မေ ၂၆ ရက်မှ ၂၇ ရက်အတွင်း စစ်ဆေးခဲ့သော COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၈၈ ခုတွင် ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့နှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှုအရေအတွက် နည်းပါးနေပြီး တစ်ရက်လျှင် ဓာတ်ခွဲနမူနာ ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင်သာ စစ်ဆေးနိုင်သည်။ မေ ၂၇ ရက် မတိုင်မီက စစ်ဆေးနိုင်မှုအပေါ် တွက်ချက်မှုအရ ရောဂါတွေ့ရှိနှုန်း တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းအကြားသာ တွေ့ရှိခဲ့ပြီး မေ ၂၇ ရက်တွင် ပိုးတွေ့နှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ ရုတ်တရက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အလားတူ မေ ၂၈ ရက်အတွက် ထုတ်ပြန်သော COVID-19 ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂၃၀ တွင် ပိုးတွေ့လူနာ ၇၂ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့နှုန်း ၅ ဒသမ ၈၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။
COVID-19 ပိုးတွေ့နှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းသည် စစ်ကိုင်းတိုင်း တမူးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ် ၊ ကျီခါးမြို့တို့တွင် အစုလိုက် COVID-19 ပိုးတွေ့လူနာများ တွေ့ရှိခဲ့ခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်နေ၍ ယင်းဒေသများသို့ ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သောထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည်ဟု မေ ၂၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါ လတ်တလော တွေ့ရှိမှုအနေဖြင့် မေ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ကျီခါးမြို့တို့တွင် အစုလိုက်တွေ့ရှိမှုများ အပါအဝင် တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၉၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ရောဂါဆက်လက် ကူးစက်ပြန့်ပွားမှုများကို ထိရောက်စွာ တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီထိန်းချုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့သို့ COVID-19 ရောဂါကာကွယ် နှိမ်နင်းကုသရေးအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း အစရှိသော ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူ အခြားရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသော ဒေသများကိုလည်း လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း စသည်တို့ကို ပြောကြားထားသည်။
လတ်တလောတွေ့ရှိရသည့် ကူးစက်မှုများသည် COVID-19 ရောဂါမျိုးရိုးဗီဇအသစ်ကြောင့် ဖြစ်ပွားခြင်းရှိ မရှိ သိရှိနိုင်ရန် မျိုးရိုးဗီဇ စစ်ဆေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
လတ်တလော မြို့နယ်အချို့တွင် COVID-19 ပိုးတွေ့လူနာများပြားနေခြင်းကြောင့် မေ ၂၈ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းဒေသကြီး တမူးမြို့နယ်တို့အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော COVID-19 ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှု များပြားလာသောကြောင့် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသည် နေအိမ်တွင်နေ ထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် နှာခေါင်းစည်းတပ်ရန်၊ တာဝန်ထမ်းဆောင်သည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်ဖြတ်သန်း ခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်ရန်စသည့် သတ်မှတ်ချက်များလည်း ဖော်ပြပါရှိသည်။
ထို့ပြင် ယင်းသတ်မှတ်ချက်များထက် ပိုလျှင်ဖြစ်စေ၊ အခြားကိစ္စရပ်များအတွက် သွားလာရန်ရှိသည် ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်ခွင့်မပြုရန်နှင့် ယင်းအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါအမိန့်သည် ၂၀၂၁ ခုနှစ် မေ ၂၉ ရက် နံနက် ၄ နာရီအချိန်မှ စတင်သက်ရောက်ကြောင်း MRTV သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
မေ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ စုစုပေါင်း ၁၄၃၄၈၆ ဦးရှိလာပြီး ဆေးရုံမှ ဆင်းခွင့်ရသူ စုစုပေါင်း ၁၃၂၂၇၉ ဦးရှိကာ ထိုအချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၁၇၆၉၆ ခု စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရက်အလိုက် ထုတ်ပြန်သော အာဆီယံနိုင်ငံများ၏ COVID-19 ရောဂါ ဖြစ်ပွားသေဆုံးမှု အခြေပြဇယားတွင် ဖော်ပြထားချက်အရ အာဆီယံနိုင်ငံများ၏ COVID-19 ရောဂါ ဖြစ်ပွားသေဆုံးနှုန်းဇယား၌ မေ ၂၈ ရက်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံက လူနာ ၁၄၄၀၀၀ ကျော်ဖြင့် စတုတ္ထနေရာသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံက ပဥ္စမနေရာ၌ ရှိနေသည်။
ပိုးတွေ့သေဆုံးလူနာစာရင်းတွင်မူ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံပြီးနောက် မြန်မာနိုင်ငံသည် COVID-19 ကြောင့် သေဆုံးသူ ၃၂၁၆ ဦးဖြင့် တတိယနေရာ၌ ရပ်တည်နေပြီး လက်ရှိ အာဆီယံနိုင်ငံအများစုတွင် COVID-19 ထပ်တိုး လူနာသစ် ပြန်လည် မြင့်တက်လာပြီး မေ ၂၈ ရက်အထိ ရောဂါဖြစ်ပွားသူ ၃၉ သိန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ သိရသည်။
မေ ၂၈ ရက်အထိ အာဆီယံနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု အခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၈၀၃၃၆၁ ဦး ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၂၀၉၁၅၄ ဦး ၊ မလေးရှားနိုင်ငံတွင် ၅၄၉၅၁၄ ဦး၊ ထိုင်းနိုင်ငံတွင် ၁၄၄၉၇၆ ဦး ၊ မြန်မာနိုင်ငံတွင် ၁၄၃၄၈၆ ဦး၊ စင်ကာပူနိုင်ငံတွင် ၆၁၉၇၀ ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၈၂၃၇ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၆၃ ၉၆ ဦး၊ လာအိုနိုင်ငံတွင် ၁၉၀၅ ဦး၊ ဘရူနိုင်းနိုင်ငံတွင် ၂၄၁ ဦးရှိပြီ ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌လည်း COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေရာ COVID-19 ကာကွယ်ဆေး Covishield ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကို မေ ၃၁ ရက်မှစ၍ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ခန်းမတွင် ထိုးနှံပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး Covishield အကြိမ်ပြည့်ရရှိပြီးသူ ၁၇ သိန်းခွဲနီးပါးရှိပြီး ပြီးခဲ့သည့် လပိုင်းအတွင်း COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများအတွက် ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ထိုးနှံထားသူများမှာ သက်ဆိုင်ရာ ဆေးရုံများတွင် ပြန်လည်ထိုးနှံရန် လိုအပ်ပြီး ယခင်အင်းလျားနှင့် MCC ခန်းမတွင် ပထမအကြိမ်ထိုးနှံထားပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသူများမှာ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ခန်းမတွင် သွားရောက်ထိုးနှံရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ထိုးနှံပေးနေသည့် COVID-19 ကာကွယ်ဆေးမှာ Oxford University နှင့် AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို မူပိုင်ခွင့်ယူပြီး Covishield အမည်ဖြင့် Serum Institute of India (SII) က ထုတ်လုပ်သည့် ကာကွယ်ဆေး အမျိုးအစားဖြစ်သည်။
အလားတူ မကြာမီ တရုတ်နိုင်ငံက လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး Sinopharm ကို ပညာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး အရေအတွက် အကန့်အသတ်ဖြင့် ရရှိမည်ဖြစ်၍ ထိုးနှံခွင့်ရသူများအနေဖြင့် မပျက်မကွက်ထိုးနှံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
တရုတ်နိုင်ငံက လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး Sinopharm များကို မကြာမီထိုးနှံပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ်မူတည်ကာ ခွဲတမ်းများ ခွဲဝေချထားပေးထားကြောင်းနှင့် ဦးစားပေးထိုးနှံမည့်စာရင်းတွင် အခြေခံပညာမှ အဆင့်မြင့်ပညာအထိ ပညာရေးဝန်ထမ်းများ ပါဝင်ပြီး COVID-19 ကာကွယ်ဆေးအလုံးရေ သိန်းဂဏန်းသာရှိ၍ အကန့်အသတ်ဖြင့် ရရှိမည်ဖြစ်သည်ဟု သိရသည်။
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ အကူအညီပေးအပ်သည့် COVID-19 ကာကွယ်ဆေးအလုံးရေ ငါးသိန်းသည် မေ ၂ ရက်က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မေ၂၄ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု အခြေအနေ အပတ်စဉ် အစီရင်ခံစာ၌ မြန်မာအပါအဝင် WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် တစ်ပတ်အတွင်း COVID-19 ကာကွယ်ဆေး Dose ပေါင်း ၆၇ သန်းကျော်တိုးခဲ့၍ မေ ၂၁ ရက်အထိ ကာကွယ်ဆေး Dose ပေါင်း၂၂၉ သန်းအထိ ရှိလာပြီဖြစ်သည်ဟု ဖော်ပြထားသည်။
လက်ရှိအချိန်အထိ WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံအနက် ၁၀ နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး မေ ၂၁ ရက်အထိ ကာကွယ်ဆေး ထိုးနှံပြီးသည့် Doses ပေါင်း ၂၂၉၁၄၉၄၀၄ ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူပေါင်း ၁၇၁ သန်းကျော်ရှိပြီ ဖြစ်သည်ဟု သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၄ ဘီလျံနီးပါး ထိုးနှံပြီးစီးခဲ့သော်လည်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံ ၂၉ နိုင်ငံတွင် ထိုးနှံပြီးသည့် ဆေးအလုံးရေ သုည ဒသမ ၃ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။
AFP သတင်းဌာန၏ တွက်ချက်မှုအရ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၄ ဘီလျံနီးပါးထိုးနှံပြီးစီးခဲ့ပြီး ၎င်းအနက် ၄၄ ရာခိုင်နှုန်းက ဝင်ငွေမြင့်သည့်နိုင်ငံများတွင် ထိုးထားခြင်းဖြစ်ကာ ဝင်ငွေအနိမ့်ဆုံးနိုင်ငံ ၂၉ နိုင်ငံတွင် ထိုးနှံပြီးသည့် ဆေးအလုံးရေမှာ သုည ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားသည်။
Worldometer က ထုတ်ပြန်ထားသော စာရင်းအရ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကူးစက်ခံရသူ သန်း ၁၇၀ ကျော်၊ သေဆုံးသူ ၃၅ သိန်းကျော်ရှိလာပြီး COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်များမှာလည်း နယ်မြေဒေသများသို့အလျင်အမြန် ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည်။
ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သည့် COVID-19 ဗီဇပြောင်း ဗိုင်းရပ်စ်များကို အတည်မပြုရသေးသည့် သတင်းများအရ နယ်မြေ ၁၈ ခုတွင် ထပ်တိုးတွေ့ရှိထားသည်ဟု မေ ၂၅ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အတည်မပြုရသေးသည့် သတင်းများအရ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသခြောက်ခု၊ တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသကိုးခု၊ ဘရာဇီးနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသ သုံးခုတွင်တွေ့ရှိထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကို နယ်မြေဒေသ ၅၄ နေရာထက် မနည်းတွင် တွေ့ရှိထားပြီး အတည်မပြုရသေးသည့် သတင်းများအရ နောက်ထပ် နယ်မြေခုနစ်နေရာတွင်လည်း ထပ်မံတွေ့ရှိထားသည် ဟု မေ၂၅ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကူးစက်မှု တတိယလှိုင်းအဖြစ် ရောဂါဖြစ်ပွားသူဦးရေ တစ်ရှိန်ထိုး မြင့်တက်နေမှုများနှင့် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး လက်ရှိ မြန်မာနှင့်အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများတွင်လည်း အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 အပါအဝင် ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံများမှ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်များပါ တွေ့ရှိထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အထူးသတိထားရမည့် အခြေအနေတွင် ရှိနေသည်။
လက်ရှိ နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု အစုလိုက်တွေ့ရှိလာခြင်းနှင့် ဖြစ်ပွားမှုများ ယခင်ထက် များပြားလာခြင်းကြောင့် နယ်စပ်ဝင်ပေါက်ထွက်ပေါက်များ အပါအဝင် ခရီးသွားလာမှုများမှတစ်ဆင့် ဒေသတစ်ခုမှတစ်ခုသို့ ရောဂါကူးစက်ဖြစ်ပွားမှုများမရှိစေရန် ပြည်သူများမှလည်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေသည်။










