အကယ်ဒမီရန်အောင် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်

အကယ်ဒမီရန်အောင် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်
Published 2 May 2021

အနုပညာလောကမှာ ၀ါရင့်အနုပညာရှင်တစ်ဦး ဖြစ်သလို ရုပ်ရှင်ဂီတအနုပညာ နယ်ပယ်တွေမှာပါ အောင်မြင်မှုကို နှစ်ကာလရှည် ထိန်းသိမ်းထားနိုင်တဲ့ အကယ်ဒမီရန်အောင်ရဲ  ့အောင်မြင်မှုက အားကျစရာကောင်းပါတယ်။ လူမှုရေးနယ်ပယ်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း၊ အနုပညာအလုပ်ကို ချစ်မြတ်နိုးခြင်းအပြင် သူ့ရဲ့ အနုပညာပါရမီအရည်အသွေးတွေကလည်း အောင်မြင်မှုကို ပံ့ပိုးပေးထားပါတယ်။  နောက်ထပ်ပရိသတ်တွေ အားကျအတုယူစရာကောင်းတဲ့ အချက်တစ်ခုက သူဟာမိဘကို ရိုသေလေးစားခြင်းပါပဲ။ အနားမှာရှိနေတဲ့ မိခင်အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့အပြင် မိခင်စိတ်ငြိုငြင်မခံဘဲ မိခင်အတွက်အရာအားလုံးကို ဖြည့်ဆည်းပေးနေခြင်းကလည်း အတုယူစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။

မေး - အစ်ကိုက မိခင်ကို အရမ်းရိုသေတာ တွေ့ရတယ်။ အဲဒီအချက်ကလည်း အစ်ကိုအောင်မြင်မှုကို ပံ့ပိုးနေတယ်လို ့ပြောလို့ရလား။

ဖြေ - မိဘတွေရဲ့ ဆုတောင်းစကား၊ အားပေးစကားတွေက သားသမီးကို အများကြီးအထောက်အပံ့ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော့်မှာ မေမေရှိသေးတယ်။မေမေ့ကို အမြဲဦးထိပ်ပန်ဆင်တယ်။ မေမေစိတ်ဆိုးစိတ်ညစ်စရာဖြစ်အောင် ကျွန်တော့်ဘဝမှာ အတတ်နိုင်ဆုံးမလုပ်ဖြစ်အောင် နေခဲ့တယ်။ အခုလည်း မေမေ့ကို အမြဲပျော်အောင်ထားတယ်။ ကျွန်တော့်ဘဝမှာ မေမေရဲ့ ပြောစကားတိုင်း၊ လုပ်ဆောင်ချက်တိုင်းက အရာအားလုံးထက် ပိုပြီးအရေးကြီးပါတယ်။

မေး - အစ်ကို့မေမေအကြောင်းကို ပြောပြပါဦး။

ဖြေ - မေမေ့အမည်က ဒေါ်သိန်းသိန်းလို့ ခေါ်တယ်။ အသက်က ၈၈ နှစ်ထဲရောက်ပြီ။ ကျန်းမာရေး ကောင်းတယ်။ လူကြီးရောဂါလောက်ပဲရှိပါတယ်။ မေမေက ငယ်ငယ်က မင်းသမီးလိုအရမ်းချောတာ။ ဆံပင်ဆိုအရှည်ကြီးပဲထားတာ။ မေမေငယ်ငယ်တုန်းက ပုံတွေပြန်ကြည့်ပြီး မေမေရဲ့ချောမောလှပမှုကို ပြန်တွေ့ရတယ်။ နောက်ပြီး မေမေကအသန့်အရမ်း ကြိုက်တယ်။ စည်းစနစ်ရှိတယ်။ အလုပ်ကို ဇွဲရှိရှိလုပ်တတ်ဖို့ မေမေက အမြဲသင်ပေးတယ်။ မေမေက ကျွန်တော်နဲ့  အခုလိုနေရတာကို အရမ်းသဘောကျတယ်တဲ့။ ကျွန်တော့်နားမှာပဲ အမြဲနေချင်တယ်လို့ ပြောတယ်။ တခြားညီအစ်ကို မောင်နှမတွေလာခေါ်ရင် မလိုက်ဘူး။

မေး - မိဘဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။

ဖြေ - မိဘဆိုတာ ဘုရားနဲ့တစ်ဂိုဏ်းတည်းပါ။ ကျွန်တော်တို့ ဘဝရဲ့လက်ဦးဆရာတွေပါ။ မိဘကိုစော်ကားရင် ကံကြီးထိုက်တယ်ဆိုတာ ကျွန်တော်ယုံတယ်။ အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်တယ်။ မိဘက သားသမီးကို အမြဲအကောင်းတွေချည်းပဲ ဖြစ်စေချင်တဲ့သူပါ။ ကျွန်တော် မေမေအခုချိန်အထိ ကျွန်တော်နားမှာရှိနေတာ အရမ်းကံကောင်းတဲ့ ဘုရားပေးတဲ့ဆုပါပဲ။

မေး - စိတ်ကို ရှင်းအောင်ထားပြီး ပျော်ပျော်နေတတ်တာကလည်း အောင်မြင်မှုတွေထဲက အချက်တစ်ခုလို့  ပြောလို့ရလား။

ဖြေ - ရတာပေါ့။ ဘေးပတ်ဝန်းကျင်ဆိုတာက ပြောမှာပဲလေ။ ကိုယ့်အကြောင်းကိူသိလို့ ပြောတာရှိသလို မသိဘဲပြောကြတာမျိုးလည်းရှိတယ်။ ဒါကိုလိုက်ပြီး စိတ်ထဲထည့်ခံစားနေရင် ရှေ့ဆက်ရမယ့် ဘဝရပ်တည်မှုတွေအတွက်  အဆင်ပြေမှာမဟုတ်ဘူး။ အနုပညာလောကဆိုတာ ပိုဆိုးတာပေါ့။ တစ်ခုခုလုပ်ရင် လူပိုသိတာများတယ်။  ကိုယ့်ကိုယ်ကိုယ် တော်တော်လေးလည်း ထိန်းထိန်းသိမ်းသိမ်း နေတတ်ရတယ်။ နောက်ပြီးအစ်ကို့မှာရှိတဲ့ ကောင်းတဲ့အချက်က စိတ်ကိုပျော်အောင်နေတာပဲ။ စိတ်ရှင်းမှ စိတ်ပျော်မှ အနုပညာအလုပ်လုပ်တဲ့အခါ  ဇာတ်ကောင်စိတ်ကို မွေးရမှာလေ။ လူတိုင်းကို အကောင်းမြင်စိတ်ပဲ ထားနိုင်အောင် အမြဲကြိုးစားပါတယ်။ အနုပညာမောင်နှမတွေကိုလည်း အစစအရာရာ အဆင်ပြေတယ်လို့ပဲ အစ်ကိုကြားချင်တယ်။ အနုပညာလောကထဲမှာ ရပ်တည်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ အလုပ်ကိုဆက်မလုပ်တော့တဲ့ သူတွေပဲဖြစ်ဖြစ် သူတို့တွေ အဆင်ပြေနေတယ်ဆိုတာပဲ အစ်ကိုကြားချင်တယ်။ ထက်ထက်မိုးဦးဆိုရင် သူ့ကျန်းမာရေးကြောင့် အနုပညာလောကနဲ ့ဝေးသွားတဲ့အချိန်တုန်းက အစ်ကိုစိတ်မကောင်းဘူး။ သူ့ကိုအရင်လို ပြန်ပြီးအောင်မြင်မှု ပြန်ရစေချင်တာ။ အခုနောက်ပိုင်း သူအနုပညာလောကထဲ ပြန်ရောက်လာပြီး ပရိသတ်ပြန်လက်ခံအားပေးတော့ အစ်ကိုအရမ်းပျော်တယ်။

မေး - ကျရှုံးခြင်း၊ အောင်မြင်ခြင်းတွေအပေါ် ဘယ်လိုခံယူထားလဲ။

ဖြေ - လူလောကမှာ အောင်မြင်တာကျရှုံးတာ ဝမ်းသာဝမ်းနည်း ဒါကတော့အမြဲရှိမှာပါ။ အဲဒီအပေါ်လိုက်ပြီး သာယာပျော်ရွှင်နေဖို့မလိုသလို ဝမ်းနည်းပြီးနေဖို့လည်းမလိုဘူးလို့ အစ်ကိုထင်တယ်။ အားလုံးကြုံဆုံလာတဲ့အခါ လောကနိယာမလို့ သဘောထားပြီး လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။ နောက်ပြီးတစ်ခု ပြောချင်တာက အသုံးနဲ့အဖြုန်းကို ခွဲခြားပါ။ စုဆောင်းပါ၊ ချွေတာပါလို ့ပြောချင်ပါတယ်။

Most Read

Most Recent