သီတင်းပတ် ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ဟု WHO ထုတ်ပြန်

သီတင်းပတ် ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ဟု WHO ထုတ်ပြန်
ဖေဖော်ဝါရီ ၂၄ ရက်၌ ဂျနီဗာမြို့တွင် ပြုလုပ်သော WHO သတင်းစာရှင်းလင်းပွဲ၌ WHO အကြီးအကဲ တက်ဒရို (ယာ) နှင့် အရေးပေါ် ညွှန်ကြားရေးမှူး မိုက်ရိုင်ယန် (ဝဲ) တို့အား တွေ့ရစဉ်(Photo:AP)
ဖေဖော်ဝါရီ ၂၄ ရက်၌ ဂျနီဗာမြို့တွင် ပြုလုပ်သော WHO သတင်းစာရှင်းလင်းပွဲ၌ WHO အကြီးအကဲ တက်ဒရို (ယာ) နှင့် အရေးပေါ် ညွှန်ကြားရေးမှူး မိုက်ရိုင်ယန် (ဝဲ) တို့အား တွေ့ရစဉ်(Photo:AP)
Published 2 March 2021
Ref: AFP

ကမ္ဘာတစ်ဝန်း တွင် သီတင်းပတ်ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၁ ရက်၌ ပြောကြားခဲ့သည်။

“ ကိုရိုနာဗိုင်းရပ်စ်ကို ကျွန်မတို့တွေ ခွင့်ပြုပေးနေမယ်ဆိုရင် ဒီဗိုင်းရပ်စ်က ကျွန်မတို့ ဆီကို ပြန်လာနေဦးမှာဆိုတဲ့အကြောင်းကို အားလုံးကို လေးလေးနက်နက် သတိပေးလိုပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့တွေ ဗိုင်းရပ်စ်ကို ခွင့်မပြုသင့်ပါဘူး” ဟု WHO ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ ဒေါက်တာ မာရီယာ ဗန်ကာဟို့ဗ်က ပြောကြားခဲ့သည်။

WHO အကြီးအကဲ တက်ဒရို အာဒါနွန် ဂီဘရီယေဆုကလည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းအပေါ် စိတ်ပျက်မိသော်လည်း အံ့သြခြင်းမရှိကြောင်းနှင့် နိုင်ငံများအနေဖြင့်လည်း ကပ်ရောဂါကို တိုက်ဖျက်ရာတွင် စည်းမျဉ်းများကို ဖြေလျှော့ခြင်းမပြုကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အပေါ် အပြည့်အဝမှီခိုပြီး ကန့်သတ်ချက်စည်းမျဉ်းများကို စွန့်ပယ်ရန် အလွန်စောလွန်းနေကြောင်း တက်ဒရိုက ဆိုသည်။

“ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးအပေါ် အရမ်းမှီခိုလိုက်မယ်ဆိုရင် ဒါဟာအမှားကြီး ကျူးလွန်လိုက်တာပါပဲ။ အခြေခံပြည်သူ့ ကျန်းမာရေးစည်းမျဉ်းတွေကို တုံ့ပြန်ဆောင်ရွက်ရေးရဲ့ အုတ်မြစ်အဖြစ် ဆက်လက်ထားရှိရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

WHO ၏ အရေးပေါ်ညွှန်ကြားရေးမှူး မိုက်ရိုင်ယန်ကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုနှစ်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အဆုံးသတ်သွားလိမ့်မည်ဟု ယူဆနေကြခြင်းသည် လက်တွေ့မကျကြောင်း မတ် ၁ ရက်၌ သတိပေးပြောကြားခဲ့သည်။

သို့သော် ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ရသည့်အထိ ပြင်းထန်အခြေအနေများနှင့် သေဆုံးမှုများ လျော့ကျသွားနိုင်ခြေရှိသည်ဟု ၎င်းက ဆိုသည်။

“ အခုနှစ်ကုန်မှာ ကပ်ရောဂါ အဆုံးသတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးဟာ လက်တွေ့မကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဆန္ဒစောလွန်းနေတယ်” ဟု ရိုင်ယန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ ဒါပေမဲ့ ကျွန်တော်တို့တွေ ဉာဏ်ပညာ ရှိရှိနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ဆေးရုံတက်ရောက်ကုသရတဲ့ အခြေအနေတွေ၊ သေဆုံးနိုင်တဲ့အခြေအနေတွေနဲ့ ကပ်ရောဂါနဲ့ဆက်စပ်တဲ့ အဖြစ်ဆိုးတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

WHO အနေဖြင့် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း လျော့နည်းအောင် ဆက်လက်လုပ်ဆောင်ရန် အာရုံစိုက်နေပြီး ဗိုင်းရပ်စ်မျိုးကွဲသစ်များ၏ အရေးပေါ်အခြေအနေကို ကာကွယ်နိုင်ရန် ကူညီပေးသွားမည်ဖြစ်သည့်အပြင် ဖျားနာသူဦးရေ လျော့ကျစေရန်လည်း လုပ်ဆောင်ပေးသွားမည်ဟု ရိုင်ယန်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှု မစတင်မီ ၁၀ လ အလိုက ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအစီအစဉ်သည် အားကောင်းနေသော်လည်း လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အနေအထားရောက်ရှိနေကြောင်း ပြောနိုင်ရန် အလွန်စောလွန်းနေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။       

Most Read

Most Recent