အမေရိကန်က မြန်မာနိုင်ငံအပေါ် ပို့ကုန်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်

အမေရိကန်က မြန်မာနိုင်ငံအပေါ် ပို့ကုန်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်
Published 5 March 2021
Ref:AFP

အမေရိကန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို ပြင်းထန်စွာဖြိုခွဲနေသည့် တပ်မတော်၏ လုပ်ဆောင်မှုများကိုတုံ့ပြန်သည့် နောက်ဆုံးပိတ်ဆို့မှုများအဖြစ် မြန်မာနိုင်ငံအပေါ် ပို့ကုန်ထိန်းချုပ်မှုများအား မတ် ၄ ရက်တွင် ပိုမိုတင်းကျပ်ခဲ့သည်။

မြန်မာနိုင်ငံအား စစ်ရေးအတွက် အသုံးပြုနိုင်ဖွယ်ရှိသည့် ပို့ကုန်အားလုံးအပေါ် ကန့် သတ်ချက်များနှင့်အတူ အထိအခိုက်မခံသည့် နည်းပညာ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းများအား စေ့စေ့စပ်စပ်စစ်ဆေးမည့်အဆင့်တွင် အမေရိကန်၏ ရန်ဘက်များဖြစ်သည့် ရုရှားနှင့် တရုတ်တို့နည်းတူ တစ်အုပ်စုတည်း  ပြန်လည်ထည့်သွင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအား ထိတ်လန့်တုန်လှုပ်ဖွယ် ဖြိုခွဲနေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက ယခုကဲ့သို့ စီမံချက်များ ချမှတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဘလင်ကင်က Twitter တွင်ရေးသားဖော်ပြခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးဌာနကလည်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အင်အားသုံးဖြိုခွင်းနေမှုကို တုံ့ပြန်ရန် စီမံချက်များနှင့် အရေးယူဆောင်ရွက်များပြုလုပ်ရန် လေ့လာနေကြောင်း ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ခဲ့သည့် တင်းကျပ်မှုများသည် မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီလိမိတက်တို့အပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကလည်း မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် ဆန္ဒပြသူအရေအတွက် ပိုမိုများပြားလာမှုအပေါ် အလွန်ဒေါသထွက်ကြောင်း ဖော်ပြခဲ့သည်။

“အခုနောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေအရ မြန်မာ့တပ်မတော်ဟာ ပြည်သူတွေကို လျစ်လျူရှုထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး” ဟု ပရိုက်စ်ကပြောကြားခဲ့သည်။

 ထို့ပြင် အမေရိကန်သည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှ မဟာမိတ်များ၊ မိတ်ဖက်များနှင့် လက်တွဲညီညီဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ဂျာနယ်လစ်များဖမ်းဆီးခံနေရမှုအပေါ် အလွန်စိုးရိမ်မိပြီး ချက်ချင်းပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုကို ထပ်လောင်းပြောကြားကြောင်း ပရိုက်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent