မြန်မာ့အရေးအတွက် အဖြေတစ်ခုအား အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းနိုင်သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာ့အရေးအတွက် အဖြေတစ်ခုအား အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းနိုင်သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 May 2021
Ref: VNA

မြန်မာ့အရေးအတွက် အဖြေတစ်ခုကို အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာတပ်မတော် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်က ဂျာကာတာတွင် ကျင်းပခဲ့သည့် အာဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးကို တက်ရောက်ခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့၏ သဘောထားအမြင်များနှင့် အကြံပြုချက်များကို နားထောင်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံက အခြေအနေနှင့် သက်ဆိုင်သော ဘုံသဘောတူညီချက် ငါးခုကို သဘောတူညီခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ချင်းရပ်ရန်၊ တိုက်ခိုက်ရာတွင် ပါဝင်နေကြသော အဖွဲ့အစည်းများအကြား အပြုသဘောဆောင် စေ့စပ်ညှိနှိုင်းရန်၊ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ် အဆင်ပြေစေရေးအတွက် အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်ခန့်ရေးကို အကြံပြုချက် စသည်များကို အဆိုပါအစည်းအဝေးက ဆော်သြခဲ့သည်။

“အာဆီယံ ခေါင်းဆောင်တွေဟာ တစ်နိုင်ငံချင်းစီနဲ့ ဒေသတွင်းက နိုင်ငံရေးနယ်ပယ်မှာ ကြီးမားတဲ့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီအတွေ့အကြုံတွေကို ကျွန်တော်တို့က အလွန်လေးစားပြီး တန်ဖိုးထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး ဒေသဆိုင်ရာ နိုင်ငံများ၏ ပြဿနာများကို အာဆီယံပဋိညာဉ်နှင့်အညီ အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းနိုင်ကြောင်းကို ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာနှင့် သက်ဆိုင်သော အပြုသဘော အကြုံပြုချက်များကို အလေးထား စဉ်းစားမည်ဖြစ်ပြီး အာဆီယံက အဆိုပြုခဲ့သည့် မြန်မာ အလည်အပတ်ခရီးများကိုလည်း လတ်တလော ဦးစားပေးကိစ္စများ ဖြစ်သည့်  မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိချိန်အထိ နိုင်ငံတည်ငြိမ်မှုကို အခြေခံကာ စဉ်းစားမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် အချက် ငါးချက်ပါ လမ်းပြမြေပုံကို အထောက်အကူ ပြုနိုင်သော အကြံပြုချက်များကိုလည်း နိုင်ငံ၏ အကျိုးစီးပွားများ၊ အာဆီယံပဋိညာဉ်၊ အာဆီယံနည်းလမ်း၊ အာဆီယံ စိတ်ဓာတ်နှင့်အညီ အပြုသဘော စဉ်းစားမည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

နည်းစနစ်အဖွဲ့များကို ဖွဲ့စည်းကာ သက်ဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအချိန်တွင် လုပ်ငန်းစဉ် အသေးစိတ်ကို ပိုမိုသိကြရမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အမှန်တကယ် အခြေအနေကို လေ့လာဆန်းစစ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ နားလည်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Most Read

Most Recent