NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်အတွက် ကျန်းမာရေးအခြေအနေအရ အာမခံ လျှောက်ထားမှု ပယ်ချ

NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်အတွက် ကျန်းမာရေးအခြေအနေအရ အာမခံ လျှောက်ထားမှု ပယ်ချ
Published 9 April 2021

ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အတွက် ကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားမှုကို တရားရုံးတော်မှ ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင်ဦးဝင်းထိန်း၏ ကျန်းမာရေးအခြေအနေအရ ၎င်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေမှ ကျန်းမာရေးအာမခံ ရရှိရန် လျှောက်ထားမှုကို ဒက္ခိဏခရိုင်တရားရုံးက ဧပြီ ၉ ရက်နေ့တွင်ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းထိန်အတွက် ကျန်းမာရေးအာမခံလျှောက်ထားခဲ့မှုနှင့်ပတ်သက်၍ တရားရုံးတော်သို့တင်သွင်းခဲ့သည့် ဆေးစာသည် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံများမှ ဆေးစာမဟုတ်သည့်အကြောင်းပြချက်ဖြင့် ရုံးတော်မှ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကဆိုသည်။

"အာမခံကိစ္စကတော့ ကျွန်မတို့ရုံးတော်ကို တင်သွင်းခဲ့တဲ့ ဆေးစာက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆေးရုံးတွေက ဆေးစာမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ကျွန်မတို့လျှောက်ထားတဲ့ အာမခံကို ပယ်ခဲ့ပါတယ်။ သမားတော်ကြီးဒေါက်တာနိုင်လင်းရဲ့ ရောဂါတွေရှိနေပါတယ်ဆိုတဲ့ ထောက်ခံချက်တွေကို ရုံးတော်ကို တင်ပြထားတာပါ။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆေးစာတွေနဲ့ကျွန်မတို့ကထပ်ပြီးတော့ လျှောက်သွားမှာပါ။ကျွန်မတို့က ကျန်းမာရေးအာမခံနဲ့ပတ်သက်လို့ ဆက်ပြီးကြိုးစားသွားမှာပါ" ဟု ၎င်းကပြောသည်။

ထို့ပြင် စွပ်စွဲခံထားရသူဦးဝင်းထိန်းတွေ့ဆုံခွင့်ရရှိရေးအတွက်လျှောက်ထားမှုနှင့်ပတ်သက်၍ ရှေ့နေနှင့် စွပ်စွဲခံထားရသူအတွက် စကားပြောခွင့်နှင့်တွေ့ဆုံခွင့်ရှိကြောင်း ရုံးတော်မှသုံးသပ်ခဲ့ပြီး အကျဉ်းထောင်လက်စွဲများနှင့်အညီဆောင်ရွက်ရန်အမိန့်ချမှတ်ခဲ့သည့်အတွက် ဦးဝင်းထိန်နှင့်တွေ့ဆုံခွင့်ရရှိရန် အကျဉ်းသို့လျှောက်ထားသွားမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကဆိုသည်။

ဦးဝင်းထိန်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဒေါ်မင်းမင်းစိုးက"ကျန်းမာရေးအနေနဲ့ဘဘက ကောင်းပါတယ်။ဒီနေ့ကတော့ အရင်လို ရွှင်ရွှင်လန်းလန်းတော့ မတွေ့ရဘူး။ ကျန်းမာရေးကောင်းတယ်လို့ တော့ထင်ရတာပေါ့" ဟု ပြောသည်။

တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင်ဦးဝင်းထိန်၏အမှုအား မှုခင်းစီမံခန့်ခွဲ့မှုအစီအစဉ်အရ ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟုသတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၃ ရက်နေ့ရုံးချိန်းတွင် တရားလိုအာ းစတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent