မြန်မာသည် စီးပွားရေးပြိုလဲမည့် အနေအထားသို့ ရောက်နေမှုအပေါ် ကုလသမဂ္ဂ သတိပေး

မြန်မာသည် စီးပွားရေးပြိုလဲမည့် အနေအထားသို့ ရောက်နေမှုအပေါ် ကုလသမဂ္ဂ သတိပေး
Published 4 May 2021
Ref: Reuters

တပ်မတော်က နိုင်ငံတော်အာဏာ လွှဲပြောင်းရယူခဲ့ခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေခြင်း စသည့် နှစ်ထပ်ကွမ်း ပြဿနာများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး ပြိုလဲအံ့ဆဲဆဲ အနေအထားကို ရောက်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။

မြန်မာပြည်သူ တစ်ဝက်နီးပါးခန့်သည် ယခုနှစ်ကုန်ပိုင်းတွင် ဆင်းရဲမွဲတေနိုင်သည် ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအသစ်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။ 

လုံခြုံရေးနှင့် စီးပွားရေးအခြေအနေတို့သာ မကြာခင် တည်ငြိမ်မှုမျိုး မရှိခဲ့ပါက  မြန်မာပြည်သူ ၄၈ ရာခိုင်နှုန်းဖြစ်သည့် ပြည်သူ ၂၅ သန်းခန့်သည် ၂၀၂၂ ခုနှစ်ခန့်တွင် ဆင်းရဲသည့် အနေအထားနှင့် နေထိုင်ရနိုင်သည်ဟု အဆိုပါ အစီရင်ခံစာအရ သိရသည်။

အစားအသောက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ဝင်ငွေနှင့် လုပ်ခများ သိသိသာသာ ဆုံးရှုံးကုန်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကဲ့သို့ အခြေခံဝန်ဆောင်မှုများ ပြိုလဲခြင်း၊ လူမှုဖူလုံမှု မရှိခြင်းများသည် အားနည်းနေပြီး ဖြစ်သော ပြည်သူသန်းပေါင်းများစွာကို တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀ (USD 1.10) ဒေါ်လာဆိုသည့် ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်သွားအောင် တွန်းပို့နိုင်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ အဆိုးရွားဆုံး ထိခိုက်မည်ဟု ဆိုသည်။

၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ထိုသို့ ချွတ်ခြုံကျသည့်အဆင့်အား မမြင်ရသေးဟု UNDP အစီရင်ခံစာက ဆိုထားကြောင်း CNN က ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ဟာ ကံဆိုးမိုးမှောင ်အနေအထားနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ထင်ရှားနေပါတယ်” ဟု UNDP အုပ်ချုပ်ရေးမှူး အာချင်စတန်းနားက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော ၂၀၁၁ ခုနှစ် ဒီမိုကရေစီကူးပြောင်းမှု စတင်ခဲ့ချိန်ကစ၍ မြန်မာနိုင်ငံသည်  ဆင်းရဲမွဲတေမှု လျှော့ချရာတွင် ခိုင်မာတိုးတက်မှု ရရှိခဲ့သည်။

လွန်ခဲ့သော ၁၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၄၈ ဒသမ ၂ ရာခိုင်နှုန်းကို ၂၀၁၇ တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ တစ်ဝက်လျှော့ချခဲ့ကြောင်း UNDP အစီရင်ခံစာက ဆိုသည်။

Ref: Reuters

Most Read

Most Recent