ရခိုင်ပြည်နယ်ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင် ဆောင်ရွက်ခဲ့မှုများအပေါ် စုံစမ်းဖော်ထုတ်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရခိုင်ပြည်နယ်ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင် ဆောင်ရွက်ခဲ့မှုများအပေါ် စုံစမ်းဖော်ထုတ်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 23 February 2021

ရခိုင်ပြည်နယ်ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင် ဆောင်ရွက်ခဲ့မှုများအပေါ် စုံစမ်းဖော်ထုတ်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ ပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင် ဆောင်ရွက်ခဲ့မှုများအပေါ် စုံစမ်းဖော်ထုတ်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်သကဲ့သို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသာ ကြည့်ပြီး တိုင်းပြည်၏ အကျိုးကိုမကြည့်ပဲ ကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို ဖော်ထုတ်အရေးယူမည် ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မရှင်ကို နိုင်ငံတကာမှ ပညာရှင် သုံးဦး၊ ပြည်တွင်းမှ ပညာရှင် ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မစ္စတာ ကိုဖီအာနန်သည် ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ထို့ပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲပေးနိုင်သော်လည်း တာဝန်အချိန်တွင် နိုင်ငံတော်အတွက်သာ ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်၊ မနှစ်သက်သည် ရှိမည်ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီကျင့်စဉ်အရ လက်ခံကြောင်း၊ သို့သော်လည်း အခြားအချိန်တွင် ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်း တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း တာဝန်ကို နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများကလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့် သောကြာနေ့တွင် စာရင်းကောက်ယူခဲ့ရာ ဆေးရုံဆေးခန်းများတွင် ဆရာဝန်များ တာဝန်ပျက်ကွက်လျက် ရှိကြောင်း၊ ဆရာဝန်များမှာ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်ပေးရသည့် ဝန်ထမ်းများ ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးကြီးသည့် ဝန်ထမ်း သုံးမျိုးရှိကြောင်း၊ ယင်းမှာ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ဖြစ်ပြီး အမြဲအဆင်သင့် ပြင်ဆင်ထားရသည့်သူများ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ ရုံ ရှိသော်လည်း ဆေးရုံဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်း မရှိသည့် ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝ ဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိသည်ကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းစာရင်းများအရ သိရကြောင်း ၎င်းက ဆိုသည်။

လူ့အသက်ထက် အရေးကြီးသည်မှာ မရှိကြောင်း၊ ထို့ကြောင့် ဆရာဝန်များနှင့် သူနာပြုများ စည်းကမ်းဖောက်ဖျက်နေမှုကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ သဘောထားအမြင်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေ၊ လူပုဂ္ဂိုလ် ကိုးကွယ်မှုများကြောင့် နိုင်ငံရေးရှုပ်ထွေးလာခဲ့မှု အခြေအနေ၊ ရုံးလုပ်ငန်းများ နှောင့်နှေးစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးမှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို နောက်ကွယ်မှ ပြုလုပ်နေသည့် အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေး စသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်သည်။