ဝင်ဘလေကွင်းတွင် ကျင်းပသည့်ပွဲများ၌ ပရိသတ်များကို ဝင်ခွင့်ပေးသော်လည်း ပရိသတ်အစစ်အမှန်မဟုတ်သူများ ပါဝင်နေသည့်အတွက်  ဝေဖန်မှုများရှိနေ

ဝင်ဘလေကွင်းတွင် ကျင်းပသည့်ပွဲများ၌ ပရိသတ်များကို ဝင်ခွင့်ပေးသော်လည်း ပရိသတ်အစစ်အမှန်မဟုတ်သူများ ပါဝင်နေသည့်အတွက်  ဝေဖန်မှုများရှိနေ
Photo: Sky Sports
Photo: Sky Sports
Published 19 April 2021

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)နှင့် အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ် (EFL)တို့မှ ကြီးမှူးကျင်းပသော ပွဲအချို့တွင် ပရိသတ်များကို ကွင်းအတွင်း စတင်ဝင်ခွင့်ပြုနေပြီဖြစ်သော်လည်း  ပရိသတ်အစစ်အမှန်မဟုတ်သူများ ပါဝင်နေခြင်းနှင့်ပတ်သက်၍ ဗြိတိန်အစိုးရ၏ အစီအမံများကို ပရိသတ်အချို့က မကျေမနပ်ဝေဖန်ခဲ့ကြသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် လက်စတာ - ဆောက်သမ်တန်ပွဲ၌ ကွင်းအတွင်းသို့ ပရိသတ် (၄၀၀၀) ဝင်ရောက်ကြည့်ရှုရန် တာဝန်ရှိသူများက ခွင့်ပြုချက်ပေးခဲ့သည်။

လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် ယင်းပွဲအား ကျင်းပခဲ့ခြင်းဖြစ်ပြီး ပရိသတ်အချို့ကို အကန့်အသတ်အားဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရှေ့လာမည့် တနင်္ဂနွေနေ့(ဧပြီ ၂၅ ရက်)တွင် ယင်းကွင်း၌ပင် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် စပါး - မန်စီးတီးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲ၌ ပရိသတ် (၈၀၀၀)ကိုကြည့်ရှုခွင့်ပေးသွားမည်ဖြစ်သည်။

ရှေ့လာမည့် မေလအတွင်း FA ဖလားဗိုလ်လုပွဲကို ဝင်ဘလေကွင်း၌ပင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲ၌ ပရိသတ် (၂၀၀၀၀)အထိ ကြည့်ရှုခွင့်ပေးရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိသည်။

ပရိသတ်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးနေခြင်းဖြစ်သော်လည်း ယင်းပွဲများမှာ စမ်းသပ်ကြည့်ရှုခွင့်ပေးသည့် Test Event ပွဲများသာဖြစ်၍ ပရိသတ်အစစ်အမှန်မဟုတ်သူများ ပါဝင်နေသည်။

လက်စတာ - ဆောက်သမ်တန်ပွဲတွင် ပရိသတ်(၄၀၀၀)အထိ ဝင်ခွင့်ပေးခဲ့သော်လည်း ကွင်းအတွင်း ဝင်ရောက်ခွင့်ရရှိသူများမှာ ဝင်ဘလေကွင်းအနီးရှိ နေအိမ်များတွင် နေထိုင်သူများ၊ ဒေသခံကျန်းမာရေး (NHS) ဝန်ထမ်းများနှင့် ဒေသခံဆရာ/ဆရာမများသာဖြစ်ကြောင်း သိရသည်။

ထို့အတူ လိဂ်ဖလားဗိုလ်လုပွဲတွင် ကြည့်ရှုခွင့်ရမည့် ပရိသတ်(၈၀၀၀)အနက် ဗိုလ်လုပွဲရောက် စပါးနှင့် မန်စီးတီးပရိသတ်များမှာ လက်မှတ်စောင်ရေ(နှစ်သင်းပေါင်း)(၄၀၀၀)ခန့်သာ ရရှိမည်ဖြစ်ပြီး ကျန်ထက်ဝက်မှာ ဒေသခံအလုပ်သမားများနှင့် ဝင်ဘလေကွင်းတည်ရှိရာ Brent ဒေသတွင်းနေထိုင်သူများ ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ Test Event ပွဲများတွင် ပရိသတ်အစစ်အမှန်မဟုတ်သူများပါဝင်နေခြင်းအတွက် ဝေဖန်မှုများရှိနေပြီး လက်စတာအသင်းပရိသတ်များအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်သူ မတ်ဒေးဗီးစ်က ''ပရိသတ်တွေ ကွင်းထဲပြန်ဝင်လာပြီလို့ ပြောနေကြမှာပေါ့။ ကျွန်တော်ကတော့ အသုံးအနှုန်းကောင်းကောင်းလေးတွေသုံးပြီး စကားတန်ဆာဆင်တာမျိုးတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်။ ဒီပွဲ(လက်စတာ - ဆောက်သမ်တန်ပွဲ)က ပရိသတ်တွေ ကွင်းထဲပြန်လာတဲ့ ပထမဆုံးပွဲမဟုတ်ပါဘူး။ ဖိတ်ကြားခံသူတွေ ကွင်းထဲရောက်လာတဲ့ ပထမဆုံးပွဲပါ။ တကယ်လို့ ဝင်ဘလေကွင်းအနီးအနားက ပွဲကြည့်ခွင့်ရသူတွေထဲမှာ လက်စတာနဲ့ဆောက်သမ်တန်အသင်းကို အားပေးသူတွေသာပါခဲ့ရင် အလွန့်အလွန်ကံကောင်းတာပေါ့''ဟု ပြောကြားခဲ့သည်။

ထို့အတူ စပါးအသင်းပရိသတ်များအဖွဲ့အစည်း၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ကတ်လောကလည်း လိဂ်ဖလားဖိုင်နယ် စပါး-မန်စီးတီးပွဲတွင် ကွင်းအတွင်းဝင်ခွင့်ရမည့်(၈၀၀၀) ဦးစလုံးမှာ   ပရိသတ်အစစ်အမှန်များသာ ဖြစ်သင့်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ပရိသတ်အဖွဲ့အစည်းများကို ယင်းကိစ္စအတွက် တိုင်ပင်ဆွေးနွေးခြင်းမပြုဘဲ လျစ်လျူရှုခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

Most Read

Most Recent