မန်ယူအသင်း အင်္ကျီအရောင်းကျဆင်းလာပြီး လီဗာပူးလ်အသင်း၏ နောက်သို့ ရောက်ရှိလာခြင်းအတွက် Adidas ကုမ္ပဏီစိတ်ပျက်

မန်ယူအသင်း အင်္ကျီအရောင်းကျဆင်းလာပြီး လီဗာပူးလ်အသင်း၏ နောက်သို့ ရောက်ရှိလာခြင်းအတွက် Adidas ကုမ္ပဏီစိတ်ပျက်
Photo: Daily Mail
Photo: Daily Mail
Published 3 May 2021

မန်ယူအသင်း၏ အင်္ကျီစပွန်ဆာကုမ္ပဏီဖြစ်သော Adidas ကုမ္ပဏီသည် မန်ယူအသင်းအကျႌရောင်းအားကျဆင်းလာခြင်းအတွက် စိတ်ပျက်နေကြောင်း သိရှိရသည်။

Adidas ကုမ္ပဏီသည် ၂၀၁၅-၁၆ ခုနှစ်တွင် မန်ယူအသင်းနှင့် (၁၀)နှစ်သက်တမ်းရှိ အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ မန်ယူအသင်းမှာ စပွန်ဆာကြေး အနိမ့်ဆုံးပေါင်သန်း(၇၅၀)ရရှိမည်ဖြစ်သည်။

အင်္ကျီရောင်းချရမှုအပေါ်မူတည်၍ မန်ယူအသင်း၏စပွန်ဆာငွေမှာ တစ်နှစ်လျှင်ပေါင်(၇၅)သန်းအထက်ရှိမည်ဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အင်္ကျီစပွန်ဆာစာချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် မန်ယူအသင်းအနေဖြင့် ယခုနောက်ပိုင်းနှစ်များတွင် အင်္ကျီရောင်းအား ကျဆင်းလာပြီး လီဗာပူးလ်အသင်း၏ အင်္ကျီရောင်းအားက မန်ယူအသင်းကို ကျော်ဖြတ်သွားခဲ့ရာ Adidas ကုမ္ပဏီတာဝန်ရှိသူများမှာ စိတ်ပျက်နေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ၂၀၁၈ ခုနှစ်က Adidas ကုမ္ပဏီထံမှ စပွန်ဆာကြေးပေါင် (၇၉)သန်းအထိရရှိခဲ့ပြီး နောက်ပိုင်းတွင် ရောင်းအားတဖြည်းဖြည်းကျဆင်းလာခြင်းကြောင့် စပွန်ဆာကြေးမှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စပွန်ဆာကြေး ပေါင်(၇၈.၈)သန်းရရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၀ နှစ်အတွင်း စပွန်ဆာကြေးမှာ ပေါင်(၇၇.၈)သန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ၂၀၁၉ခုနှစ်တွင် အင်္ကျီရောင်းချရမှုမှာ (၁.၈)သန်းအထိရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် (၁.၇)သန်းသို့ ကျဆင်းသွားခဲ့ကြောင်းသိရသည်။

ယခုနှစ်တွင်လည်း မန်ယူအသင်း၏ အင်္ကျီရောင်းချရမှုမှာ (၁.၇)သန်းခန့်ထက် မပိုနိုင်ကြောင်း အားကစားဆိုင်ရာအချက်အလက်ကျွမ်းကျင်သူ ဒေါက်တာ ပီတာရိုမန်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းမှာမူ ပြီးခဲ့သည့်နှစ်များအတွင်း ချန်ပီယံလိဂ်ချန်ပီယံဆုနှင့် ပရီးမီးယားလိဂ်ချန်ယံဆုများကို ရယူနိုင်ခဲ့သည့်အလျောက် အသင်း၏ အင်္ကျီရောင်းအားမှာလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် လီဗာပူးလ်အသင်း၏ အင်္ကျီရောင်းချရမှုမှာ (၁.၅)သန်းသာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် (၁.၇)သန်းရှိခဲ့ကြောင်းသိရသည်။

ယခုနှစ်တွင်လည်း လီဗာပူးလ်အသင်း၏ အင်္ကျီရောင်းချရမှုမှာ (၁.၉)သန်းသို့ ရောက်ရှိနိုင်ကြောင်း ဒေါက်တာပီတာရိုမန်က ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အသင်းများအနေဖြင့် အင်္ကျီရောင်းချရမှုအလိုက် ကော်မရှင်ကြေးများကိုရရှိနေကြရာ  မန်ယူအသင်း၏ စပွန်ဆာကြေးမှာ လျော့နည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent