မိမိ၏အနာဂတ်ကို ရီးယဲလ်အသင်း ဆုံးဖြတ်မည်ဟု အော်ဒီဂွါ ဆို 

မိမိ၏အနာဂတ်ကို ရီးယဲလ်အသင်း ဆုံးဖြတ်မည်ဟု အော်ဒီဂွါ ဆို 
Photo: Getty Images
Photo: Getty Images
Published 19 May 2021

အာဆင်နယ်အသင်းတွင် အငှားဖြင့် လာရောက်ကစားနေသည့် နော်ဝေကွင်းလယ်လူ အော်ဒီဂွါက မိမိ၏အနာဂတ်ကို ရီးယဲလ်အသင်းက ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အော်ဒီဂွါသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေသူဖြစ်သည်။ 

အော်ဒီဂွါသည် အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ခြေစွမ်းပြနိုင်ခြင်းကြောင့် အာဆင်နယ်အသင်းက ၎င်းကို အသင်းတွင် ဆက်ထိန်းထားရန်ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် အော်ဒီဂွါ၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏အနာဂတ်ကို ရီးယဲလ်အသင်းကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အော်ဒီဂွါက ဆိုခဲ့ခြင်းဖြစ်သည်။ 

အော်ဒီဂွါက "အာဆင်နယ်အသင်းမှာ ကျွန်တော် ပျော်ပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ရာသီကုန်မှာ ကျွန်တော်တို့ သိရမှာပါ။ အခုအချိန်မှာ ကျွန်တော့်ကို ရီးယဲလ်အသင်းက ပိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ရီးယဲလ်အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောရမှာပါ။ သူတို့ ဘာလိုချင်တယ်ဆိုတာကို ကျွန်တော်တို့ သိဖို့လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

အော်ဒီဂွါသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၂)ဂိုး သွင်းထားသည်။ 

Most Read

Most Recent