အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် မြင့်တက်ဆဲဖြစ်ပြီး ဧပြီ ၂၉ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံအနှံ့တွင် ရောဂါဖြစ်ပွားသူ သန်း ၁၅၀ ကျော်၊ သေဆုံးသူ ၃၁ သိန်းကျော်အထိ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။
ကမ္ဘာပေါ်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ ဧပြီ ၂၈ ရက်အထိ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ စာရင်းတွင် အမေရိကန်နိုင်ငံက ပိုးတွေ့လူနာ ၃၂,၀၀၀,၀၀၀ ကျော်ဖြင့် ပထမနေရာ၌ရှိနေပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့လူနာ ၁၇,၉၀၀,၀၀၀ ကျော်ဖြင့် ဒုတိယနေရာ၌ ရှိနေကြောင်း သိရသည်။
အာဆီယံနိုင်ငံများ၌ ရောဂါဖြစ်ပွားမှု အခြေအနေအရ အင်ဒိုနီးရှားနိုင်ငံတွင် ၁,၆၅၀,၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁,၀၀၀,၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၄၀၀,၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ၁၄၀,၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၆၁,၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၆၁,၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၂,၈၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၁,၀၀၀ ကျော်၊ ဘရူနိုင်းနိုင်ငံတွင် ၂၂၀ ကျော်၊ လာအိုနိုင်ငံတွင် ၆၀၄ ဦးရှိကြောင်း သိရသည်။
Pfizer သို့မဟုတ် Astra Aeneca ၏ COVID-19 ကာကွယ်ဆေး တစ်လုံး ထိုးနှံခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးထံမှ အခြားမိသားစုဝင်တစ်ဦးထံ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိမှု အခွင့်အရေးကို ရာခိုင်နှုန်း ၅၀ အထိ လျှော့ချပေးကြောင်း ဧပြီ ၂၈ ရက်က ထုတ်ပြန်သော ဗြိတိန်လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။
COVID-19 ကာကွယ်ဆေး ပထမ တစ်လုံး ထိုးနှံပြီးသူများသည် ကာကွယ်ဆေး ထိုးနှံပြီးနောက် သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက ၎င်းတို့နှင့် အနီးကပ်နေထိုင်သည့် ကာကွယ်ဆေး ထိုးမထားရသေးသော မိသားစုဝင်များထံ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နိုင်ခြေရှိမှုသည် ၃၈ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းအကြား ရှိကြောင်း အင်္ဂလန်ပြည်သူ့ကျန်းမာရေး (PHE) အေဂျင်စီ၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီး ဓာတ်ခွဲခန်းတွင် အတည်ပြုထားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ပါဝင်သည့် အိမ်ထောင်စု ၂၄,၀၀၀ တွင် ပိုးတွေ့လူနာနှင့် ထိတွေ့မိသူ ၅၇,၀၀၀ ကျော် အား COVID-19 ကာကွယ်ဆေး ထိုးနှံမထားသော ပိုးတွေ့လူနာနှင့် ထိတွေ့မိသူ တစ်သန်းနီးပါးနှင့် နှိုင်းယှဉ် စစ်ဆေးမှုမှ ရရှိလာသော အချက်အလက်များကို PHE ၏ လေ့လာမှုတွင် အသုံးပြုထားခြင်း ဖြစ်သည်။
COVID-19 ကာကွယ်ဆေး ပထမ တစ်လုံး ထိုးနှံပြီး သီတင်း လေးပတ်အတွင်း ကာကွယ်ဆေး ထိုးနှံခံရသူတွင် ရောဂါလက္ခဏာပြသော ဗိုင်းရပ်စ်ကူးစက်ခံရမှု အန္တရာယ်ကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချပေးကြောင်း ယခင် လေ့လာတွေ့ရှိမှုများက ပြသနေသည်။
ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနိုင်ခြေရှိသည့် အန္တရာယ်အမြင့်ဆုံး ဝန်းကျင်မှာ အိမ်ထောင်စုများ ဖြစ်သည်ဟု ယူဆရသလို အလားတူဝန်းကျင်မျိုး ဖြစ်သည့် အကျဉ်းထောင်များ၊ အိမ်ခန်း တစ်ခန်းထဲတွင် အတူမျှဝေ နေထိုင်ခြင်းတို့သည် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို ပိုမိုမြင့်မားစေသည်ဟု ခန့်မှန်းရကြောင်း PHE ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။
PHE ၏ ယခင်က ထုတ်ပြန်ခဲ့သော လေ့လာတွေ့ရှိချက်များတွင် ဗြိတိန်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ခြင်းက မတ်လကုန် မတိုင်မီအထိ အသက် ၆၀ ကျော် သက်ကြီးပိုင်း ၁၀,၄၀၀ ၏ အသက်ကို ကယ်တင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။















