မန္တလေး ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်တွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၀ ကျော်ဆုံးရှုံး

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်တွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၀ ကျော်ဆုံးရှုံး
Published 1 April 2021

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်တွင် ယနေ့ (ဧပြီ ၁ ရက်) နံနက် ၅ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်၊ နံ့သာရပ်၊ ရတနာပုံတက္ကသိုလ်လမ်းဘေးရှိ ၁၅ ပေ ပတ်လည် နံကပ် သွပ်မိုး ထရံကာ နှစ်ထပ်နေအိမ် တစ်လုံးတွင် နံရံတွင် ကပ်ထားသော လျှပ်စစ်မီးဘုတ်ခုံ အပူလွန်ကဲရာမှ ရှော့ဖြစ်ကာ အနီးရှိ ထရံအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ကနဦးမီးသတ်ဌာနမှ ရရှိသော သတင်းအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ၁၀×၁၅ ပေ မြေစိုက် ထရံကာ သွပ်မိုး ၃၀ လုံး ၊ ၂၀×၁၅ ပေ မြေစိုက် ထရံကာ သွပ်မိုး ၃၀ လုံး ၊ ၁၀×၁၅ နံကပ် သွပ်မိုး တစ်ထပ် ၂၀ လုံး ၊ မီနီအိုးဝေ တစ်စီး ၊ ဆိုင်ကယ် သုံးစီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား မီးငြှိမ်းသတ်ယာဉ် ၃၀ စီး၊ ရေသယ်ယာဉ် အစီး ၂၀ ၊ အုပ်ချုပ်ရေးယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၉၀ ဦး ၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၄၀ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၁၂၉ စု ၊ လူဦးရေ ကျား ၂၃၃ ဦး ၊ မ ၂၇၈ ဦး စုစုပေါင်း ၅၁၁ ဦးတို့မှာ ရတနာပုံတက္ကသိုလ်လမ်းဘေး မယ်ဘယက်ဘုန်းကြီးကျောင်းနှင့် တောင်မြို့လမ်းဘေး ရွှေစကားဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခိုလှုံလျက်ရှိကြောင်း သိရသည်။

ထိုသို့ မီးဘေးသင့် အိမ်ထောင်စုပေါင်း ၁၃၀ ခန့်နှင့် အိမ်ခြေ ၁၀၀ ခန့် မီးလောင်ကျွမ်း ဆုံးရှုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ရှင် ဦး . . .  . အား ပြည်ကြီးတံခွန်ရဲစခန်းမှ (ပ-၄၆ /၂၀၂၁) ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent