သတင်းမှား ဖြန့်ဝေမှုဖြင့် ဂျပန်သတင်းထောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရ

သတင်းမှား ဖြန့်ဝေမှုဖြင့် ဂျပန်သတင်းထောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရ
Published 6 May 2021

ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ဂျပန်သတင်းထောက်ကို သတင်းမှားဖြန့်ဝေမှုဖြင့် မေ ၃ ရက်က တရားစွဲဆိုထားကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံးက ပြောကြားသည်။

အသက် ၄၅ နှစ်အရွယ် ယူကီကီတာဇူမီသည် တိုကျိုအခြေစိုက် Nikkei သတင်းတိုက်၏ သတင်းထောက်ဟောင်း တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့၌ နေထိုင်နေစဉ် ဧပြီ ၁၈ ရက် ညပိုင်းက ၎င်း၏နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်း ဖြစ်သည်။ ၎င်းကို အင်းစိန်အကျဉ်းထောင်သို့ ရွှေ့ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၁၉ ရက်က ပြောကြားထားသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသည့် ကီတာဇူမီသည် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပထမဆုံး စွဲချက်တင်ခံရသော နိုင်ငံခြားသား သတင်းထောက်လည်း ဖြစ်သည်။ ၎င်းဖမ်းဆီးခံရပြီး မကြာမီ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက မြန်မာနိုင်ငံ၌ ရောက်နေသည့် ဂျပန်နိုင်ငံသားများကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

သတင်းထောက် ကီတာဇူမီအနေဖြင့် ဒုတိယအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရန်ကုန်၌ ဆန္ဒပြပွဲသတင်းများ လိုက်လံယူနေစဉ် ဖမ်းဆီးခံခဲ့ရသော်လည်း နာရီပိုင်းအကြာတွင် ပြန်လွတ်လာခဲ့သည်။

 ဧပြီ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် အီချီရိုမာရူယာမာနှင့် ကီတာဇူမီတို့  ပထမဆုံးအကြိမ် တယ်လီဖုန်း ဆက်သွယ်ခွင့်ရခဲ့ပြီး ဖုန်းထဲတွင် ကီတာဇူမီက ၎င်းကို နှိပ်စက်ဆက်ဆံခြင်းမျိုးမရှိဟု ပြောခဲ့ကြောင်း ဂျပန်သံရုံးအရာရှိက ထုတ်ဖော် ပြောကြားထားသည်။ 

Most Read

Most Recent