ရန်ကင်းမြို့နယ် စက်မှု(၁)လမ်း ကားမှတ်တိုင်အနီး လမ်းလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကင်းမြို့နယ် စက်မှု(၁)လမ်း ကားမှတ်တိုင်အနီး လမ်းလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Published 1 May 2021

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် စက်မှု(၁)လမ်း ကားမှတ်တိုင်အနီး လမ်းလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှု မေ ၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီးနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရန်ကင်းမြို့နယ်အတွင်း အခြားနေရာများတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သုံးကြိမ်ခန့် ပေါက်ကွဲခဲ့ကြောင်း လူမှုကွန်ယက်ပေါ်တွင်  ဖော်ပြလျက်ရှိသည်။

ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက " လမ်းလယ်ကျွန်းနေရာကနေ ပေါက်တာ။  စစ်သားနဲ့ရဲတွေ ရောက်လာပြီး စစ်ဆေးတာ တွေ့ရတယ်။ ရန်ကင်း အခြားနေရာတွေမှာလည်း ပေါက်တယ်လို့လည်း ကြားရတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါဗုံးပေါက်ကွဲသည့် စက်မှု(၁)လမ်းပေါ်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) တည်ရှိပြီး ၎င်းဘဏ်ရှေ့လမ်းကိုမှု ယခင်ကတည်းကပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ချကာ လုံခြုံရေးယူထားကြာင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကင်းမြို့နယ် ဈေးကွေ့နှင့် မင်းလမ်းမှတ်တိုင်အနီးတွင် သွားလာနေသည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။

မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင်လည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းကို လူမှုကွန်ယက်များတွင် ဖော်ပြချက်များအရ သိရပြီး ရန်ကင်းမြို့နယ်အပြင်  အင်းစိန်မြို့နယ်ရှိ အထက်တန်းကျောင်းဝန်းတစ်ခုအတွင်း လည်းကောင်း၊ ဗဟန်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တွင်လည်းကောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနေဦး သိရသည်။

ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းကလည်း ရန်ကင်းမြို့နယ် ရန်ကင်း(၂) ရပ်ကွက်၊ရန်အောင်(၆)လမ်းထဲတွင်ရှိသော ထွေ/အုပ်ရုံး၌  ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Most Read

Most Recent