ်လာ ၉ ဒသမ ၁၁၅ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု ဒေါ်လာသုံးဘီလျံကျော် လျော့ကျခဲ့သည်။
မြန်မာနိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့နိုင်မှု အခြေအနေတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ လယ်ယာထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာသန်း ၃၄၀၀ ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၆၀ ကျော် ပိုမိုရရှိထားသည်။
လယ်ယာထွက်ကုန်များကို ပင်လယ်ရေကြောင်းမှ ပြည်ပတင်ပို့နေသကဲ့သို့ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှလည်း ပြည်ပသို့ တင်ပို့နေသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် အဓိကကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် မူဆယ်နယ်စပ်၌ လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၉၀ ကျော် လျော့ကျခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေ ၇ ရက်အထိ ခုနစ်လကျော်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၆၃၃ ဘီ လျံရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၁၂၉ ဘီ လျံအထိ ရှိသည်။မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၆ ဒသမ ၃၉၁ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ပမာဏ ဒေါ်လာ ၁ ဒသမ ၆၇၇ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၁၀ ကျော် လျော့ကျခဲ့သည်။ သွင်းကုန်ပမာဏ ဒေါ်လာ ၉၅၅ ဒသမ ၇၅၄ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၃ သန်းကျော် လျော့ကျခဲ့သည်။
လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများ၊ COVID-19 ရောဂါကူးစက်ပျံ့နှံမှုနှင့် ယင်းနှင့် ဆက်စပ်နေသော အကျပ်အတည်းများက နယ်စပ်မှ ပို့ကုန်တင်ပို့မှုများအပေါ် ကြီးမားသော စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေသည်။
(၂)
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၏ တရားဝင် ဝင်ထွက်ပေါက် တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ပေါက်တွင် တရုတ်နိုင်ငံ၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကြောင့် နှစ်နိုင်ငံဘက်ခြမ်းတွင် ကုန်တင်ကားအစီးရေ ထောင်နှင့်ချီကာ ယာဉ်ကြောကျပ်တည်းမှုဖြစ်ပေါ်နေရပြီး ပုပ်လွယ်ကုန်စည် သရက်သီးကား ၄၅၀ စီး အပါအဝင် အခြားကုန်စည်များ စီးဆင်းမှု တုံ့ဆိုင်းနေသောကြောင့် သရက်သီးစျေးနှုန်း ယမန်နှစ်ထက် ထက်ဝက်ကျော် ကျဆင်းနေကြောင်း သိရသည်။
လတ်တလောတွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ တင်သွင်းမည့် သရက်သီးကားများမှာ ကျင့်စန်းကျော့ဂိတ်ပေါက်တွင် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် ကြန့်ကြာနေသောကြောင့် သရက်သီး အရည်အသွေးကျဆင်းပြီး စျေးလျှော့ရခြင်းများနှင့် ရင်ဆိုင်နေရသည်ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ထံမှ သိရသည်။
“လက်ရှိကတော့ လမ်းပိုင်းမှာ ကြန့်ကြာလို့ အမှည့်လွန်တယ်၊ အပူလောင်တာများတယ်။ အမှန်ဆို တင်ပို့ရက်ကနေ နှစ်ရက်အတွင်း စျေးကွက်ကို ရောက်မှအဆင်ပြေတဲ့ အသီး။ အလွန်ဆုံး သုံးရက်လောက်ဆိုလည်း ရသေးတယ်။ အခုကျတော့ လေးရက်ငါးရက်ကြာသွားတော့ အရည်အသွေးကျပြီး ရောင်းတန်း မဝင်ဖြစ်သွားတာ။ ပန်ဆိုင်းလမ်းပိုင်းမှာ အစီးရေ ၄၅၀ လောက် ပိတ်မိနေပါတယ်။ ဒီနေ့လမ်းပိုင်းမဆံ့လို့ ၁၀၅ မိုင် သစ်သီးကွင်းမှာလည်း အစီး ၇၀ လောက် မဆင်းနိုင်ဘဲ စောင့်ဆိုင်းနေရပါတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။
ထိုကဲ့သို့ကြန့်ကြာနေမှုကြောင့် သရက်သီးစျေးကွက်တွင် အရည်အသွေးပေါ်မူတည်၍ ရွှေဟင်္သာတစ်ခြင်းလျှင် ၁၀ ယွမ်မှ ၅၀ ယွမ်ကြား၊ စိန်တစ်လုံး သရက်သီးတစ်ခြင်း ၂၅ ယွမ်မှ ၇၀ ယွမ်ကြားသာရရှိပြီး သရက်သီးတင်ကားခမှာ မန္တလေးမှ တရုတ်နိုင်ငံဝမ်တိန် သစ်သီးကွင်းသို့ တစ်ခြင်းလျှင် ကျပ် ၁၉၀၀ ရှိကြောင်း သိရသည်။
ယခင်နှစ်က ကိုဗစ်ရောဂါ ဖြစ်ပွားနေသော်လည်း စိန်တစ်လုံး သရက်သီးတစ်ခြင်းလျှင် ယွမ် ၁၀၀ ကျော်ရရှိခဲ့ပြီး ရွှေဟင်္သာသရက်တစ်ခြင်းလျှင်လည်း ယွမ် ၁ဝဝကျော်အထိ စျေးရရှိခဲ့သည်ဟု သိရသည်။
ယခုနှစ်တွင် လတ်တလောအချိန်၌ သစ်သီးကားများ ဝမ်တိန် သစ်သီးကွင်းအတွင်းရောက်ရှိရန် ကြန့်ကြာလျက်ရှိသောကြောင့် သရက်သီးများ အရည်အသွေးကျဆင်းခြင်း၊ တရုတ်ပြည်တွင် သရက်သီးများ ယခင်နှစ်ထက် အထွက်ကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်တင်သွင်းသည့် သရက်သီးများ စျေးကျဆင်းနေရသည်ဟု လင်းထွန်းသစ်သီးပွဲရုံက ဒေါ်နွေးနွေးထံက သိရသည်။
“အခုက အဝင်ကြန့်ကြာတော့ လေးငါးရက်နေမှ ဝမ်တိန်သစ်သီး ရောင်းကွင်းထဲရောက်တော့ သရက်သီးတွေ အရည်အသွေးကျပြီး စျေးမရတော့တာ။ နောက်တစ်ချက်က ဒီနှစ်တရုတ်ပြည်မှာ သရက်သီး အထွက်များတယ်။ အရည်အသွေးပေါ်မူတည်ပြီး ရွှေဟင်္သာတစ်ခြင်းလျှင် ၁၀ ယွမ်မှ ၅၀ ယွမ်ကြား၊ စိန်တစ်လုံး သရက်သီးတစ်ခြင်းလျှင် ၂၅ ယွမ်မှ ၇၀ ယွမ်ကြားသာရှိတယ်။ သရက်သီးတင်ကားခမှာ မန္တလေးမှ မူဆယ်တစ်ခြင်းကို ကျပ် ၁၆၀၀ ပေးရပြီး မူဆယ် ၁၀၅ မိုင်က တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းကို တစ်ခြင်းလျှင် ကျပ် ၃၀၀ ပေးရတယ်။ စုစုပေါင်း ဆေးစစ်ခ ဆေးဖျန်းခနဲ့ဆို တစ်ခြင်းကို ၁၉၀၀ ပေးရတယ်” ဟု လင်းထွန်းသစ်သီးပွဲရုံက ဒေါ်နွေးနွေးက ပြောကြားသည်။
ကျင်စမ်းကျော့ဂိတ်၌ တရုတ်ဘက်က တင်းကျပ်သောစည်းမျဉ်း စည်းကမ်းများကြောင့် ကုန်တင်ကား အစီးရေ ထောင်နှင့်ချီ၍ ယာဉ်ကြောကျပ်တည်း ပိတ်ဆို့နေမှု ဖြစ်ပေါ်နေပြီး အဝင်အထွက် တန်းစီရမှုသည် ခုနစ်ရက်မှ ၁၀ ရက်ကြား ကြာမြင့်လျက်ရှိပြီး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအပိုင်း၌ တုံ့ဆိုင်းနေသည်။
“အခုကြန့်ကြာတာကတော့ ကားတွေက အရမ်းများနေတာကိုး။ သစ်သီးကားတွေက အနီးဆုံးဝင်ထွက်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့လမ်းပိုင်းကို လက်လွှတ်ရတယ်။ ပန်ဆိုင်းကို ဆုတ်လာရတယ်။ ပန်ဆိုင်းကနေပဲ ဝင်လို့ရတယ်။ ပန်ဆိုင်းမှာလည်း ကားတွေများပြီးတော့ ကုန်ခြောက်တွေနဲ့စာရင် ကုန်စိမ်းက ဦးစားပေးမခံရတော့ အဝင်ကြန့်ကြာတာ။ကုန်ခြောက်တွေနဲ့ တန်းတူ သွားရသလိုမျိုးဖြစ်သွားတာ။ ဆုံးရှုံးမှုက အများကြီးရှိတယ်။ တောင်သူတွေကတော့ နုတ်ပြီးသား အပင်တွေကို တင်ပို့နေရမှာပဲ။ တင်နေရင်လည်း ရှုံးမှာပဲ။ လမ်းပိုင်းရဲ့အခြေအနေကိုတော့ သတင်းစုံစမ်းပြီးမှာ လာသင့်တယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်ရောဂါအကြောင်းပြကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု စီးဆင်းရာ နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ် နောင်တောင်းဂိတ် ချင်းရွှေဟော်ဂိတ်စသည့် ဝင်ထွက်ပေါက်များကို ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်၍ ပိတ်ထားခဲ့ခြင်းကြောင့် မြန်မာ- တရုတ် သွင်းကုန်ထုတ်ကုန်ကားများက ကျင်ဆန်းကျော့ဂိတ် ဝင်ထွက်မှုအပိုင်း၌ စုပြုံကျပ်တည်းနေခြင်း ဖြစ်သည်။
မကြာသေးခင်ကလည်း တရုတ်ဘက်မှ ကိုဗစ်ရောဂါကြောင့် ကျင်စန်းကျော့ဂိတ်ကို တင်းကျပ်စစ်ဆေးခဲ့သောကြောင့် စစ်ဆေးရေး ကြန့်ကြာမှုဖြစ်ခဲ့ကာ မြန်မာ့ဖရဲသီးများကိုတင်ပို့ရန် ခက်ခဲသွားပြီး မြန်မာဘက်သို့ ပြန်လှည့်လာကာ စွန့်ပစ်ခဲ့ရခြင်းများလည်းရှိခဲ့ပြီး မြန်မာဘက်က စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ကုန်စည်စီးဆင်းမှု တုံ့ ဆိုင်းကြန့်ကြာနေရခြင်း ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ပြောကြားခဲ့ကြသည်။
အလားတူ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကြံစျေးကွက်အတွင်း၌လည်း တင်ပို့ရောင်းချခွင့်မရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်ကြားရှိ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန့်ဝန်ကြီးမြို့နယ်တို့မှ ထွက်ရှိသောကြံများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့်မရခြင်းကြောင့် ကြံစိုက်ဧက တစ်သောင်းနီးပါးရှိ ကြံများပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်နေရသည်ဟု နမ့်ခမ်းဒေသ ကြံစိုက်တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ နမ့်ခမ်းဒေသ အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မန့်ဝန်းကြီးဘက်က ကြံစိုက်တောင်သူတွေရဲ့ ကြံစိုက်ဧက တစ်သောင်းနီးပါးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတယ်။ တရုတ်ဘက်က COVID-19 ရောဂါကိုအကြောင်းပြပြီး မန့်ဝန်းကြီး နောင်တောင်းဂိတ်ကို ပိတ်လိုက်တာကြောင့် တရုတ်ကုမ္ပဏီတွေက မယူတော့ဘူး။ သူတို့ မဝယ်တော့ ဒီမှာကအလုပ်သမားစရိတ် မြေသြဇာ အပါအဝင် အခြားသီးနှံမစိုက်ပျိုးတာကြောင့် ဆုံးရှုံးမှုက မရေတွက်နိုင်အောင်ပါပဲ။ တောင်သူတွေ နောင်နှစ်တွေမှာ မဆုံးရှုံးအောင်နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ သဘောထား ဖြောင့်မတ်ဖို့ နှစ်ဖက်အစိုးရ ကူညီပေးနိုင်ရင် အကောင်းဆုံးပါပဲ” ဟု နမ့်ခမ်းမြို့နယ်မှ ကြံစိုက်တောင်သူ ဆရာဦး Zau Ra က ပြောကြားသည်။
ယခင်နှစ်များက နမ့်ခမ်းမြို့နယ်မှ ကြံစိုက်တောင်သူများသည် ဒေသထွက်ကြံများကို တရုတ်-မြန်မာ နှစ်နိုင်ငံအဝင်၊ အထွက်ဂိတ်ပေါက် တစ်ပေါက်ဖြစ်သည့် မန့်ဝန်းကြီးမြို့နယ်ရှိ နောင်တောင်းဂိတ်မှတစ်ဆင့် တရုတ်ပြည်အတွင်းသို့ တင်ပို့ရောင်းချကြလေ့ရှိပြီး ယခုအခါ တရုတ်နိုင်ငံဘက်မှ ကိုဗစ်ရောဂါ အကြောင်းပြကာ မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းရာ နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ကြူဂုတ်ပန်ဆိုင်းဂိတ်၊ နောင်တောင်းဂိတ်၊ ချင်းရွှေဟော်ဂိတ်စသည့် ဝင်ထွက်ပေါက်များကို ဖေဖော်ဝါရီ လလယ်ပိုင်းမှ စတင်၍ ပိတ်ထားခဲ့သည်။
ကြံစိုက်တောင်သူများအနေဖြင့် ကြံကားများကို တရုတ်နိုင်ငံအတွင်း ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းရင်း ဝင်ခွင့်မရသဖြင့် ကြံများပျက်စီးဆုံးရှုံးရ လာသောကြောင့် ကြံများကိုစွန့်ပစ်နေရပြီး ကြံစိုက်ပျိုးစရိတ်များနှင့် ကြံကားတင်ခများ၊ ကြံသယ်ယူစရိတ်များ အရှုံးပေါ်လျက်ရှိနေသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။
“ခုတ်ပြီး ဒီတိုင်းပုံထားတာတွေ အများကြီးပဲ။ နမ့်ခမ်း၊ မန့်ဝိန်းတွေဘက်က ကြံခင်းတွေ။ တချို့ဆိုတင်ဖို့ အဆင်သင့်ပဲ။ ခြံထဲမှာတွေလည်း အများကြီး။ တချို့ဆို ကြံတင်ကားခများပါ ဆုံးရှုံးရတယ်” ဟု မန်ဝန်းကြီးမြို့နယ်မှ ကြံစိုက်တောင်သူ တစ်ဦးကဆိုသည်။
ထိုသို့ ကြံစိုက်တောင်သူများ အရှုံးပေါ်လျက်ရှိသောကြောင့် နောင်နှစ်များအတွက် ကြံထပ်မံစိုက်ပျိုးရန်အတွက်ပင် စိုက်ပျိုးစရိတ် အခက်အခဲတွေ့နေကြရသည်ဟု သိရသည်။
မကြာသေးခင်ကလည်း တရုတ်ဘက်မှ ကိုဗစ်ရောဂါကြောင့် ကျင်စန်းကျော့ဂိတ်ကို တင်းကျပ်စစ်ဆေးခဲ့သောကြောင့် မြန်မာ့ဖရဲသီးများကို တင်ပို့ရန်ခက်ခဲသွားပြီး မြန်မာဘက်သို့ ပြန်လှည့်လာကာ စွန့်ပစ်ခဲ့ရခြင်းများလည်း ရှိခဲ့သည်။
လတ်တလောတွင် ကျင်စမ်းကျော့ဂိတ်၌လည်း တရုတ်ဘက်က တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကြောင့် ကုန်တင်ကားအစီးရေ တစ်ထောင်နီးပါး ယာဉ်ကြောကျပ်တည်း ပိတ်ဆို့နေမှုဖြစ်ပေါ်နေပြီး အဝင်အထွက် တန်းစီရမှုသည် ခုနစ်ရက်မှ ၁၀ ရက်ကြားကြာမြင့်လျက်ရှိပြီး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအပိုင်း၌ တု့ံဆိုင်းနေသည်။
သို့သော် မန္တလေးကုန်သည်၊ ပွဲစား၊ စက်ပိုင်များအသင်း (မန္တလေး ကုန်စည်ဒိုင်) ၏ ပဲစျေးကွက်တွင် တရုတ်နိုင်ငံမှ ဝယ်ယူမှုများနေသည့် ပဲတီစိမ်းစျေးသည် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ စျေးတက်နေပြီး ယခင်ရက်ပိုင်းကအိန္ဒိယသို့ တင်ပို့မည့် သတင်းကြောင့် တက်စျေးရထားသည့် မတ်ပဲနှင့် ပဲစင်းငုံစျေးမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် စျေးကျဆင်းသွားသည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။
“တရုတ်ဘက်က ဝယ်ယူများနေတဲ့ ပဲတီစိမ်းစျေးတက်တယ်။ ခရမ်းရွှေဝါ ပဲတီစိမ်း ၁၁၃၀၀၀ စျေး၊ အခုနှစ်ဦးပိုင်းက ပေါ်ထားတဲ့ ပဲတွေပေါ့။ ပဲခူးတိုင်းဘက်ကလာတဲ့ ပဲတီစိမ်း။ မန္တလေးအခေါ်ဝေါ်က လမ်းပဲ ၁၁၂၀၀၀ စျေး။ နွေပဲတီစိမ်းအညာစက ၁၀၇၀၀၀ စျေးရှိတယ်။ အားလုံးကို ခြုံပြီးပြောရရင် သုံးတင်းဝင်တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ ကြား စျေးတက်တယ်။ အဓိကက တရုတ်ဘက်မှာ ရာသီဥတုပူတယ်ဆိုရင် ပဲတီစိမ်းက ရောင်းကောင်းတယ်။ လက်ရှိငွေစျေးနဲ့ဆို အခုကဖြစ်သင့်တဲ့ စျေးတန်းပြန်ရောက်တယ်လို့ ပြောလို့ရတယ်။ တခြားတရုတ်လိုင်းဆွဲလို့ စျေးကောင်းနေတာက စွန်တာပြာ၊ ပဲဇီးကွက်တို့ရှိတယ်။ ထောပတ်ပဲအသစ် ၆၅၀၀၀ စျေးရှိတယ်။ နှမ်းစျေး အပြောင်းအလဲ သိပ်မရှိဘူး။ မတ်ပဲစျေး ၉၈၀၀၀ နဲ့ ၁၀၀၀၀၀ ကြား ရှိတယ်။ အရင် ရက်ပိုင်းတွေတုန်းကထက် စျေးက ၃၀၀၀ လောက် စျေးကျတယ်။ ပဲစင်းငုံ ၉၀၀၀၀ စျေးလောက်ရှိတယ်။ အဓိက မတ်ပဲ၊ ပဲစင်းငုံတို့ကို ဝယ်ချင်ကြတယ်။ ဒါပေမဲ့ သင်္ဘောလိုင်းနဲ့ ဆိုတော့ ကွန်တိန်နာရဖို့ အခက်အခဲရှိတယ်။ နောက်တစ်ခုက ငွေစျေးအေးတာလည်းပါတယ်။အဲဒါကြောင့် အရင် ရက်ပိုင်းတွေကထက် ပဲစင်းငုံစျေးက ၃၀၀၀ လောက် စျေးပြန်ကျတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နွေပဲတီစိမ်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဧရာဝတီမြစ်ကမ်း၊ ချင်းတွင်းမြစ် ကမ်းတစ်လျှောက်တွင် မြစ်ရေသွင်း၍ စိုက်ပျိုးလျက်ရှိရာ ယခုအခါ ပဲတီစိမ်းများ မန္တလေးပဲစျေးကွက်ထဲသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။
အိန္ဒိယနိုင်ငံက ပဲတီစိမ်းများကို ပြီးခဲ့သည့်နှစ်က စျေးကောင်းပေး၍ အများအပြား ဝယ်ယူခဲ့ပြီး ယခုနှစ်တွင်လည်း စာချုပ်ချုပ်ပြီး ဝယ်ယူမှုများရှိမည်ဖြစ်၍ အိန္ဒိယနိုင်ငံကိုလည်း တင်ပို့ရမည့်အနေအထားရှိကြောင်း သိရသည်။
(၃)
COVID-19 ကြောင့် စီးပွားရေးကဏ္ဍများစွာကို သက်ရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအများစု ပြန်လည်ထူထောင်ရေးနှင့် ဆက်လက် ရပ်တည်နိုင်ရေး ရုန်းကန်နေရသည်။ ထို့ပြင် ကိုဗစ်ကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း ထိခိုက်ခဲ့သည်။ တောင်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို စျေးကွက်ထိခိုက်မှုနှင့် ရောင်းလိုအား ဝယ်လိုအား မမျှတမှု ကြုံတွေ့ခဲ့ရသည်။
ပို့ကုန်လမ်းကြောင်းများ ရပ်ဆိုင်းသွားသည့်အတွက် ပြည်ပကို တင်ပို့မှုတုံ့ဆိုင်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နောက်ထပ် အခက်အခဲတစ်ခုမှာ သိုလှောင်ထိန်းသိမ်းမှုအခြေခံ အဆောက်အအုံ မပြည့်စုံသည့် အားနည်းချက်တစ်ခုပင် ဖြစ်သည်။
အလားတူ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျခြင်း၊ သီးနှံကျဆင်းခြင်း စသည်တို့ကို နှစ်စဉ်နီးပါးခံစားလာရသည်။ အကျိုးဆက်အနေဖြင့် ကျေးလက်နေတောင်သူများ ခြိုးခြံချွေတာ သုံးစွဲရသည့်အတွက် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ လျော့ကျလာပြီး ထုတ်လုပ်နိုင်မှုပါ လျော့ကျလာနိုင်သည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကင်းစင်ရေး ဆောင်ရွက်ရန် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေဦးမည်ဖြစ်သည့်အတွက် လူနေမှုဘဝပုံစံအသစ်ဖြင့် စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကာလလတ်နှင့်ကာလရှည် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြ မည်ဖြစ်သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အရင်းအနှီး၊ နည်းပညာနှင့်စျေးကွက်၊ ယင်းအချက်သုံးချက်ဘက်ညီစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နေမှုတွင် ရေမြေသဘာဝအရ မြန်မာနိုင်ငံအတွင်း သီးနှံပေါင်းများစွာစိုက်ပျိုးနေပြီး အမျိုးပေါင်း ၆၀ ကျော်ကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။
“ဒီလိုစိုက်ပျိုးရာမှာ နိုင်ငံခြားဝင်ငွေရရှိရေး ဆောင်ရွက်တဲ့ သီးနှံတွေကတော့ ဆန်စပါးနဲ့ ပဲမျိုးစုံသီးနှံတို့ ဖြစ်ပါတယ်။ဒီလိုမျိုး နိုင်ငံခြားတင်ပို့တဲ့အခါ နိုင်ငံခြားဝင်ငွေရရှိရေး ဦးတည်ဆောင်ရွက်ကြတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အခုအခြေအနေအထိ ဒီလုပ်ငန်းစဉ်တွေ အကုန်လုံးက ကုန်ကြမ်းပစ္စည်းကိုသာ အဓိကထားပြီး တင်ပို့နေတာဖြစ်ပါတယ်။ အဲဒီအတွက် ဒီလုပ်ငန်းစဉ်တွေမှာ ကုန်ကြမ်းကို တင်ပို့ရင်းကနေ ကုန်ချောတင်ပို့နိုင်တဲ့ အခြေအနေဖန်တီးနိုင်မှသာ စျေးနှုန်းရော စျေးကွက်အခြေအနေရော ပိုကောင်းလာမှာဖြစ်ပါတယ်။ စျေးကွက်ကတည်ငြိမ်လာပြီး လယ်သမားများရဲ့ဝင်ငွေရရှိရေး ဦးတည်လာမယ်။ လယ်သမားများ ဝင်ငွေရရှိမှသာ စိုက်ပျိုးထုတ်လုပ်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ နည်းပညာကို လိုက်နာသုံးစွဲမှု အခွင့်အလမ်းတွေ ချိတ်ဆက်ပါလာမယ်” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးလာရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍကလည်း အရေးပါသည်။ သို့သော် လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည် မြန်မာနိုင်ငံတွင် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ နှစ်ရာခိုင်နှုန်းအောက်သာ ရှိနေသေးသည်။
COVID-19 ရိုက်ခတ်မှုကြောင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်မှုများရှိသော်လည်း လက်ရှိနှင့်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများအရ မြန်မာနိုင်ငံ၏စီးပွားရေးကို အမြန်ပြန်လည် တည့်မတ်ပေးမည့်ကဏ္ဍမှာ စိုက်ပျိုးရေးကဏ္ဍသာဖြစ်ကြောင်း၊ သို့ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံအရင်းအမြစ်များ ပုံအောမြှင့်တင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
သို့ဖြစ်ရာ ကိုဗစ်ကာလ အကျပ်အတည်းကြောင့် အခြားစီးပွားရေးကဏ္ဍများ အလျင်အမြန်ပြန် လည်လည်ပတ်နိုင်ရန် အခက်အခဲတွေ့နေစဉ် မဖြစ်မနေမြှင့်တင်ရန် လိုအပ်လာသည့်ကဏ္ဍမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍပင် ဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်သည် လယ်ယာစိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေခြင်း ဖြစ်သည်။ ထို့အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်သည့် ထွက်ကုန်များ၊ သီးနှံများ စျေးကောင်းရရှိမှုနှင့် ခိုင်မာသည့် စျေးကွက်ရရှိရန် လိုအပ်လျက်ရှိသည်။
ထို့ကြောင့် တရုတ်နိုင်ငံနှင့် အများဆုံး ဆက်စပ်နေသည့် မြန်မာ့စီးပွားရေးတွင် COVID-19 နှင့် ယင်းနှင့်ဆက်စပ်နေသော အကျပ်အတည်းများအကြား နယ်စပ်မှပို့ကုန်တင်ပို့မှု၊ လယ်ယာကဏ္ဍမှစိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၏ဘဝ အနာဂတ်နှင့် သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအတွက် စိန်ခေါ်မှုများစွာရှိနေသည်။
နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေပြီး ရုန်းကန်နေရသည့် မြန်မာလုပ်ငန်းရှင်များနှင့် တရုတ်စျေးကွက် အားထားစိုက်ပျိုးထုတ်လုပ်နေရသည့် တောင်သူများအပေါ် သက်ရောက်မှုကြီးလာနိုင်သည့်အတွက် ဆိုးကျိုးအနည်းဆုံးဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများကို လိုအပ်သောပံ့ပိုးကူညီမှုအစီအမံများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်ကတော့ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။










