မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ကြေညာချက် ထုတ်ပြန်
Published 27 April 2021

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိတ်မချမ်းမြေ့ဖွယ် အခြေအနေများကို တုန်လှုပ်မိကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမားက ဧပြီ ၂၆ ရက်က ကြေညာချက် ထုတ်ပြန်၍ ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် ဆက်ပြီး အာရုံစိုက်ရမှာ ဖြစ်ပါတယ်”ဟု သမ္မတဟောင်း အိုဘားမားက ၎င်း၏ တွစ်တာမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်များကို ထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံအတွင်းဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ဆန္ဒပြသူ သုံးထောင်ကျော် ထိန်းသိမ်းခံခဲ့ရကြောင်း အရပ်ဖက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့သည်။

တပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရန် တွန်းအားပေးနေသည့် သမ္မတ ဘိုင်ဒန်အစိုးရနှင့် အမြင်သဘောထား တူညီသည့် နိုင်ငံများ၏ ကြိုးပမ်းမှုများကိုလည်း အားပေးထောက်ခံကြောင်း ၎င်းက ပြောကြားသည်။

လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ကျရှုံးနိုင်ငံအဖြစ်ကျ ရောက်သွားနိုင်သော အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ကို လက်ခံရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။              

“မှောင်မိုက်တဲ့အချိန်တွေ ရှိနေပေမဲ့ မြန်မာပြည်သူ အများအပြားက ပြသခဲ့တဲ့ စည်းလုံးညီညွတ်မှု၊ ကြ့ံကြ့ံခံနိုင်မှုနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေအတွက် စိတ်နှစ်မြုပ်ကြိုးပမ်းမှုတွေကြောင့် စိတ်လှုပ်ရှားမိပြီး ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားတဲ့ ခေါင်းဆောင်တွေဆီကနေ ရနိုင်တဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ ဖြစ်စေမယ်”ဟု ၎င်း၏ကြေညာချက် နိဂုံးချုပ်တွင် ဖော်ပြထားသည်။

အိုဘားမားသည် သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို သွားရောက်ရာတွင် ရာထူးတာဝန် ထမ်းဆောင်ဆဲ ပထမဆုံး အမေရိကန်သမ္မတလည်း ဖြစ်သည်။

Most Read

Most Recent